မေးခွန်း အကြောင်းအရာ
မိမိတို့ဘားအံမြို့နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်တွင်တည်ရှိပြီး ထိုင်းနိုင်ငံ၏ နယ်စပ်ကိုသွားလာရေး လွယ်ကူသည့် မြို့နယ်လည်းဖြစ်ပါကြောင်း၊ ဘားအံမြို့နယ်၏ လူဦးရေသည် ၃၇၀၀၀၀ ကျော်ရှိပြီး အသက် ၁၈ နှစ် အထက်များမှာ ၂၃၀၀၀၀ ကျော်ရှိပါကြောင်း၊ မြို့၏အိမ်ခြေ ၉၃၃၈၊ အိမ်ထောင်စုရပ်ကွက်က ၉၃၇၀ နှင့် ၉ ရပ်ကွက်ရှိပါကြောင်း၊ ကျေးလက်နေအိမ်ခြေမှာ ၅၆၀၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၆၁၀၀၀ ကျော်ရှိပါကြောင်း၊ ကျေးရွာအုပ်စု ၉၁ အုပ်စုနှင့် ကျေးရွာပေါင်း ၄၇၄ ရွာရှိသည့် မြို့နယ်လည်းဖြစ်ပါကြောင်း၊ ဘားအံမြို့နယ်ရှိ ကျေးလက်တောရွာများတွင် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် ပြည်သူလူထုများမှာ ၉၀ ရာခိုင်နှုန်းခန့်ရှိနေပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားများအားလုံးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အမြန်ဆုံးရရှိရေးအတွက် တစ်နိုင်ငံလုံးကွင်းဆင်းပြီး ပွင့်လင်းမြင်သာစွာဖြင့် One Stop Service စနစ်ကိုအသုံးပြုပြီး မိုးပွင့်စီမံချက်နှင့် လျင်မြန်စွာဆောင်ရွက် ပေးခဲ့သည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ဘားအံမြို့နယ် တွင်ရှိသည့် ကျေးရွာ များမှပြည်သူများသည် မြို့နယ် လ.ဝ.ကရုံးကို နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသော လူဦးရေများနှင့်တကွ တင်ပြခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါကြောင်း၊ မြို့နယ်လ.ဝ.ကရုံးကို ဆက်သွယ်မေးမြန်းသော့လည်း ရက်ချိန်းပေး၍ အကြောင်းအမျိုးမျိုးပြခြင်းကြောင့် လာရောက်မေးမြန်း စုံစမ်းလာသူများသည် ခရီးစရိတ်ကုန်၊ အချိန်ကုန်၊ အကျိုးသက်ရောက်မှုမရှိဘဲ ဖြစ်နေခဲ့ပါကြောင်း၊ ဘားအံမြို့နယ်ရှိ ကျေးလက်ပြည်သူများသည် လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် လူမှုစီးပွားဘဝကိုမျှော်လင့်ပြီး ပြည်တွင်း/ပြည်ပသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြရသူ အများအပြားရှိပါကြောင်း၊ ယခုလို ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကြသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ မရှိကြသူများသောကြောင့် ဘားအံမြို့နယ် ရှိ ကျေးလက်ပြည်သူ များ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကြသူများ အပါအဝင် နိုင်ငံသားတိုင်းအပေါ် သက်သာသောစရိတ် နှုန်းထားများနှင့်တပြေးညီ ဆောင်ရွက်ပေးရန်နှင့် ကြပ်မတ်ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိဟုဆိုပါက အဘယ်ကြောင့်နည်းစသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိုးပွင့်စီမံချက်များနှင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့်နေရာတွင် ကရင်ပြည်နယ်အတွင်း ၃၁-၁၂-၂၀၁၅ ရက်နေ့အထိ အိမ်ထောင်စု ၂၅၆၄၃ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၃၂၉၂၀၀ ဦးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မိုးပွင့်စီမံချက်နှင့် ဆောင်ရွက်ပေးနေစဉ်ကာလတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နော်ဝေဒုက္ခသည်ဆိုင်ရာ ကောင်စီ Norwegian Refugee Council (NRC)မှ ဝန်ကြီးဌာနနှင့် သဘောတူ စာချွန်လွှာ LOA လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် ၅-၆-၂၀၁၂ ရက်နေ့မှစတင်ပြီး ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများကို စာရွက်စာတမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ ပြည်သူတစ်ဦးချင်း စိုက်ထုတ်ကုန်ကျရမည့် သတ်မှတ်ငွေများကို (NRC) က ပံ့ပိုးကူညီပြီး ပြည်သူများကို အခမဲ့ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ (NRC)အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၅-၆-၂၀၁၂ ရက်နေ့မှ ၁၉-၅-၂၀၁၆ ရက်နေ့အထိ ကရင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၉၄၇၄၄ ဦးအား အခမဲ့ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကရင်ပြည်နယ်အတွင်းမှာရှိ မြို့နယ်ကိုးမြို့နယ်နှင့် (NRC) ၏ ပံ့ပိုးကူညီမှုဖြင့် တစ်လလျှင် အနည်းဆုံး တစ်ကြိမ်နှုန်း မြို့နယ်အဆင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ကျေးရွာတာဝန်ရှိသူများ၏ ဖိတ်ခေါ်မှုအရလည်းကောင်း၊ ကျေးရွာ အရောက်လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘားအံမြို့နယ်အနေဖြင့် ရပ်ကွက် (၉) ခု ကျေးရွာအုပ်စု ၉၁ အုပ်စု၊ ကျေးရွာပေါင်း၄၇၈ ရွာနှင့် ဖွဲ့စည်းထားပြီး ၁-၇-၂၀၁၁ ရက်နေ့ မိုးပွင့်အဆင့်တစ် စတင်ချိန်မှစတင်ပြီး ၃၁-၁၂-၂၀၁၅ ရက်နေ့အထိ အိမ်ထောင်စု ၁၅၀၀၀ စုကို အိမ်ထောင်စာရင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၇၂၁၂၂ ခု ထုတ်ပေးခဲ့ပါကြောင်း၊ ကျေးရွာပေါင်း ၄၇၈ ရွာကို ၃၈၇ ကြိမ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိုးပွင့်စီမံချက်များ ပြီးစီးသော်လည်း နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၁-၁-၂၀၁၆ ရက်နေ့မှစပြီး ၁၆-၅-၂၀၁၆ ရက်နေ့အထိ ဘားအံမြို့နယ်အတွင်း အိမ်ထောင်စု ၂၃၀၀ စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား စုစုပေါင်း ၉၆၇၈ ဦးထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး One Stop Service နှင့်ပြည်သူများကို ဘားအံမြို့နယ်အတွင်းတွင် အိမ်ထောင်စုစာရင်း များပြုလုပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား များဆောင်ရွက်ခြင်းများကို အခမဲ့ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်လင်းဖြေကြားပါသည်။
