(ခ)-ပန်းတောင်းမြို့နယ်မှခရိုင်မြို့(ပြည်မြို့)သို့ဆက် သွယ်ပေးနိုင်မည့်ယာဉ်များစီစဉ်ဆောင်ရွက်ရန်နှင့် အဝေးပြေးကားများ ဝင်ရောက်နိုင်ရန်လမ်းများနှင့် ကားဂိတ်များဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၃.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin hnin thit၁၉၉၇ ခုနှစ် နဝဒေးတံတားဆောက်လုပ်ပြီးချိန်မှစပြီး ပန်းတောင်းမြို့သည် ဧရာဝတီမြစ်ဘေးမှ သီးခြားမြို့လေးတစ်မြို့အဖြစ်သို့ ရောက်ရှိခဲ့ပါကြောင်း၊ မြို့နယ်ချင်းဆက်သွယ်ရန် ပုံမှန်ပြေးဆွဲသည့် ကားလိုင်းများမရှိသကဲ့သို့  အနီးစပ်ဆုံး မှီခိုအားထားနေရသည် ပြည်မြို့သို့ သွားလာရန်လည်း မနက် ၈ နာရီအထိသာ ကားများရှိပါကြောင်း၊ ဆိုင်ကယ်များ အသုံးပြုခြင်းဖြင့်  ကုန်ကျစရိတ်များပြားခြင်း၊ လူနေမှုစရိတ်များ ကြီးမြင့်နေခြင်း၊ တစ်နှစ်ထက်တစ်နှစ် ယာဉ်တိုက်မှုများ  ပိုမို တွေ့ကြုံနေရပါကြောင်း၊  ပန်းတောင်းမြို့သည် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဆက်စပ်နေသည့် မြို့ဖြစ်သော်လည်း မည်သည့် အဝေးပြေးကားများ မြို့ထဲသို့ ပြေးဆွဲခြင်းမရှိသကဲ့သို့ မြို့ထဲသို့ ဝင်ရောက်ပြေးဆွဲရန် လမ်းလည်းမရှိပါကြောင်း၊ ထို့ကြောင့် ပန်းတောင်းမြို့ ဆက်သွယ်ရေးသည် အလွန်ခက်ခဲပြီး ဖွံ့ဖြိုးမှုလည်း မရှိသည့်ကျေးရွာ တစ်ရွာကဲ့သို့ဖြစ်နေသည့်အတွက် ပန်းတောင်းမြို့နယ်မှ ပြည်မြို့သို့လည်းကောင်း၊ အဝေးပြေးကားများ ဝင်ရောက်နိုင်ရန် လမ်းများနှင့် ကားဂိတ်များ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin maungယခုအချိန်တွင် ပန်းတောင်းမြို့နယ်မှ ပြည်မြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်း သုံးလိုင်း ပြေးဆွဲလျက်ရှိပါကြောင်း၊ ပန်းတောင်းမြို့နယ် မော်တော်ယာဉ်အသင်း အတွင်းလမ်း ဥသျှစ်ပင်-ပန်းတောင်း-ပြည်ခရီးစဉ်ကို မော်တော်ယာဉ် ၂၂ စီး အသုံးပြု၍ နေ့စဉ် နံနက် ၅:၂၀ မှ ညနေ ၁၄:၃၀ အထိ မိနစ် ၃၀ ခြား တစ်စီးနှုန်းဖြင့်လည်းကောင်း၊ ရွှေပြည်စိုး မော်တော်ယာဉ် အသင်းက ဥသျှစ်ပင်-ပန်းတောင်း-ပြည်ခရီးစဉ်ကို အပြင်လမ်းမှ မော်တော်ယာဉ် အင်အားအစီး ၂၀ အသုံးပြု၍ နေ့စဉ်နံနက် ၅ နာရီမှ ၁၀:၃၀ အထိလည်းကောင်း၊ ဧရာမင်းမော်တော်ယာဉ် အသင်းက ပန်းတောင်း-ဆင်တဲ-ပြည်ခရီးစဉ်ကို အတွင်းလမ်းမှ ယာဉ်အင်အား ၇ စီး အသုံးပြု၍ နေ့စဉ် ၅ နာရီမှ ၁၁ နာရီအထိ ၄၅ မိနစ်ခြား တစ်စီးနှုန်းဖြင့်လည်းကောင်း ပြေးဆွဲလျက်ရှိပါကြောင်း၊

