(ဂ)-ခင်ဦးမြို့နယ်ရှိ တောင်သူ (၄၂) ဦး ပိုင်သည့် ယာမြေများအား သစ်တောဝန်ကြီးဌာနမှ ပုံစံ (၇) ထုတ်ပေမည်ဖြစ်ကြောင်းဖြေဆိုခဲ့ခြင်းကြောင့်တောင် သူများအားမြေများပြန်လည်ပေးအပ်ရန်၊တရားစွဲဆို ထားသောအမှုအားရုပ်သိမ်းပေးပါရန်နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၆.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

dr win aungစစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကုတ္တက်ကျေးရွာအုပ်စုမှ တောင်သူ ၄၂ ဦး နှစ်ပေါင်း (၃၀) ကျော် လုပ်ကိုင်စားသောက်ခဲ့သော ယာမြေ ၇၂၀ ဧကကို ခင်ဦးမြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ လတ်တလော အတင်းအဓ္ဓမဝင်ရောက် သိမ်းဆည်းပြီး ယာမြေများစိုက်ကျပါကြောင်း၊ သိမ်းဆည်းခံရသော တောင်သူများမှ သိမ်းစည်းခြင်းကိုသဘောမတူကြောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ခင်ဦးမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုးပြေရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တင်ပြတိုင်ကြားခဲ့ကြပါကြောင်း၊ ယခု လက်ရှိအခြေအနေတွင် သက်ဆိုင်ရာသစ်တော ဥပဒေနှင့် ၄၂ (က) ပုဒ်မနှင့် ဖေဖော်ဝါရီလ ၂ ရက်၂၀၁၆  ရက်နေ့က တောင်သူများဖြစ်ကြသည့် သင်ပေါင်းရွာ ကွင်းအမှတ် ၂၅၂၈  နှင့် ပိုင်ဆိုင်သည့် ဦးအောင်ချို၊ ရွာစဉ်ရွာမှ ကွင်းအမှတ် ၂၅၇၈ နှင့် ပိုင်ဆိုင်သည့် ဦးမိုးနှင်း၊ ကွင်း အမှတ်ကို မတင်ပြနိုင်သည့် ဦးတင်ထွန်းတို့အား တရားစွဲဆိုခဲ့ပါကြောင်း၊ ၎င်းယာမြေများအား ၁၉၈၂ ခုနှစ်ကပင် တောင်သူများ စတင်လုပ်ကိုင်ခဲ့ကြပြီး မြေစာရင်းဦးစီးဌာန၏ ပုံစံ(၇) ကျပေးခဲ့ကြကြောင်း၊ လုပ်ကိုင်စားသောက်ခဲ့သည်မှာလည်း နှစ်ပေါင်း ၃၀ ခန့် ရှိမည်ဖြစ်၍ ဤသို့ သိမ်းဆည်းခဲ့သည်မှာ တောင်သူများအတွက် များစွာနစ်နာပါကြောင်း၊ လုပ်ကိုင်စားသောက်နေသည့် မြေများကို ပြန်လည် ဆောက်လုပ်ပေးပါရန်နှင့် အများကစွဲဆိုထားသည်‌့ အမှုအားရုပ်သိမ်းပေးပါရန်နှင့် တရားစွဲဆိုထားသည့် မြေကို သစ်တောကြိုးဝိုင်း၊ ပျဉ်တောင်ကြိုးပြင်ကာကွယ်တောများကို လုပ်ကိုင်စားသောက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ဖြစ်ခြင်းတို့ကြောင့် မြေယာပြန်လည်ပေးရန်နှင့် တရားစွဲဆိုထားသောအမှုအား ရုပ်သိမ်းပေးပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winနိုင်ငံတော်သမ္မတရုံး၏ ၁၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ် ၁၃(၁)/၇/သမ္မတရုံးအရ မြို့ပြကျေး လက်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုတို့၏ စားဝတ်နေရေးနှင့် လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထိရောက်သိသာစွာ ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလအတိုင်း အတာတစ်ခုအထိ တရားမဝင်ကျူးကျော် အခြေချနေထိုင်သည့် ရွာစုနှင့်အိမ်ထောင်စုစာရင်း ဇယားများကောက်ယူပြီး ကျေးရွာသစ်များ ပြန်လည်ဖွဲ့စည်းနေရာ ချထားပေးရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယခုလို ဆောင်ရွက်သည့်နေရာတွင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ၊ သစ်တော နယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုအထိ ကျူးကျော်အခြေချနေထိုင်သည့် ရွာစုနှင်‌့အိမ် ထောင်စုများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့ပါဝင်သည့် အဖွဲ့များမှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် မြေပြင်စာရင်းကောက်ခြင်းလုပ်ငန်းကို ကြီးကြပ်မှုကော်မတီ အဆင်‌့ဆင်‌့ဖြင့် ၂၀-၂-၂၀၁၃ ရက်နေ့မှ ၂၅-၃-၂၀၁၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊

စာရင်းကောက်ယူမှုအရ တိုင်းဒေသကြီး/ပြည်နယ်များအားလုံးတွင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ် တောများအတွင်း ကျူးကျော်အခြေချနေထိုင်သည့် ကျေးရွာပေါင်း ၃၉၁၇ ခုဖြစ်ပါကြောင်း၊ ရွာအတွက် ရွာမြေ၊ လယ်မြေ၊ ယာမြေ၊ သာသနာ/အများပိုင်မြေ၊ ဥယျာဉ်ခြံ၊ နှစ်ရှည်/စိုက်ခင်း မြေဧရိယာ စုစုပေါင်း ၁၈၂၂၁၈၃.၀၇ ဧက ကို စာရင်းကောက်ယူရရှိခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအပေါ် အိမ်ခြေ ၅၀ နှင့် အထက် ပြည်ထဲရေးအမည်ပေါက်၊ အိမ်ခြေ ၅၀ နှင့် အထက် ပြည်ထဲရေးအမည် မပေါက်၊ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက်နှင့် အမည်မပေါက်သော်လည်း အခိုင်အမာ တည်ဆောက်ထားသည့် ကျေးရွာပေါင်းအားလုံး ၂၈၁၀ ရွာအတွက် ရွာမြေ၊ လယ်မြေ၊ သာသနာ/အများ ပိုင်မြေ မြေဧရိယာစုစုပေါင်း ၅၀၈၀၄၇.၇၀ ဧကကို သစ်တောမြေအဖြစ် မိမိတို့  ပယ်ဖျက်ပေးခဲ့ပါကြောင်း၊

သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအတွင်း ပြန့်ကျဲလျက်ကျူးကျော်အခြေချ နေထိုင်သူများနှင့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း နေထိုင်ခြင်းမရှိဘဲ ပြင်ပမှ လာရောက်ကျူးကျော် လုပ်ကိုင်နေသူများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင်မြေများကို ပယ်ဖျက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယာမြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခြင်းမပြုဘဲ သီးနှံသစ်တော ရောနှောစိုက်ပျိုးသည့် စနစ်ကိုအခြေခံပြီး ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအဖြစ် တည်ထောင်ခွင့်ကိုလည်း ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဥယျာဉ်ခြံမြေ၊ နှစ်ရှည်/စိုက်ခင်းများအတွက် နှစ်ရှည်မြေငှားစနစ်နှင့် ဆက်လက်လုပ်ကိုင်ခွင့်ကိုလည်း ပြုထားလျက်ရှိပါကြောင်း၊ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးပြီး လယ်ယာမြေများအတွက် ပုံစံ(၇) ထုတ်ပေးခြင်းလုပ်ငန်းကို မိမိတို့ဝန်ကြီးဌာနမှ သက်ဆိုင်ခွင့်မရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပေးပါကြောင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်  ကွင်းအမှတ်(၂၅၂၈/၂၅၇၈)၊ ဦးပိုင်အမှတ် (၁၂/၁၉) ကုတ္တက်အုပ်စု၊ ဂုဏ်ကျွန်းကျေးရွာ တောင်သူ ၄၂ ဦးလုပ်ကိုင်စားသောက်လျက်ရှိသည့် ပုံစံ (၇) ရပြီး ယာမြေ ၇၀၀ ဧကသည် သစ်တောကြိုဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း ကျရောက်မှု လုံးဝမရှိပါကြောင်း၊ အဆိုပါ ယာမြေများကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် အတင်းအဓမ္မ သိမ်းပိုက်ယူခဲ့ခြင်းလည်း မရှိပါကြောင်း၊

