(က)-တရားဥပဒေစိုးမိုးရေးအားကောင်းလာစေရန် အတွက် ၂၀၁၂ ခုနှစ်ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကိုပြည်သူ့ဆန္ဒနှင့်အညီပြန် လည် ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ နှင် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၉.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u kan ooလက်ရှိ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေသည် အခြေခံပြည်သူလူထု အများစု နေထိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေးမှာလွန်စွာ အားနည်းပါကြောင်း၊ ဥပမာ အိမ်ထောင်စု ၁၀၀ ရှိသော ကျေးရွာအုပ်စုတစ်ခုတွင် ဆယ်အိမ်မှူး ၁၀ ဦး ရှိရာ အုပ်ချုပ်ရေးမှူးဖြစ်လိုသူ (၁)ဦးသည် ဆယ်အိမ်မှူး (၅)ဦးကို လာဘ်ပေးလာဘ်ယူ ပြုလုပ်ရုံဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်ပါကြောင်း၊ လူနည်းစုကို လာဘ်ပေးလာဘ်ယူပြုပြီး လွယ်ကူစွာအုပ်ချုပ်ရေးမှူး ဖြစ်သူများသည် မည်သည့်ဥပဒေကိုမျှ မလေးစားခြင်း မရှိကြပါကြောင်း၊ အကယ်၍ တစ်အိမ်ထောင် တစ်မဲစနစ်ဖြင့် ကျင့်သုံးကြည့်မည်ဆိုပါက အုပ်ချုပ်ရေး ရေးဆွဲမည်ဆိုလျှင် လွယ်ကူစွာလာဘ်ပေး လာဘ်ယူမှုဖြင့် အုပ်ချုပ်ရေးမှူး မဖြစ်နိုင်ပါကြောင်း၊ အများဆန္ဒဖြင့် ရွေးချယ်သည့်အတွက် တရားဥပဒေစိုးမိုးရေးလည်း အားကောင်းလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရားဥပဒေစိုးမိုး‌ရေး အားကောင်းလာစေရန်အတွက် ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ပြန်လည်ရေးဆွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမြန်မာနိုင်ငံရဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၆ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၁၉၀၇ ခုနှစ်၊ မြို့များအက်ဥပဒေနှင့် ၁၉၀၇ ခုနှစ်၊ ကျေးရွာအက်ဥပဒေများအရ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ချုပ်ရေးမှူးများကို ခန့်အပ်တာဝန်ပေးခဲ့ရာ ၂၀၁၁ ခုနှစ်တွင် စတင်၍ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် နိုင်ငံရဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအဆင့်များ၏ အုပ်ချုပ်ရေးစနစ်များကိုလည်း ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၀၇ ခုနှစ်၊ မြို့များအက်ဥပဒေနှင့် ၁၉၀၇ ခုနှစ်၊ ကျေးရွာအက်ဥပဒေများဟာ အင်္ဂလိပ်အစိုးရလက်ထက် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းထားသည့် ဥပဒေများဖြစ်သည့်အတွက် ယင်းအက်ဥပဒေပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်မှုစနစ်သည် လုပ်ပိုင်ခွင့်များ၊ တာဝန်များ၊ စကားရပ် အခေါ်အဝေါ်များသည် လက်ရှိပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေများနှင့် လျောညီမှုမရှိ သည့်အတွက်ကြောင့် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေပုဒ်မ ၂၈၉ တွင် ပြဋ္ဌာန်းထားရှိပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေပညာရှင်များ၊ လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ဥပဒေမူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ စတင်ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ရေးဆွဲဆောင်ရွက်ထားသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုချက်များဖြင့် ၂၄-၂-၂၀၁၂ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ဥပဒေတွင် အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၃၇ ခု ပါရှိပါကြောင်း၊ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်မှ အာမခံချက်အဖြစ် တင်သွင်းသည့် ILO အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အကြုံပြုချက်ဖြစ်သည့် အဓမ္မလုပ်အားပေး ခိုင်းစေမှုပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းချက်များတွင် ထည့်သွင်းနိုင်ရန် အလုပ်သမားရေးဝန်ကြီးဌာနက ၅-၃-၂၀၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားလာခြင်းကြောင့် ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ဖြည့်စွက်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ကိစ္စရပ်ကို ၂၈-၃-၂၀၁၂ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ ကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ၆-၇-၂၀၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၃၈၆/၂၀၁၂)ဖြင့် ထုတ်ပြန်ခဲ့ပြီး ထိုသို့ထုတ်ပြန်ထားတဲ့နည်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၇ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁၅၇ ပုဒ်မခွဲ(က)တို့နှင့်အညီ လွှတ်တော်နှစ်ရပ် သို့ တင်ပြခဲ့ပါကြောင်း၊ ယင်းနည်းဥပဒေများကို လွှတ်တော်နှစ်ရပ်မှ ပြင်ဆင်လိုသည့်အချက် (၉)ချက်ဖြင့် ပြင်ဆင်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို ၂၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြစာအမှတ်(၇၂၈/၂၀၁၃) ထုတ်ပြန်ကြေညာ ခဲ့ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူး၊ သက်တမ်းနှင့်စပ်လျဉ်းပြီး လုပ်ငန်းလိုအပ်ချက်အခြေအနေများအရလည်းကောင်း၊ နောက်လာမည့် သက်တမ်းကာလများအတွက် ရွေးချယ်အဖွဲ့များ ကျင်းပရာတွင်လည်းကောင်း၊ အဆင်ပြေလွယ်ကူမှု ရှိစေနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းတာဝန် လွှဲပြောင်းလက်ခံခြင်းကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ၂၀-၁-၂၀၁၆ ရက်နေ့တွင် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃ ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့နှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေများကို ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်လျက်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပ‌ဒေများ အခန်း ၄၊ အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းနှင့် ဒုစရိုက်မှုကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းတို့အတွက် ဆောင်ရွက်ရမည့် အချက်များကို တိတိကျကျ ထည့်သွင်းပြဋ္ဌာန်း ထားရှိပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရဲ့ ရွေးချယ် ခန့်အပ်နိုင်ရန်အတွက် ဆယ်အိမ်စုကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ၅ နှင့်အညီ ဆယ်အိမ်စုများစုဖွဲ့စေပြီး နည်းဥပဒေ ၆ အရ ဆယ်အိမ်စု တစ်စုတွင် နေထိုင်သော အိမ်ထောင်ဦးစီး သို့မဟုတ် ၁၈ နှစ် ပြည့်ပြီးသည့် အိမ်ထောင်စုကိုယ်စားလှယ်တစ်ဦးစီကို စုစည်း၍ ယင်းအိမ်ထောင်စုကိုယ်စားလှယ်များ အတွင်းမှ အရည်ချင်းများနှင့် ပြည့်စုံသူတစ်ဦးကို အိမ်ထောင်စုကိုယ်စားလှယ်အချင်းချင်း လျှို့ဝှက်မဲပေး၍ ရွေးချယ်စေရမည်ဖြစ်ရာ အများဆန္ဒနှင့် ညီညွတ်မှုရှိမှသာ ဆယ်အိမ်စုကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများကို စတင်ရေးဆွဲချိန်သည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်ပြီး အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ၊ လုံခြုံရေး တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များကို တိတိကျကျဆောင်ရွက်စေနိုင်မည့် ဥပဒေ၊ နည်းဥပဒေများ ဖြစ်ပေါ်လာစေရေးအတွက်  ပြည်ထဲရေး ဝန်ကြီးဌာနသည် အခြားဆက်စပ်ဌာနများ၊ ဥပဒေပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၏ အကြံပြုချက်များရယူ၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ ဥပဒေအကြံပြုချက်များ ရယူ၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်ဖွဲ့စည်းထားသည့် လွှတ်တော်နှစ်ရပ်၏ အတည်ပြုချက် ရယူ၍လည်းကောင်း ရေးဆွဲပြဋ္ဌာန်းခဲ့သည့်အပြင် ယင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာအကောင်အထည်ဖော်ရာ၌ ဖြစ်ပေါ်လာသည့် အားနည်းချက်များကိုလည်း အဆင့်ဆင့်စိစစ် ပြင်‌ဆေင်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောပြင်ဆင်ရေးဆွဲရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။