မေးခွန်း အကြောင်းအရာ
မိမိအနေဖြင့် လောပိတကျေးရွာ အုပ် စုနှင့်မထောခုကျေးရွာအုပ်စုများတွင် မီးလင်းမှုရရှိသည့်အချိန်သည် Power Point ဖြင့်ပြသထားပါကြောင်း၊ ပါဝါမီတာတစ်ခုတည်းကို အသုံးပြု၍ ရွာများကိုစုပေါင်း၍ လည်းကောင်း၊ အိမ်ခြေများကို စုပေါင်း၍လည်းကောင်း လျှပ်စစ်မီးအသုံးပြုရန် ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ဓာတ်တိုင်များသည် လည်းလောပိတစက်ရုံတည်ဆောက်စဉ်ကပင် အသုံးပြုသည့် ဓာတ်တိုင်များဖြစ် သည့်အတွက် ဆွေးမြေ့ပြီးအန္တရာယ် ဖြစ်နိုင်ပါသောကြောင်း၊ ဘီးလူးချောင်းဓာတ်အားပေးစက်ရုံသည် မြန်မာတစ်နိုင်ငံလုံးနီးပါးကို ၁၉၆၀ ခုနှစ်မှစပြီး ယခုထိ နှစ်ပေါင်း ၅၆ နှစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခြင်းဖြစ်သော်လည်း ရွာတိုင်းတွင် လျှပ်စစ်မီး ပြည့်စုံစွာမရသည့်အပြင် ရွာနှစ်ရွာ၊ အိမ်ခြေ ၁၅၆ လုံးကို ပါဝါမီတာ တစ်လုံး၊ ရွာတစ်ရွာ၊ အိမ်ခြေ ၁၀၆ လုံးကို ပါဝါမီတာတစ်လုံး၊ ရွာတစ်ရွာ၊ အိမ်ခြေ ၈၂ လုံးကို ပါဝါမီတာ တစ်လုံးစသည်ဖြင့် သုံးစွဲခွင့်ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးလင်းစာရင်း ဝင်နေသော်လည်း အမည်ခံသာဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ မရရှိခြင်းကြောင့် လျှပ်စစ်ပစ္စည်းများ သုံးစွဲနိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် လောပိတကျေးရွာအုပ်စုနှင့် မထောခု ကျေးရွာအုပ်စုများတွင် လျှပ်စစ်မီးရရှိရန်နှင့် သစ်သားဓာတ်တိုင်များကို ကွန်ကရစ် ဓာတ်တိုင်များဖြင့် အစားထိုးပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောင်ရွက်မည်ဆိုပါက မည်သို့ဆောင်ရွက်မည်၊ ဆောင်ရွက်နိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဘီလူးချောင်းဓာတ်အားပေး စက်ရုံအနီးလောပိတ ကျေးရွာအုပ်စု၏ ကျေးရွာ ၁၉ ရွာနှင့် မထောခုကျေးရွာ အုပ်စုရှိကျေးရွာ ၉ ရွာကို ၁၉၆၀ ခုနှစ်မှစပြီး ဓာတ်အားပေးလျက်ရှိသော်လည်း ထပ်မံတိုးတက်လာ အိမ်ထောင်စုနှင့် တိုးချဲ့နေရာများအတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂၇၉၆၀ ပေ တိုးချဲ့တည်ဆောက်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဇရပ်ဖြူနှင့်ရေနီကန်ကျေးရွာ ၂ ရွာအတွက် ၄၀၀ ဗို့ဓာတ်အားလိုင်း ၉၇၆၀ ပေ တိုးချဲ့တည်ဆောက်ရန် ပြည်နယ်အစိုးရဘတ်ဂျက်တွင် လျာထားပြီး တင်ဒါခေါ်ဆိုရန် စီစဉ်လျက်ရှိပါကြောင်း၊ ကျန်ရှိနေ သည့် ကျေးရွာများအတွက် ၄၀၀ ဗို့လိုင်း ၁၈၂၀၀ ပေဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာများအတွင်းရှိ ဓာတ်အားလိုင်းများမှာ သစ်သားတိုင် ၂၃၁ တိုင်ကို ကွန်ကရစ်တိုင်များနှင့် အစားထိုး လဲလှယ်ခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ သစ်သားတိုင် ၅၈၃ တိုင် အသစ်အစားထိုး လဲလှယ်ရန် ကျန်ရှိနေ ပါကြောင်း၊ တိုးချဲ့တည်ဆောက်ရန်အတွက်လည်း ၄၀၀ ဗို့လိုင်း ၁၈၂၀၀ ပေနှင့် အစားထိုးလဲလှယ်ရန် သစ်သားတိုင် ၅၈၃ တို့အား ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ ဆောင်ရွက်သွားရန် ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်းနှင့် နှစ်အလိုက်ဘတ်ဂျက် ရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင် ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
