(ခ)-ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်၊ မခန်းကျေးရွာမှ ဟိုပေါ့ရွာအထိ (၁၃) မိုင် ရှည် လျားသောမြေသားလမ်းဖောက်လုပ်ပေးရန်အစီ အစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်တွင် တည်ဆောက်ပေး မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၈.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u linn zaw htunမိမိတို့ မိုင်းဖြတ်မြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့တော်ဖြစ်သည့် ကျိုင်းတုံနှင့် ဖွံ့ဖြိုးတိုးတက်နေသော နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ကြားရှိ မြို့တစ်မြို့ဖြစ်သော်လည်း အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျ နေခဲ့ပါကြောင်း၊ မိုင်းဖြတ်မြို့နယ်၏ အကျယ်အဝန်းသည် ၇၉၆.၈၃ စတုရန်းမိုင်ရှိပြီး မြို့ပေါ်ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၁ စု၊ ကျေးရွာပေါင်း ၁၂၉ ရွာရှိပြီး မြေပြန့်ဒေသတွင် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၆ စုနှင့် ကျေးရွာ ၃၃ ရွာ၊ တောင်ပေါ်ဒေသတွင် ကျေးရွာအုပ်စု ၁၅ စု၊ ကျေးရွာ ၉၆ ရွာရှိပြီး သွားရေးလာရေးအလွန်ခက်ခဲသည့် ဒေသဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် မွန်ကာကျောင်း အုပ်စုကျေးရွာနေ တိုင်းရင်းသားမိဘပြည်သူများ ရပ်မိရပ်ဖများမှ ၎င်း ဒေသအတွက် အမှန်တစ်ကယ်လိုအပ်နေသည့် (၁၃)မိုင်ရှည်လျားသော မြေသားလမ်း ဖောက်လုပ်ပေးရန် တင်ပြလာခဲ့ပါကြောင်း၊ ယခုအခါ ၎င်းဒေသသည် နွေရာသီ၌ ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်ပြီး မိုးရာသီတွင် ခြေကျင်သွားရောက်နိုင်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးများ အစစအရာရာ နှောင့်နှေးနေပါကြောင်း၊ အဆိုပါ မြေသားလမ်းဖောက်လုပ်ပေးပါက မခန်သစ်ရွာ၊ ဟာဝိုင်း ၁၊ ၂၊ ၃ ရွာနှင့် မာစန်းတင်ရွာ၊ ဟိုပေါ့ ၁၊ ၂ ရွာ စုစုပေါင်း ရွာပေါင်း ၇ ရွာ အကျိုးပြုသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် မွန်ကာ ကျောင်းအုပ်စု၊ အခန်းကျေးရွာမှ ဟိုပေါ့ကျေးရွာအထိ (၁၃) မိုင်ရှည်လျားသည့် မြေသားလမ်း ဖောက်လုပ်ပေးပါက ကျေးရွာပေါင်း ၇ ရွာမှာရှိသည့် တိုင်းရင်းသား မိဘပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် မြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဖောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းမြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ မခန်းရွာမှ ဟိုပေါ့ရွာအထိ ကျေးရွာချင်းဆက်လမ်းအရှည် ၁၅ မိုင်၏ လက်ရှိအခြေအနေတွင် ဆိုင်ကယ်များ သွားလာနိုင်သည့် တောင်ပတ်လမ်းဖြစ်ပြီး ကျေးရွာ(၆)ရွာ၊ အိမ်ခြေ ၁၂၂ အိမ်ရှိပြီး လူဦးရေပေါင်း ၅၈၂ ဦးတို့ကို အကျိုးပြုပါကြောင်း သိရှိရပါသည်။ အဆိုပါလမ်းကို ၁၈ ပေအကျယ် မြေသားလမ်းအဆင့်မြှင့်တင် ဆောင်ရွက်မည်ဆိုပါက စုစုပေါင်း ငွေကျပ် ၃၃၃.၇၅ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဘတ်ဂျက်လျာထား ဆောင်ရွက်သည့်နေရာတွင် ပြည်နယ်/တိုင်းဒေသကြီးများ အတွင်းရှိ လူဦးရေအချိုးအစားအရ လျာထားပေးသည့်အပြင် ပြည်နယ်/တိုင်းဒေသကြီးများ အတွင်းမှာရှိသော မြို့နယ်များအားလုံးကို ပါဝင်လျာထားပေးရပါကြောင်း၊ ထို့အပြင် ကျေးရွာများ၏ လိုအပ်ချက်များအားမြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှတစ်ဆင့် ထောက်ခံတင်ပြလာမှုများအပေါ် ဦးစားပေးအစီအစဉ်အတိုင်း ရွေးချယ်လျာထား ပေးပါကြောင်း၊

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း ၇၈၂၀.၂၈၁ သန်းနှင့် ကတ္တရာလမ်း ၁၀ မိုင် ၂ ဖာလုံ၊ ကျောက်ချောလမ်း ၆၄ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၅၄ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်တံတား ၈၄၄ ပေ၊ သစ်သားတံတား ၈၁၀ ပေနှင့် ရေပြွန် ၂၀၀ ပေ တို့အား ဆောင်ရွက်ပေးရန် လျာထားလျက်ရှိပါကြောင်း၊ မိုင်းဖြတ်မြို့နယ်အတွက်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၂၀၁.၅ သန်းနှင့် ဝမ်မိုင်-ပါပူးလမ်း၊ မိုင်းဖြတ်-ပါထွန်လမ်းနှင့် ယောင်ဟင်-နမ့်ကုန်းလမ်း စုစုပေါင်း ကျောက်ချောလမ်း ၂ မိုင် ၄ ဖာလုံကို ဆောင်ရွက်ပေးနိုင်ရန် လျာထားပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှစပြီး ဆောင်ရွက်ခဲ့သော်လည်း ကျေးလက်ဒေသများတွင် လိုအပ်ချက်များစွာရှိပါကြောင်း၊ မြို့နယ်များမှအဆင့်ဆင့် တင်ပြလာသည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်သည့်နေရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ ဒေသခံကိုယ်စားလှယ်များ၊ အထောက်အကူပြုကော်မတီများ၊ ဒေသခံပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များ ရှိသော်လည်း မတူကွဲပြားမှုများကို တွေ့ကြုံရပါကြောင်း၊ ထို့အပြင် စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်သည့် နေရာတွင် သက်ဆိုင်သူအဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးရန် ခက်ခဲမည်ဖြစ်သကဲ့သို့ ဦးစားပေး သတ်မှတ်သည့် နေရာတွင်လည်း အခက်အခဲရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် အဆိုပါ အခက်အခဲများကို နည်းနိုင်သမျှနည်းအောင် စီမံကိန်းများရေးဆွဲပြီး သက်ဆိုင်သူအဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေး ရွေးချယ်နိုင်ရေး တတ်နိုင်သမျှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဘောင်အတွင်း ဦးစားပေးလုပ်ငန်းများကို လျာထားဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် တစ်နှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း နှစ်အလိုက် ဦးစားပေးလျာထား ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း၊

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းလာသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်း ကျေးရွာအုပ်စု မခန်းရွာမှဟိုပေါ့ရွာအထိ ကျေးရွာချင်းဆက်လမ်း ၁၅ မိုင် မြေသားလမ်းအဆင့် မြှင့်တင်ရေး လုပ်ငန်းများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသည့် အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုချက်ရရှိရေး လျာထား တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။