(က)-ဖာပွန်မြို့နယ်၊ကမမောင်းမြို့နှင့်လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူမြို့အကြားသံလွင်မြစ်ကိုဖြတ်၍ မြစ်ကူးကြိုး တံတားဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ (၈.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u saw tunကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊  လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသတို့သည် မိုးတွင်းကာလတွင် သွားလာရန်ခက်ခဲပြီး လှေ၊ ပဲ့ထိန်းစက်လှေများကို အသုံးပြု သွားလာရသည့် အတွက် မိုးသက်လေပြင်းကျရောက်ချိန်များတွင် လှေနှင့် သမ္ဗာန်များ နစ်မြှုပ်မှုကို ကြုံတွေ့ရပါ ကြောင်း၊ ထို့ကြောင့် ခရီးသွားလာရေး လွယ်ကူစေရန်အတွက် ကမမောင်းနှင့် မြိုင်ကြီးငူ ဆက်သွယ်မည့် ကြိုးတံတားတစ်ခု လိုအပ်လျက်ရှိသည်ကို ပထမအကြိမ် ပြည်ထောင်စု လွှတ် တော်၊ စီမံကိန်းဆွေးနွေးရာတွင် တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းဝန်ကြီးကလည်း   စီမံ ကိန်းတွင် ထည့်သွင်း၍ သက်ဆိုင်ရာဝန်ကြီးဌာနကို အကြောင်းကြားမည်ဖြစ်ကြောင်းကို သိရှိခဲ့ရပါ ကြောင်း၊ သို့ပါ၍ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် ကာလအတောအတွင်း ကမမောင်းနှင့် မြိုင်ကြီးငူ သွယ်တန်းမည့် သံလွင်ကြိုးတံတားတစ်ခု တည်ဆောက်ရန်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win khaingကရင်ပြည်နယ်အတွင်း သံလွင်မြစ် အနောက်ဘက် ကမ်းတွင် ဝါးဘိုးတော-ကမမောင်း-ဖာပွန် လမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းတွင် ဘားအံ-လှိုင်းဘွဲ့- ရွှေဂွန်း-မြိုင်ကြီးငူလမ်း၊ ဘားအံ-ရွှေဂွန်း-မြိုင်ကြီးငူလမ်းများသည် ရာသီမရွေးသွားလာနိုင်သောလမ်း များဖြစ်ပါကြောင်း၊ ဝါးဘိုးတောမှ ကမမောင်းမြို့၊ ဖာပွန်မြို့သို့လည်းကောင်း၊ ဘားအံမြို့မှ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းမြို့နှင့် မြိုင်ကြီးငူရွာများသို့လည်းကောင်း ကားလမ်းဖြင့် အလွယ်တကူ ချောမွေ့စွာသွားလာနိုင် မည်ဖြစ်ပါ ကြောင်း၊  ကားလမ်းဖြင့် သွားလာမည်ဆိုပါက သံလွင်တံတား(ဘားအံ)အား အသုံးပြု၍ အနောက် ဘက်ကမ်းတွင် ဝါးဘိုးတော-ကမမောင်းလမ်းဖြင့် ကမမောင်းမြို့သို့လည်းကောင်း၊ အရှေ့ ဘက်ကမ်းတွင် ဘားအံ-လှိုင်းဘွဲ့-မြိုင်ကြီးငူလမ်းဖြင့် မြိုင်ကြီးငူသို့လည်းကောင်း အချိန်အခါ မရွေးသွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ကမမောင်းမြို့နှင့် မြိုင်ကြီးငူသို့ သံလွင်မြစ်ကိုဖြတ်ပြီး တိုက်ရိုက်ဆက်သွယ်သွားလာရာတွင် ရေကြောင်းခရီးစက်လှေဖြင့် လက်ရှိ ဆိုင်ကယ်အစီး ၃၀ ၊ လူဦးရေ ၁၅၀ ခန့်သာ နေ့စဉ်သွားလာလျက် ရှိပါကြောင်း၊ ဖာပွန်မြို့၏  လူဦးရေ ၁၁၄၈၃၁ ယောက်၊ တစ်ဦးချင်းဝင်ငွေ ၄၃၂၈၉၀ ကျပ်၊ ကမမောင်းမြို့၏ လူဦးရေသည် ၄၅၃၇၉ ယောက်၊ တစ်ဦးချင်းဝင်ငွေ ၂၃၅၄၂၅ ကျပ်၊ မြိုင်ကြီးငူရွာ၏ လူဦးသည် ၁၄၀၀၀ ခန့်ရှိပါကြောင်း၊  ကားလမ်းဖြင့်သွားလာမည်ဆိုပါက သံလွင် တံတား(ဘားအံ)အား အသုံးပြု၍ အနောက်ဘက် ကမ်းတွင် ဝါးဘိုးတော-ကမမောင်းလမ်းဖြင့် ကမမောင်းမြို့သို့လည်းကောင်း၊ အရှေ့ဘက်ကမ်း တွင် ဘားအံ-လှိုင်းဘွဲ့-မြိုင်ကြီးငူလမ်းဖြင့် မြိုင်ကြီးငူ သို့လည်းကောင်း အချိန်အခါမရွေးသွား လာနိုင်သည့် အပြင် ကမမောင်းမြို့နှင့် မြိုင်ကြီးငူတို့အား ဆက်သွယ်ထားသော သံလွင်မြစ်ကူး တံတား တည်ဆောက်မည်ဆိုပါက ခန့်မှန်းခြေ အရှည်ပေ ၃၀၀၀ ခန့် ရှိနိုင်မည်ဖြစ်သဖြင့် အကုန်အကျများပြားဖြစ်သည့်အပြင် ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အထိ (၅)နှစ် စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း မရှိပါသဖြင့် တည်ဆောက်ရန် အစီအစဉ်မရှိ သေး ဖြေကြားပါသည်။