မိမိတို့အနေဖြင့် အသေးစိတ်ကို  တင်ပြရမည်ဆိုလျှင် ခိုထောင်ကြိုးဝိုင်းကို ဝန်ကြီးဌာနမှ ၂၆-၃-၁၉၀၄ ရက်စွဲပါအမိန့် ကြော်ငြာစာမှတ်၊ ၁၃၉/၁၉၀၄ အရ ဧရိယာဧက ၃၂၇၇ ဧကဖြင့်လည်းကောင်း၊ ပျဉ်ထောင်ကြိုးပြင်ကာကွယ်တောကို ၁၇-၃-၂၀၀၄ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၂၂/၂၀၀၄ အရလည်းကောင်း၊  ဧရိယာ ၈၃၆၉ ဧကကို အသီးသီးဖွဲ့စည်း တည်ထောင်ခဲ့ပါကြောင်း၊ ၎င်းအပြင် ခင်ဦးမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်းစိုးပြည်ရေးဦးစီးဌာနမှ ၂၀၁၆-၁၇ ခုနှစ်အတွင်း ကျေးရွာသုံး ထင်းစိုက်ခင်း တည်ထောင်ရန်အတွက် ခိုထောင်ကြိုးဝိုင်းအတွင်း ၂၅ ဧကနှင့် ပျဉ်ထောင်ကြိုးပြင် ကာကွယ်တောအတွင်းတွင် ၂၅ ဧက စုစုပေါင်း ၅၀ ဧက ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်စဉ် စိုက်ခင်းမြေနေရာများအတွင်း ဦးအောင်ချို(သင်ပေါင်းရွာ)ဟာ ခိုထောင်ကြိုးဝိုင်း အကွက်အမှတ်(၅၉) တွင်လည်းကောင်း၊ ဦးတင်ထွန်း(လယ်သစ်တောရွာ)နှင့် ဦးမိုးနှင်း(ရွာစဉ်ရွာ)  နှစ်ဦးတို့သည် ပျဉ်ထောင်ကြိုးပြင်ကာကွယ်တောအတွင်းတွင်လည်းကောင်း၊ တားမြစ်ခြင်းကို ပြုလုပ်ပြီး  အသစ်ခုတ်ထွင် ရှင်းလင်းကျူးကျော်မှုများကို လုပ်ဆောင်ခဲ့ပါကြောင်း၊ ထို့အတွက်ကြောင့်  ၂၂-၁-၂၀၁၆ ရက်နေ့ ခင်ဦးမြို့နယ်တရားရုံးတွင် သစ်တောဥပဒေပုဒ်မ ၄၂(က) အရ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါကြောင်း၊

ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းစဉ်အခါက ကျူးလွန်သူများ ထွန်ယက်သည့် မြေနေရာများကို ဆိုင်ရာဆိုင်ခွင့် တောင်းခံခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ရှိခဲ့မည်ဆိုပါက မိမိတို့မှပေးရပါကြောင်း၊  ထို့အပြင် သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း နှစ်ကာလအတန်ကြာ ကျူးကျော်အခြေချ နေထိုင်သည့် အိမ်စု၊ ရွာစုများအတွက် စာရင်းကောက်စဉ်ကလည်း ကောက်ယူသည့်စာရင်းထဲတွင် မပါဝင်ကြောင်းကိုလည်း တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကွင်းအမှတ် (၂၅၂၈/၂၅၇၈)၊ ဦးပိုင်အမှတ်(၁၂/၁၉) ကုတ္တက်အုပ်စု၊ ဂုဏ်ကျွန်းကျေးရွာ တောင်သူ ၄၂ ဦး လုပ်ကိုင်စားသောက်လျက်ရှိသည့် ပုံစံ(၇)ကျပြီးသား မြေဧက ၇၀၀ နှင်‌့ပတ်သက်ပြီး  သစ်တောမြေအတွင်း လုံးဝကျရောက်ခြင်း မရှိပါကြောင်းနှင်‌့ အတင်းအဓမ္မသိမ်းဆည်းခြင်းကိုလည်း မရှိပါကြောင်း၊

သစ်တောနယ်မြေအတွင်း ကျူးကျော်လုပ်ကိုင်ခဲ့သည့် တောင်သူများဖြစ်သည့် ဦးအောင်ချို (သင်ပေါင်းရွာ)၊ ဦးတင်ထွန်း(လယ်သစ်တောရွာ)၊ ဦးမိုးနှင်း(ရွာစဉ်ရွာ) တို့အပေါ် သစ်တောဥပဒေပုဒ်မ ၄၂ (က) ပါ ကြိုးဝိုင်းတောအတွင်း မည်သည့်သစ်ပင်ကိုမဆို ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ချိုးဖြတ်ခြင်း၊ ဖောက်ထွင်းခြင်း၊ မီး သို့မဟုတ် အခြားနည်းနှင့် ပျက်စီးစေခြင်းအစရှိသည့်  ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူတရားစွဲဆိုခြင်းသာ ဖြစ်ပါကြောင်း၊ ကျူးကျော်မြေအား ပြန်လည် ပေးအပ်ရန်မရှိပါကြောင်းနှင့် တရားစွဲဆိုခြင်းအားလည်း ပြန်လည်ရုပ်သိမ်းမှုမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။