မေးခွန်း အကြောင်းအရာ
အဆင့်တိုးမြှင့်ပေးပါရန် လိုအပ်လျက်ရှိသည့် အဆိုပါကျောင်းများမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အ.မ.က (ဝန်တောင်) မှ မူလွန်ကျောင်းအဖြစ်လည်းကောင်း၊ အ.လ.က (ခွဲ) ချောင်းကြီးဝအား အ.လ.ကကျောင်းအဖြစ်လည်းကောင်း၊ မင်းဂုတ်ကျေးရွာ တွဲဖက် အ.လ.က မှ အ.လ.က ကျောင်းအဖြစ်လည်းကောင်း၊ အ.မ.က(မစမ်းပါး) အား မူလွန်ကျောင်းအဖြစ်လည်းကောင်း၊ အ.မ.က(လင်မလိုငယ်)ရွာကျောင်းအား မူလွန်ကျောင်းအဖြစ်လည်းကောင်း၊ အ.ထ.က(ခွဲ)ကတန်အား အထက်တန်းကျောင်း အဖြစ်လည်းကောင်း၊ အ.မ.က (ကဒဲကဒွတ်) ကျောင်းအား မူလွန်ကျောင်းအဖြစ် လည်းကောင်း၊ မူလွန်(မင်းခေါင်းဆေး)အား အ.လ.က(ခွဲ) အဖြစ်လည်းကောင်း၊ အ.မ.က (ကျောက်တလုံး) အား မူလွန်ကျောင်းအဖြစ်လည်းကောင်း၊ ကမာချောင်းကျေးရွာ ဘုန်းတော်ကြီး ပညာသင်ကြားရေး ကျောင်းအား အ.မ.ကကျောင်း အဖြစ်လည်းကောင်း၊ ကျွန်းပုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အ.မ.ကကျောင်းအဖြစ်လည်းကောင်း၊ မူလွန်(ပြင်သာ) အားတွဲဖက် အ.လ.က ကျောင်းအဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် ကျောင်းသားဦးရေအရလည်းကောင်း ခရီးလမ်းပန်း ဆက်သွယ်ရေး အနေအထားအရလည်းကောင်း အဆင့်တိုးမြှင့်ပေးရန် လိုအပ်ပါကြောင်းနှင့် ကျွန်းစုမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အဆိုပါကျောင်းများအား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျွန်းစုမြို့နယ် ကျောက်တလုံးကျေးရွာ အခြေခံပညာမူလတန်းကျောင်း အမည်ဖြင့် ဖွင့်လှစ်ထားသော အခြေခံပညာမူလတန်းကျောင်း မရှိပါကြောင်း၊ ရေကန်အော်ကျေးရွာအုပ်စုတွင် ကမာချောင်းကျေးရွာ၊ ဘုန်းတော်ကြီးသင်ပညာရေး (မူလတန်း)ကျောင်းနှင့် ကျွန်းပုံကျေးရွာ၊ ဘုန်းတော်ကြီးသင်ပညာရေး (မူလတန်း) ကျောင်း အမည်ဖြင့် ဖွင့်လှစ်ထားသော အခြေခံပညာမူလတန်း ကျောင်းများလည်း မရှိကြောင်း၊ ကျွန်းစုမြို့နယ် ပြင်သာကျေးရွာတွင် အခြေခံပညာမူလတန်းလွန် ကျောင်းဟူ၍မရှိသေးဘဲ အခြေခံပညာ မူလတန်းကျောင်း အဖြစ်ရှိပါကြောင်း၊ ပြင်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုစုပေါင်း မူလတန်းအဆင့်သင် ကျောင်းသားစုစုပေါင်း ၁၇၂ ဦး၊ ကျွန်းစုမြို့နယ်တွင် လင်မလိုငယ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဟူ၍မရှိဘဲ လင်မလိုကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း သာရှိပါကြောင်း၊ လင်မလိုကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုစုပေါင်းမူလတန်း အဆင့်သင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၁ ဦး၊ ဝန်တောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း တွင် စုစုပေါင်းမူလတန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၁၁၂ ဦး၊ မစမ်းပါးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် စုစုပေါင်းမူလတန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၁၅၇ ဦး၊ ကဒဲကဒွတ် ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုစုပေါင်းမူလတန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၇၇ ဦးရှိပါကြောင်း၊ ကျွန်းစုမြို့နယ် ချောင်းကြီးဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် စုစုပေါင်း အလယ်တန်းအဆင့်သင် စုစုပေါင်းကျောင်းသားကျောင်းသူ ၁၂၄ ဦး၊ မင်းဂုတ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်းအလယ်တန်းအဆင့်သင် ကျောင်းသား/သူ ၂၀၁ ဦး ရှိပါကြောင်း၊ ကျွန်းစုမြို့နယ်၊ ကတန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၉၂ ဦးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းအဆင့်တိုးမြှင့်ပေးရန် သတ်မှတ်ချက်မူများမှာ အခြေခံပညာ မူလတန်းကျောင်း(ခွဲ) အဖြစ်အဆင့် တိုးမြှင့်လိုပါက မူလတန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၂၀ ဦး နှင့် ၅၅ ဦးကြား၊ အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်လိုပါက မူလတန်းဆင့်သင် ကျောင်းသား ၅၅ ဦးနှင့် အထက် အခြေခံပညာမူလတန်းလွန် ကျောင်းအဖြစ် အဆင့်တိုးမြှင့်လိုပါက မူလတန်းဆင့်သင် ကျောင်းသား/သူ ၂၅၀ ဦးနှင့်အထက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အဖြစ်အဆင့် တိုးမြှင့်လိုပါက အလယ်တန်းအဆင့်သင် ကျောင်းသား/သူ ၂၀၀ ဦးနှင့်အထက်၊ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်လိုပါက အလယ်တန်းအဆင့်သင် ကျောင်းသား/သူ ၂၄၀ ဦးနှင့်အထက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်လိုပါက အထက်တန်း အဆင့်သင်ကျောင်းသား/သူ ၃၀၀ ဦးနှင့်အထက်၊ အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်လိုပါက အထက်တန်းအဆင့်သင်ကျောင်းသား/သူ ၂၀၀ ဦးနှင့် အထက်ရှိရမည်ဟု မူအရသတ်မှတ်ထားကြောင်း၊
ယခုအခါတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်း၊ အခြေခံပညာအလယ်တန်းနှင့် အခြေခံပညာ အထက်တန်းအဆင့်ပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်စေရန်အတွက် ကျောင်းများကို ဒေသနှင့်ကျောင်း လိုအပ်ချက်များအပေါ် ဦးစားပေး၍ အဆင့်တိုးမြှင့်ရန် စုစုပေါင်း ၆၄၅၁ ကျောင်း လျှောက်ထားရာတွင် အထက်ဖော်ပြပါမူများနှင့်ညီသော ကျောင်း စုစုပေါင်း ၉၁၆ ကျောင်း ရှိကြောင်းနှင့် အထက်ဖော်ပြပါ မူများနှင့်မညီသော ကျောင်းစုစုပေါင်း ၅၅၃၅ ကျောင်းအနက်မှ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များအဖြစ် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
