မေးခွန်း အကြောင်းအရာ
မိမိတို့ မိုင်းဖြတ်မြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ကြားတွင်ရှိသည့် မြို့တစ်မြို့ဖြစ်သော်လည်း အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျခဲ့ပါကြောင်း၊ မိုင်းဖြတ်မြို့နယ်၏ အကျယ်အဝန်းမှာ ၇၉၆.၈၃ စတုရန်းမိုင်ရှိပြီး မြို့နေလူဦးရေ ၁၃၄၄၂ ဦးနှင့် တောင်ပေါ် ဒေသလူဦးရေ ၁၇၅၁၇ ဦးခန့်ရှိသည့်အတွက် တောင်ပေါ်ဒေသနေလူဦးရေမှာ ပိုမိုများပြားခြင်းကြောင့် မိုင်းဖြတ်မြို့နယ်အတွင်း MPT၊ OOREDOO နှင့် TELENOR စုစုပေါင်း (၃) တိုင် ရှိပါကြောင်း၊ မြို့အတွင်းတွင် နီးကပ်စွာ တည်ရှိသည့်အတွက် တိုင်တစ်တိုင် ၅ မိုင်ပတ်လည်သာ/ လွှမ်းခြုံမှုရှိကြောင်း သိရှိရပြီး တောင်ပေါ်ဒေသများဖြစ်သည့် နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းတင်း၊ လန်းဆတ်ကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စုများသာမက မြေပြန့်ဒေသဖြစ်သည့် မိုင်းဖြတ်ကျေးရွာ အုပ်စုများသည်လည်း ယနေ့အချိန်အထိ ဖုန်းလိုင်းဆက်သွယ်ရန် ခက်ခဲလျက်ရှိ ပါကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်နှင့် မေလ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လေပြင်းတိုက်ခတ်သည့်အတွက် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများ၏ အခြေအနေကို စုံစမ်းရာတွင် ဖုန်းလိုင်းအခက်အခဲရှိသည့်အတွက် လူများစေလွှတ်ပြီး မှသာ ကျေးရွာများ၏အခြေအနေကို သိရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျေးရွာအုပ်စုအတွင်း သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကိစ္စရပ်များ ကြုံတွေ့လာပါက ဆက်သွယ်မှု လွယ်ကူစေရန်အတွက် ဖုန်းလိုင်းများရရှိအောင် စီစဉ်ဆောင်ရွက်ပေးပါရန်နှင့် အစီအစဉ်ရှိပါကလည်း မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုင်းဖြတ်ကျေးရွာ အုပ်စုတွင် GSM,UMTS စခန်း၊ ဆိုက်အမှတ် SHE- ၀၀၀၇၄ ကို ၂၆-၂-၂၀၁၆ တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် မိုင်းဖြတ်ကနေ မိုင်းယောင်းလမ်းတွင်တည်ရှိသည့် မိုင်းတင်း၊ လန်းဆတ်ကျေးရွာ အုပ်စုတွင်လည်း GSM စခန်း၊ SHE- ၀၀၁၀၁ တွင် တာဝါတိုင်တည်ဆောက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ပြီးစီးရန်အတွက် လျာထားလျက်ရှိပါကြောင်း၊ တယ်လီနောမြန်မာ လီမိတက်အနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့မြောက်ဘက်ကွင်း အတွင်းရှိ တာဝါတိုင်ဆိုက်အမှတ် SH- ၀၂၅၅၄၆၈ နှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းပြီးစီးပြီ ဖြစ်သဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ၂၉-၃-၂၀၁၆ မှစပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ထို့အပြင် မိုင်းဖြတ်-ကျိုင်းတုံလမ်းပေါ်ရှိ မိုင်းဖြတ်မှ ၆ မိုင်ခန့်အကွာအဝေးတွင်လည်း တာဝါတိုင် ဆိုက်အမှတ် SH- ၀၁၃၂ ကို တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ဇွန်လ ကုန်တွင်ပြီးစီးမည်ဖြစ်ပါကြောင်း၊ အော်ရီဒူးမြန်မာလီမိတက်အနေဖြင့် မိုင်းဖြတ်မြို့၊ ဈေးတန်းရပ် ဆိုက်အမှတ် SH- ၁၂၇၇ တွင် တာဝါတိုင်တည်ဆောက်ခြင်းနှင့် ဆက်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ၁၀-၃-၂၀၁၆ မှ စတင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုလို မိုင်းဖြတ်-တာချီလိတ်လမ်းမပေါ်ရှိ မိုင်းဖြတ်မှ ၆ မိုင်ခန့်အကွာ အဝေးတွင် ဆိုက်အမှတ် SH- 1192 တွင် တာဝါတိုင်တည်ဆောက်ခြင်းနှင့် စက်ပစ္စည်းတည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ၉-၆-၂၀၁၅ ကနေစတင်ပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် တယ်လီနောမြန်မာလီမိတက်အနေဖြင့် မိုင်းဖြတ်မြို့၊ ဈေးတန်းရပ်ရှိ အော်ရီဒူးမြန်မာလီမိတက်၏ တာဝါတိုင်ကို ရှယ်ယာလုပ်ပြီး ငှားရမ်းတပ်ဆင်သုံးစွဲ မည်ဖြစ်ပါကြောင်း၊ ယခု SH- ၀၉၂၉ တွင် စက်ပစ္စည်းများ မကြာမီ တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၆ ဇွန်လကုန်တွင် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ မိုင်းဖြတ်-တာချီလိတ် လမ်းမပေါ်ရှိ မိုင်းဖြတ်ကနေပြီး ၆ မိုင်ခန့်အကွာ အဝေးတွင်ရှိုသည့် အော်ရီဒူးမြန်မာလီမိတက်၏ တာဝါတိုင်အားငှားရမ်း တပ်ဆင်သုံးစွဲမည့် ဆိုက်အမှတ် SH- 1486 မှာ စက်ပစ္စည်းများ မကြာမီတပ်ဆင်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်အတွင်း ပြီးစီးမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မိုင်းဖြတ်မြို့နယ်အတွင်း တာဝါတိုင်ငါးတိုင်ကိုလည်း တယ်လီနောကနေပြီး ထပ်မံတည်ဆောက်ရန်အတွက် မြေနေရာရှာဖွေလျက်ရှိပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပြည်ပအော်ပရေတာ နှစ်ဦးတို့အနေဖြင့် တည်ဆောက်ပြီးသည့်စခန်း (၄)ခု၊ တည်ဆောက်လျက်ရှိသည့် စခန်း (၂)ခုနှင့် တာဝါကိုရှယ်ယာလုပ်ပြီးလုပ်သည့်စခန်းက (၂)ခု၊ ဆက်လက်တည်ဆောက်မည့် စခန်းက (၅)ခု စခန်းအနေနှင့် စုစုပေါင်း ၁၃ ခုဖြစ်လာမည်ဖြစ်ပါကြောင်း၊ နောက်တယ်လီနောမြန်မာက လက်ရှိပြီးစီးသည်မှာ (၁)ခု ဖြစ်ပြီး ဇွန်လကုန်ပြီးစီးဖို့ရာ (၂)ခုရှိပါကြောင်း၊ တာဝါ Sharing လုပ်မည့် ဒီဇင်ဘာလကုန်အပြီးတွင် (၁)ခုရှိပါကြောင်း၊ မြေနေရာ ရှာဖွေဆဲဖြစ်သည့် တယ်လီနောက (၅)ခုရှိပါကြောင်း၊ အော်ရီဒူးသည် ပြီးစီးသည်မှာ (၂)ခုရှိပါကြောင်း၊ တာဝါက အမှန်တကယ် ၁၁ ခုရှိပါကြောင်း၊ တိုင်ပေါင်း ၁၁ တိုင်တွင် စခန်းပေါင်း ၁၃ ခု ဖြစ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဝေးလံခေါင်းပါးသော ဒေသများတွင် ပြည်သူလူထုများသည့် နေရာများကို အော်ပရေတာများဖြင့် ဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဝေးလံခေါင်းပါးဒေသများကို သွားရောက်ပြီး တာဝါတိုင်များဖွင့်လှစ်ခြင်း၊ ဆက်သွယ်ရေးစခန်းများ ဖွင့်လှစ်ခြင်းများကို လုပ်နိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်းရှင်းလင်း ဖြေကြားပါသည်။
