မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မန်မုံကျေးလက်ကျန်းမာရေး ဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေးကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိရေးအတွက် ယခင်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၂) ရက် မြောက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့ပါသည်။ မိမိမဲဆ န္ဒနယ်တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ၂၉-၄-၂၀၁၆ ရက်နေ့တွင် ပြုလုပ်သည့်အခါ မိုင်းရယ်မြို့နယ်၊ မန်မုံကျေးရွာရှိ တိုက်နယ်ဆေးရုံကို တိုးချဲ့တည်ဆောက်ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူများက တင်ပြမေးမြန်းခဲ့ကြပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်ဆရာဝန်က မန်မုံကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ်ဖွဲ့စည်းရန် ခွင့်ပြုချက်ရထားပြီး ဆရာမနှစ်ဦးလည်း ရောက်ရှိပြီဖြစ်ကြောင်း၊ သို့သော်လည်း ယနေ့ထိတိုင် တိုက်နယ်ဆေးရုံနှင့် သက်ဆိုင်သည့် အဆောက်အဦတစ်ခုမျှ ဆောက်လုပ်မှုမရှိသေးပါကြောင်း၊ ဆောင်ရွက်ချက်တစ်စုံတစ်ရာ မတွေ့ရှိသည့်အတွက် ဒေသခံပြည်သူများကမျှော်လင့်နေလျက်ရှိပါကြောင်း သို့ဖြစ်ပါ၍ အဆောက်အဦများ ဆောက်လုပ်ဖွင့်လှစ် ပေးနိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် မည်သည့်အချိန်တွင် အပြီးသတ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန်မုံကျေးလက်ကျန်းမာရေး ဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ၉. ၄.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၈/၂၀၁၅)မှ သဘောတူညီပြီး ဖြစ်ပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၁၂-၅-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ကမဘ/ဃ-၁၄၀၇/၁၆၁ ဖြင့် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆောက်အဦဆောက်လုပ်နိုင်ရေးအတွက် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြတောင်းခံ၍ ရန်ပုံငွေခွဲဝေရရှိပါက ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သော ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများကိုလည်း တာဝန်ချထားပေးမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ အသစ်ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်ခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အကြမ်းမျဉ်းတင်ပြရလျှင် လူဦးရေနှင့် လူဦးရေသိပ်သည်းမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် သဘာဝပထဝီအနေအထား၊ လုံလောက်သောမြေအကျယ်အဝန်း၊ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် ပြန့်ပွားမှုနှုန်း၊ ဝန်ထမ်းလိုအပ်ချက်များ ရှိ/မရှိ၊ ပတ်ဝန်းကျင်ဒေသရှိ ဖွင့်လှစ်ပြီးသော ဆေးရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများတို့ကို ရှိ/မရှိ ကို ယခု ကျေးလက်ကျန်းမာရေးဌာနခွဲမှ တိုက်နယ်ဆေးရုံသို အဆင့်မြှင့် ဖွင့်လှစ်မည်ဆိုပါက ဝန်ထမ်းအနေဖြင့် လက်ရှိဖွဲ့စည်းပုံ အမှုထမ်းတို့အတွက် တစ်နှစ်ကုန်ကျစရိတ် ၃.၆ သန်းမှ အရာထမ်းနှစ်နေရာ၊ အမှုထမ်း ၁၇ နေရာ စုစုပေါင်း ၁၉ နေရာအတွက် တစ်နှစ်ကုန်ကျစရိတ် ၃၅.၃၄ သန်း ဖြစ်ပါသဖြင့် ရန်ပုံငွေ ၃၁. ၇၄ သန်း ပိုမိုကုန်ကျမည်ဖြစ်ပါကြောင်း၊ စံကိုက်အဆောက်အဦ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေ ကုန်ကျမှုအနေဖြင့် ကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျပ်သန်း ၆၀၊ ယခု တိုက်နယ်ဆေးရုံအတွက် ကျပ်သန်း ၆၀၀ သတ်မှတ်ထားကြောင်းကိုလည်း ရှင်းလင်းတင်ပြ အပ်ပါကြောင်း ဖြေကြားပါသည်။
