(ဃ)-ဆက်သွယ်ရေးအလွန်ခက်ခဲသောချင်းပြည် နယ်၊ ပလက်ဝမြို့နယ်တွင်GSMစနစ်တယ်လီဖုန်း လိုင်း တပ်ဆင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၃.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sein aungပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏တောင်ဘက် အစွန်ဆုံးကျမြို့နယ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဧရိယာစတုရန်းမိုင်ပေါင်း ၃၁၇၆ မိုင် ကျယ်ဝန်းပြီး ရပ်ကွက်/ကျေးရွာအုပ်စု ၉၆ အုပ်စု၊ ကျေးရွာပေါင်း ၃၉၅ ရွာတို့နှင့် ဖွဲ့စည်း၍ လူဦးရေအားဖြင့် ၉၆၀၆၉ ရှိသည့်အတွက် ချင်းပြည်နယ်၏ ဧရိယာအကျယ်ဝန်းနှင့် လူဦးရေအများဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ ပလက်ဝမြို့နယ်၏ လက်ရှိတယ်လီဖုန်းလိုင်းများ တပ်ဆင်ထားရှိမှု အခြေအနေမှာ ပလက်ဝမြို့ပေါ်ရှိ မြို့တွင်းဆက်သွယ် အသုံးပြုနိုင်သည့် အော်တိုကြိုးဖုန်းလိုင်းနှင့် ပလက်ဝမြို့မှမြို့နယ် ပြင်ပသို့ဆက်သွယ်နိုင်သော CDMA 450 စနစ် တယ်လီဖုန်းလိုင်းဖြင့် တပ်ဆင်ထားလျက်ရှိပါကြောင်း၊ မြို့နယ်အတွင်းကျေးရွာများနှင့် ဆက်သွယ်နိုင်သည့် တယ်လီဖုန်းလိုင်းကို ယခုအချိန်အထိ တပ်ဆင်နိုင်ခြင်း မရှိသည့်အတွက် မြို့နယ်အတွင်း နေထိုင်သော ပြည်သူများနှင်‌့ ကျေးရွာအသီးသီးရှိ တာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများအတွက် ဆက်သွယ်ရန် အခက်အခဲများ ကြုံတွေ့ကြရပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးလက် သို့မဟုတ် ဒေသတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း ကွာဟမှုနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရန် နိုင်ငံတော်အနေဖြင့် ရည်မှန်းဦးတည်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်စပ်ဒေသဖြစ်ပြီး ဆက်သွယ်ရေးအလွန်ခက်ခဲသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အများပြည်သူများအတွက် အဆင်‌ပြေစေမည့် GSM စနစ် တယ်လီဖုန်းလိုင်း တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin maungပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန့်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် GSM စခန်း (၆)ခုကို တည်ဆောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမ ပလက်ဝအော်တို အိတ်ချိန်းဝန်းရှိပါကြောင်း၊ ၎င်းတို့ထဲတွင် မိုက္ကရိုစခန်းတွင်ရှိသည့် တာဝါတိုင်ဆိုဒ်အမှတ် (CHN 00111) တွင် GSM စနစ်ရရှိရန်အတွက် စက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ဆက်ကြောင်းချိတ်ဆက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လကုန်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ပလက်ဝမြို့နယ်၊ ထရွန်အိုင်ရွာ ဆိုဒ်အမှတ် (CHN 00067) တွင် မြေနေရာရရှိပြီး Survey ပြုလုပ်ပြီးဖြစ်ပါကြောင်း၊  Site Design ကို အတည်ပြုခြင်း၊ တာဝါတိုင်တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့်ဆက်ကြောင်း ချိတ်ဆက်ခြင်းတို့ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ပြီးစီးမှာဖြစ်ပါကြောင်း၊ ပလက်ဝမြို့နယ်၊ ငမြောင်းသောင်ရွာ ဆိုဒ်အမှတ် (CHN 00071) တွင် မြေနေရာရရှိပြီး Site Design အတည်ပြုပြီးဖြစ်ပါကြောင်း၊ တာဝါတည်ဆောက်ခြင်း၊ စက်ပစ္စည်းတပ်ဆင်ခြင်းနှင့် ဆက်ကြောင်းချိတ်ဆက်ခြင်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ပလက်ဝမြို့နယ်၊ အလင်ဝရွာ ဆိုဒ်အမှတ် (CHN 00070) တွင် မြေနေရာရရှိပြီး Site Design အတည်ပြုပြီးဖြစ်ပါကြောင်း၊ အားလုံး တာဝါတည်ဆောက်ခြင်း၊ စက်ပစ္စည်းတပ်ဆင်ခြင်းနှင့် ဆက်ကြောင်းချိတ်ခြင်းများကို  ၂၀၁၇ ခုနှစ်၊ မတ်လကုန်တွင် ပြီးမည်ဖြစ်ပါကြောင်း၊ ပလက်ဝမြို့နယ် တုံးမဝရွာဆိုဒ်အမှတ် (CHN 00078) သည်လည်း ၂၀၁၇ ခုနှစ်၊ မတ်လကုန်တွင် ပြီးမည်ဖြစ်ပါကြောင်း၊ ကုလားတန်မြစ်အနီး ဆိုဒ်အမှတ် (CHN 00122) အတွက် မြေနေရာရှာဖွေဆဲ ဖြစ်ပါကြောင်း၊ မြေနေရာရရှိပြီး Survey ပြုလုပ်ခြင်း၊ Site Design များ အတည်ပြုပြီး ၂၀၁၇ ခုနှစ်၊ မတ်လတွင် စုစုပေါင်း MPT (၆) ခုပြီးစီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ Telenor အနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် GSM စနစ်ရရှိစေရန်အတွက် ပလက်ဝမြို့ပေါ်တွင် ဆိုဒ်အမှတ် (CH 0101) နှင့် (CH 0199)၊ ခဝဲရွာတွင် (CH 0073) တာဝါတိုင်သုံးခုအား တည်ဆောက်ရန်ရှိပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အော်ရီဒူးအနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြို့မရပ်ကွက် ဆိုဒ်အမှတ် (CHW 3065) တွင် တာဝါတိုင်တစ်တိုင်၊ ဆမီးရွာတွင်ဆိုဒ်အမှတ် (CHW 306) တွင် တာဝါတိုင်တစ်တိုင်၊ ဘောင်ကူးဝရွာတွင် ဆိုဒ်အမှတ် (CHW 3060) ၌ တာဝါတိုင်တစ်တိုင် စုစုပေါင်း တာဝါတိုင်သုံးတိုင်ကို တည်ဆောက်နေပါကြောင်း၊  ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကျဉ်းချုပ်အနေဖြင့် ပြောမည်ဆိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်(၆)တိုင်၊ စခန်းခြောက်ခု ဖွင့်သည့် အခါတွင် ဇွန်လတွင် (၁) ခုနှင့် ဒီဇင်ဘာလတွင် (၂)ခု၊ ၂၀၁၇ မတ်လတွင် (၃)ခု ပြီးမည်ဖြစ်ပါကြောင်းနှင့် Telenor (၃) နှင့် Ooredoo (၃) တို့သည် ၂၀၁၆ ဒီဇင်ဘာလကုန်တွင် ပြီးမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဝေးလံခေါင်းပါးသည့် နယ်စပ်ဒေသများကို ဆက်သွယ်မှုရရှိအောင် ကြိုးစားဆောင်ရွက် တိုက်တွန်းလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်နေရာတွင် တာဝါတိုင်များနှင့်  မြေနေရာမရရှိ သည့် နေရာအတွက် အခက်အခဲရှိသည်ဟု သိရှိရပါကြောင်း၊ တာဝါတိုင်တည်ဆောက်မည်ဆိုပါက မြေသားများကိုစမ်းသပ် တွက်ချက်ပြီးမှ တည်ဆောက်ခွင့် ပေးသည့်အတွက်ကြောင့် အခက်အခဲမရှိနိုင်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။