ပန်းတောင်းမြို့နယ်တွင် အဝေးပြေးကားအနေဖြင့်  ဥသျှစ်ပင်-ပန်းတောင်း-ပြည်-ရန်ကုန်ကို  မျိုးဆက်သစ်အဝေးပြေး ယာဉ်တစ်စီးသာ နေ့စဉ်ပြေးဆွဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် ပန်းတောင်း မြို့နယ်မှ ပြည်မြို့နှင့် ရန်ကုန်မြို့သို့ ယာဉ်များဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရွှေပြည်စိုး ယာဉ်လိုင်းအသင်းမှ မော်တော်ယာဉ်များအနေဖြင့် ကျေးရွာအလိုက် ဂိတ်များနှင့် ပြည်မြို့၊ ဈေးကြီးနာရီစင်တွင် ဂိတ်များဖွင့်လှစ်၍ နေ့စဉ်ခရီးသည်နှင့် ကုန်စည်များကို ပို့ဆောင် ပေးလျက်ရှိပါကြောင်း၊

ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများသည် ပြေးဆွဲလိုသည့် ခရီးစဉ်အလိုက် တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနကို လျှောက်ထားနိုင်ပါကြောင်း၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုဌာနအနေဖြင့် ခရီးသည်တင် မော်တော်ယာဉ် လိုင်းများပြေးဆွဲခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခြင်း၊ လျှောက်ထားသည့် ခရီးစဉ်နှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်ကို သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုကော်မတီနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ သဘောထားမှတ်ချက်နှင့်အတူ တိုင်းဒေသကြီးကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ဝန်ကြီးချုပ်ဆီကို ဆက်လက်တင်ပြရပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ  ပုဂ္ဂလိကယာဉ်လိုင်းများကို ခရီးစဉ်အရ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြည်ခရိုင်တွင် ၂၀၁၆ ခုနှစ်၊ ဧပြီလကုန်အထိ ယာဉ်လိုင်းပေါင်း ၄၁ လိုင်း၏ တိုင်းတွင်း/တိုင်းကျော် ပြေးဆွဲသည့် ခရီးစဉ်ပေါင်း ၅၉ ခုကို ခွင့်ပြုထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ခင်နှင်းသစ်(ပန်းတောင်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 ပန်တောင်းမြို့နယ်တွင် ယာဉ်လိုင်းများပြေးဆွဲနေသည်ကို မိမိပင်သိရှိခြင်းမရှိပါကြောင်း၊ ထို့ကြောင့် နှစ်ပေါင်းများစွာ လမ်းပန်းဆက်သွယ်ရေးချောမွေ့အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခုလို ကားလိုင်းများကို ကားဂိတ်များ သတ်မှတ်ပေးခြင်း ရှိ/မရှိ၊ သို့မဟုတ် ကားလိုင်းများ ပြေးဆွဲသည့်အချိန်ကို ပြည်သူများသိရှိအောင် ဆောင်ရွက်ပေးခြင်း ရှိ/မရှိ ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်

ကျေးရွာအုပ်စုများအနေဖြင့် မိမိအစီအစဉ်အနေဖြင့် ဂိတ်များဖွင့်လှစ်၍ ပြေးဆွဲနေကြောင်းကို  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြချက်အရ ဖြေကြားခဲ့ပါကြောင်း၊ သို့သော် အခြားဂိတ်များ ထပ်မံဖွင့်လှစ်ရန်နှင့် ပြည်သူလူထုကို ကြေညာရန် လိုအပ်သည်ဆိုပါက မိမိတို့အနေဖြင့်  ထပ်မံကြေညာသွားရန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ ပို့ဆောင်ရေး၊ စီမံကိန်း ဦးစီးဌာနတို့ကို  ညွှန်ကြားပြီး  ပြည်သူလူထုကို အသိပေးရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။