မေးခွန်း အကြောင်းအရာ
မိမိတို့မြန်မာနိုင်ငံသည် အခမဲ့မူလတန်းပညာရေးစနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါကြောင်း၊ ထို့ပြင် ဘကပညာရေး စနစ်သင်လည်း တွဲဖက်သင်နေရပါကြောင်း၊ ဘကပညာရေးစနစ်ကို သင်ရခြင်း၏ အကြောင်းမှာ (၁) ကျောင်းအဆောက်အဦများ ပြည့်စုံစွာဆောက်လုပ်မပေးနိုင်ခြင်း၊ (၂) သင်ကြားမှုအထောက်အကူ ပစ္စည်းများ မပံ့ပိုးနိုင်ခြင်း၊ (၃) ဆရာဆရာမများလုံလောက်စွာ မခန့်ထားနိုင်ခြင်းတို့ကြောင့် ဘကပညာရေးစနစ်ဖြင့် တွဲဖက် သင်ကြားနေရခြင်းဖြစ်ပါကြောင်း၊ ဘကဆရာ/မများ၏ လစာသည်လည်း ပျမ်းမျှခြင်းအားဖြင့် ၃၀၀၀၀ ကျပ် သာဖြစ်၍ ဆရာ/မများ စားဝတ်နေရေးအတွက် အခြားစီးပွားရေးလုပ်ငန်းများ တွဲဖက်လုပ်နေရခြင်းဖြစ်ပါကြောင်း၊ ပညာသင်ကြားပို့ချခြင်း လုပ်ငန်းတွင်လည်း အလွန်အားနည်းနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကလေးငယ်များ၏ ပညာသင်ကြားရေး မြင့်တက်အောင် ဆရာ/မများ အားသွန်ခွန်စိုက် လုပ်နိုင်ရန်အတွက် ဘကဆရာ/မများ၏ လစာကို အစိုးရဆရာ/မများ နည်းတူတိုးမြှင့် ပေးဆောင်နိုင်မှုရှိ/မရှိ၊ ဘကဆရာ/မများကို တရားဝင် အစိုးရ ဆရာ/မများအဖြစ် ခန့်ထားပေးနိုင်မှု အစီအစဉ်ရှိ/မရှိနှင့် ကျောင်းသား/သူ ၅၀ ထက်ပိုသော ဘကကျောင်းများကို တရားဝင်အစိုး ရမူလတန်းကျောင်းများ အဆင့်သို့ တိုးမြှင့်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်း ပါသည်။
ဘုန်းတော်ကြီးသင် ပညာရေးလုပ်ငန်း စတင်အကောင်အထည် ဖော်ခဲ့စဉ်က အစိုးရပညာရေးကျောင်းများနှင့် ယှဉ်ပြိုင်မှု မဖြစ်စေရန် အစိုးရကျောင်းမရှိသော ကျေးရွာများတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အတန်းကျောင်းပညာရေးကို မသင်ကြားနိုင်သော ကလေးများ ပညာသင်ကြားနိုင်ရန်အတွက် အဓိကထားဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများ၏ ဦးဆောင်စီမံ ပံ့ပိုးမှု၊ အလှူရှင်များ၏ စေတနာနှင့် ထည့်ဝင်လှူဒါန်းမှု၊ ထောက်ပံ့မှုတို့အပေါ်မူတည်ပြီးမှ ရပ်တည်ခဲ့ရခြင်းဖြစ်ပါကြောင်း၊
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်ရှိသည့် လစာ၊ ထောက်ပံ့ကြေးတစ်စုံတစ်ရာ ပေးဆောင် နိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ သို့သော်လည်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ စီမံကိန်းနှင့် ဘတ်ဂျက်လုပ်ငန်းများကို စိစစ်သည့်အခါတွင် ဖြတ်တောက်၍ ပိုလျှံငွေအချို့ ထွက်ပေါ်လာပါကြောင်း၊ ၎င်း ပိုလျှံငွေတွေများမှ ကျပ် ၃ ဘီလီယံကို ခုနက ဘကကျောင်းဆရာ/မများ၏ လစာငွေမဟုတ်ပါကြောင်း၊ ထောက်ပံ့ချီးမြှင်ငွေအဖြစ် ထောက်ပံ့ပေးရန်အတွက်ကို လွှတ်တော်နာယကကြီးထံ မိမိကိုယ်တိုင် တင်ပြတောင်းခံခဲ့ခြင်း ဖြစ်တာမို့ ယခုမှစ၍ ထောက်ပံံ့ငွေရရှိခဲ့ပါကြောင်း၊ ယခု မူလတန်းပြဆရာ တစ်ယောက်လျှင် ထောက်ပံ့ကြေး ၃၆၀၀၀၊ အလယ်တန်းပြအတွက် ၄၁၀၀၀၊ အထက်တန်းပြအတွက် ကျပ် ၄၅၀၀၀ နှင့် ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ မိမိတို့ ၂၈-၃-၂၀၁၆ ရက်နေ့အထိ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ အပါအဝင် ပြန်ကြည့်သည့်အခါတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နောက် တွဲဖက်အထက်တန်း ကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း အလယ်တန်း ၁၀၅ ကျောင်း၊ မူလတန်းလွန် ၅၀၀ ကျောင်း၊ မူလတန်း ၉၆၁ ကျောင်း စုစုပေါင်း ၁၅၆၈ ကျောင်းရှိပြီး ကျောင်းသား/သူပေါင်း ၃၀၁၂၀၉ ဦး သင်ကြားလျက်ရှိပါသည်။ အထက်တန်းသင် ဆရာ/မ ၁၅၄ ဦး၊ အလယ်တန်း သင်ဆရာ/မ ၆၅၂ ဦး၊ မူလတန်းလွန် ဆရာ/မ ၁၂၆၉ ဦး၊ မူလတန်းသင် ဆရာ/မ ၅၆၉၅ ဦး စုစုပေါင်း ဆရာ/မ ၇၇၇၀ ဦးက ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/မများသည် စေတနာ၊ ဝါသနာအရ ပရဟိတစိတ်ဖြင့် ကိုယ့်အား ကိုယ်ကိုး ဆောင်ရွက်ကြသည့် ပညာအရည်အချင်း အမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးရှိကြသည့် သူများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ခ) တွင် ဝန်ထမ်းဖွဲ့စည်းပုံဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဤ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုထားသည့် ဝန်ထမ်းအဖွဲ့ အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း ဆိုသည်လို့ ဖော်ပြထားပါကြောင်း၊
ဘုန်းတော်ကြီး ပညာရေးကျောင်းဆရာ/မ အများစုမှာ ဘွဲ့ရသူများရှိသလို၊ ဘွဲ့မရသေးသူများလည်း ရှိနေကြပါကြောင်း၊ အချို့ဒေသများတွင် လိုအပ်ချက်အရ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းထိ နေဖူးသည့်သူများကိုပင် မိမိတို့အနေဖြင့် ဆရာ/မအဖြစ်နှင့် ခန့်ထားတာဝန်ပေးရတာရှိပါကြောင်း၊ အချို့ဒေသများတွင်လည်း အငြိမ်းစား ဆရာ/မကြီးများကို ပြန်လည်တာဝန်ပေးအပ်ခြင်း လည်းရှိပါကြောင်း၊ ထို့ကြောင့် ခုနက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်ရှိသည့် ဆရာ/မများ၏ အနေအထားသည် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၁၂ အရ နိုင်ငံ့ ဝန်ထမ်းများခံစားခွင့်ရှိသည့် လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်များကို မိမိတို့ ထောက်ပံ့ပေးရန်အတွက် အခက်အခဲများစွာရှိပါကြောင်း၊ ဥပဒေနှင့်ကိုက်ညီမှု မရှိကြောင်းလည်း တင်ပြလိုပါသည်။ သို့သော်လည်း နိုင်ငံတစ်ဝှမ်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ ကျောင်းသား ၃ သိန်းကျော် ပညာသင်ကြား လျက်ရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် နိုင်ငံတော်၏ ပညာရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်လှစ်နိုင်ရန် အတွက်ကို နိုင်ငံတော်မှ မြေ၊ အဆောက်အဦ၊ စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းများနှင့် ဆရာ/မများ ထောက်ပံ့ခန့်အပ်ပေးရန် မလိုဘဲ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များကို ပညာသင်ကြားပေးနေသည့် ကျောင်းများဖြစ်ခြင်းတို့ကြောင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ဆရာ/မများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မှစပြီး လက်ရှိထောက်ပံ့ပေးနေသည့် ထောက်ပံ့ငွေ၏နှစ်ဆ တိုးမြှင့်ထောက်ပံ့ ပေးနိုင်ရန်အတွက်ကို စီစဉ် ဆောင်ရွက်လျက်ရှိပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ဘဏ္ဍာငွေ အဆင်ပြေလာသည်နှင့်အမျှ ထောက်ပံ့ကြေးများ တိုးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
