ဆိပ်ကြီးချောင်းသည် မိုးရာသီတွင် ရေလျှိုစိုးမိုးပြီး ဆောင်းနှင့် နွေရာသီများတွင် ဆားငန်ရေဝင်ရောက်စီးဆင်းမှု ကြောင့် အဆိုပါချောင်းနံဘေးတွင် တည်ရှိနေသည့် ကျေးရွာပေါင်း ၁၂ ရွာတို့မှာ ရေတိုက်စားသည့်အတွက် ကန်ဘောင်ပြိုကျခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းတိုက်ခိုက်ခြင်းတို့ကြောင့် ဒီရေတက်သည့်အတွက် လယ်မြေများ ဆားငန်ရေဝင်ရောက်ကာပျက်စီးခြင်း၊ စပါးသီးနှံအထွက်နှုန်း ကျဆင်းခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ ထို့အပြင် ဆိပ်ကြီးချောင်းအနီးရှိ ညောင်ပင်လှကျေးရွာ၊ လုံးတင်ကျေးရွာနှင့် ပြာပင်ရင်းကျေးရွာရှိ အိမ်ခြေအားလုံးသည် ဒီရေရောက်ရှိဖုံးလွှမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ ရသေ့တောင်မြို့နယ် မေယုမြစ် အနောက်ဘက်အခြမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် ရသေ့တောင်မြို့နယ်သို့ သွားလာရန် စံချိန်စံညွှန်းမီသည့် မြေသားလမ်း၊ ကျောက်ချောလမ်းများ ဖောက်လုပ်ပြီးဖြစ်သော်လည်း ဤချောင်း ခြားထားသည့် အတွက်ကြောင့် ကား၊ စက်ဘီး၊ ဆိုင်ကယ်များဖြင့် သွားလာရာတွင် အခက်အခဲကြုံတွေ့ နေရပါကြောင်း၊ ၎င်း ဆည် တည်ဆောက်ပေး မည်ဆိုပါက ကျေးရွာများရေနစ်မြုပ်မှု၊ ကမ်းပါးပြိုကျဒဏ်များ လျော့နည်းပပျောက် သွားနိုင်ပြီး ဒီရေရောက်တောများ ဒီရေရောက်ရှိပြီး စပါးစိုက်ခင်းများပျက်စီးသဖြင့် စိုက်ပျိုးခြင်းမရှိဘဲ အားလပ်လယ်ယာမြေ များကို စိုက်ပျိုးမြေအဖြစ် ပြန်လည်တိုးချဲ့ နိုင်လာသည့်အပြင် ဆားငန်ရေကြောင့် အထွက်နှုန်း ကျဆင်းနေသည့် လယ်ယာမြေများ အထွက်နှုန်း ပြန်လည်တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မေယုတောင်မှ မိုးရာသီအတွင်း စီးဆင်းလာသည့် နှုန်းမြေများလယ်ထဲသို့ စီးဆင်းဝင် ရောက်လာနိုင်သည့်အတွက် မြေဆီလွှာတိုးတက် ဖြစ်ထွန်းမှုကိုလည်း ဖြစ်စေခြင်းအပြင် ကျေးရွာပေါင်း ၁၄ ရွာအတွင်း ဒီရေရောက်တော မြေလွတ်မြေရိုင်းများနှင့် အားလပ်မြေ ၁၆၀၀ ဧကကို စိုက်ပျိုးမြေအဖြစ် တိုးတက်ပြောင်းလဲလာနိုင်ပြီး လယ်မြေဧက ၁၃၇၀ ကို ဆောင်းသီးနှံအဖြစ် တိုးတက်စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ပြီး စုစုပေါင်းစိုက်ပျိုးဧက မြေဧရိယာ ၈၀၁၀ တိုးတက် လုပ်ကိုင်လာနိုင်မည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဒဆည်ကိုတည်ဆောက်ပေးနိုင်မည်ဆိုပါက ကျေးရွာများရေနစ်မြုပ်ခြင်း၊ ကမ်းပါး ပြိုကျ၍ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်းများကို ကာကွယ်ပေးနိုင်မည့်အပြင် စိုက်ပျိုးမြေများ တိုးတက်ဖြစ်ထွန်းစေခြင်း၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ထားပြီဖြစ်သော်လည်း ချောင်းခြားထားမှုများကြောင့် ကူးလူးသွားလာမှုကို အဟန့်အတား ဖြစ်နေသည့် ကျေးရွာများတွင် ပိုမိုတိုးတက်ကောင်းမွန် လာစေသည့်အတွက်ကြောင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆည်ရေမွေးတင်မှု လျော့ချရေးတို့ကို အဓိကအထောက် အကူပြုနိုင်သည့်အတွက် ဒီဆိပ်ကြီးဆည်နဲ့ ရေပိုလွှဲတည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆိပ်ကြီးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ စူးစမ်းလေ့လာခဲ့ရာ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်အနေအထားအရ တမံရေဝပ်ဧရိယာ နည်းပါးလွန်းခြင်းနှင့် တမံတည်ဆောက်မည့် နေရာ၏ အထက်ဘက်ရှိ ကျေးရွာအချို့နှင့် စိုက်ပျိုးမြေဧရိယာများ ရေနစ်မြုပ်နိုင်ခြင်း၊ တမံ တည်ဆောက်မည့် နေရာအထိ ဒီရေအတက်အကျရှိခြင်းတို့ကြောင့် ရေလှောင်တမံ တည်ဆောက်ရန် မသင့်လျော်ပါကြောင်း၊
ဆိပ်ကြီးချောင်းအတွင်းသို့ ပင်လယ်ဒီရေဖြစ်သည့် ဆားငန်ရေဝင်ရောက်မှုကြောင့် ချောင်းဘေးဝဲယာရှိ ကျေးရွာပေါင်း ၁၄ ရွာမှ လက်ရှိစိုက်ပျိုးမြေဧက ၅၀၃၀ ခန့်နှင့် မြေလွတ်မြေရိုင်းနှင့် ပလပ်မြေ ၁၆၁၀ ဧက စုစုပေါင်း ၆၆၄၀ ဧကတို့အား ဆားငန်ရေဝင်ရောက်ပြီး ပျက်စီးဆုံးရှုံးခြင်း၊ အထက်ပါကျေးရွာပေါင်း ၁၄ ရွာအနက်မှ ညောင်ပင်လှ၊ လုံးတင်နှင့် ပြာပင်ရင်းကျေးရွာတို့မှ အိမ်ခြေများ ဒီရေဖုံးလွှမ်းမှု ကြုံတွေ့ရခြင်းနှင့် ဒီရေဝင်ရောက်မှုကြောင့် ကမ်းပါးပြိုကျပြီး လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်း စသည်တို့ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဆိပ်ကြီးချောင်းဝအနီးတွင် ရေထိန်းတံခါးနှင့် ရေငန်တားတာ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ရာ လိုအပ်သည့် စူးစမ်းလေ့လာတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး စူးစမ်းလေ့လာမှုများအရ ဖြစ်မြောက်နိုင်စွမ်းရှိပါက ခန့်မှန်းကုန်ကျငွေ တွက်ချက် တင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
ထို့အပြင် ဘူးသီးတောင်၊ မောင်းတောနှင့် ရသေ့တောင်မြို့နယ်များမှ ဒေသခံပြည်သူများ ကူးလူး ဆက်သွယ်သွားလာရာတွင် အခက်အခဲဖြစ်ပေါ်နေသည့် ကိစ္စနှင့်ပတ်သက်၍ ဆိပ်ကြီးချောင်းကူးတံတား တည်ဆောက်ပေးရမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းတည်ဆောက် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြပြီး ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
