မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုင်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် တစ်ပိုင်တစ်နိုင် ရေနံလက်ယက်တွင်းများ ပုဂ္ဂလိကပိုင် တူးဖော်ခဲ့ကြပြီး အဆိုပါနေရာများတွင်ကုမ္ပဏီများမှ နေရာများ၊ လုပ်ကွက်များရရှိအောင် တိုင်းဒေသကြီး အစိုးရသို့ လျှောက်ထားရာတွင် အဆိုပါနေရာများအတွက် တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေကောက်ခံခြင်း၊ တူးဖော်ရရှိ၍ ထွက်ရှိလာသော ရေနံများကို သယ်ယူပို့ဆောင်ရာတွင် တစ်ပေပါကို ၆၀၀၀ ကျပ်နှုန်းဖြင့် ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ကောက်ခံခဲ့ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုတင်ပြချက်များသည် မြိုင်မြို့နယ်၊ ဝယ်ထောင်ကျေးရွာအုပ်စုမှ ၂၀၁၃-၁၄-၁၅ တို့တွင် ကောက်ခံခဲ့သော ငွေကြေးကိန်းဂဏန်း အချက်အလက်သာ ဖြစ်ပါကြောင်း၊ နောက်ဆုံး ၂၀၁၅ ခုနှစ် မြိုင်မြို့နယ် ဝယ်တောင် ကျေးရွာအုပ်စု ရေနံလုပ်ကွက်မှ ကောက်ခံခဲ့ရာ ပေပါ ၁၅၈၀၀ အတွက် ရရှိငွေ ၉၄၈၀၆၀၀၀ ကျပ် ကောက်ခံရရှိသော်လည်း အမှန်တစ်ကယ် တိုင်းဒေသကြီးအစိုးရအား ပေးသွင်းသည်မှာ ၇၇၆၀၀၀ ကျပ်သာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် အမှန်တစ်ကယ်ကောက်ခံရရှိခဲ့သော ကျပ်သန်း ၂၈၀၀ အား တိုင်းဒေသကြီးအစိုးရထံ ပေးသွင်းပါက မကွေးတိုင်းဒေသကြီးအတွက် အလွန်အကျိုးရှိမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ၏ အားနည်းမှုများရှိခဲ့လျှင် ပြည်ထောင်စုအစိုးရမှ ကူညီပံ့ပိုးပေးနိုင်ရန် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၂၈၀၀ ကို ယခင်တိုင်းဒေသကြီးအစိုးရမှ ယခုတိုင်းဒေသကြီး အစိုးရသစ်သို့ လွှဲ/မလွှဲနှင့် လွှဲပြောင်းကောက်ခံရရှိသော ဖွံ့ဖြိုးရေးရန်ပုံငွေများအား မည်သည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးအစားများတွင် လုပ်ကိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခင်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို ၃၀-၃-၂၀၁၆ ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အစိုးရအဖွဲ့အသစ်၏ လုပ်ငန်းတာဝန်များကို စတင်ထမ်းဆောင် ခဲ့ပါကြောင်း၊ ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့သည့် ငွေကျပ် ၂.၈ ဘီလီယံ ခန့်နှင့် ပတ်သက်၍ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထည့်ဝင် ခဲ့ရမှုရှိသည်ကို သိရှိရပါကြောင်း၊ ယခင်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေမည်မျှရရှိ၍ မည်ကဲ့သို့သုံးစွဲခဲ့သည်ကို ယခုအချိန်ထိ မသိရှိရသေးပါကြောင်း၊ အသေးစိတ်ခိုင်လုံသော အချက်အလက်များရရှိရေး ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းတွင် တစ်စုံတစ်ရာဖော်ပြထားခြင်း မရှိပါကြောင်းနှင့် အဆိုပါရေနံလက်ယက်တွင်း လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထည့်ဝင်ခဲ့သည့် ငွေကြေးနှင့် စာရင်းဇယားတို့ကို လွှဲအပ်ခဲ့ခြင်း မရှိပါသဖြင့် အဆိုပါထည့်ဝင်ငွေများနှင့် ပတ်သက်၍မည်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုမျှ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးထွန်းထွန်း(ပွင့်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခုအချိန်တွင် ရေနံလက်ယက်တွင်းများ ဆက်လက် တူးဖော်မည်ဖြစ်ပါကြောင်း၊ တူးဖော်သည့်နေရာတွင် ဖွံ့ဖြိုးရေးရန်ပုံငွေများ ဆက်လက်ကောက်ခံရန် ရှိ/မရှိ၊ ရှိခဲ့လျှင်လည်း မည်သို့မည်ပုံ သုံးစွဲမည်ကိုလည်း သိရှိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံလက်ယက်တွင်းတူးဖော်ခြင်း လုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့် ပါမစ်များချပေးသည့်အခါတွင် မိမိတို့က မည်သည့်ရန်ပုံငွေမှလည်း ကောက်ယူခြင်းမရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၏ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် အခွန်ရုံးတွင် ထမ်းဆောင်ရခြင်းဖြစ်ပါကြောင်း၊ ယခုကောက်ခံသည်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ပါကြောင်း၊ သို့သော် တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အသစ် အနေနှင့် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုသည်ကို ဆက်သွယ်မေးမြန်းပြီး ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားပါသည်။
