(ခ)-အိမ်မဲမြို့နယ် တူးမြောင်းဖြတ်ကူးတံတား စီမံ ကိန်းကြောင့်ထိခိုက်နစ်နာနိုင်သည့်အိမ်မဲ ပြည်သူ များအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန် မည်သို့ဆောင်ရွက်ထားရှိကြောင်းကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၃.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

thandarအိမ်မဲမြို့နယ် တူးမြောင်းဖြတ်ကူးတံတားစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၂၅ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၄၇၅ သန်းတို့နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)ကို လုပ်ငန်းဆောင်ရွက်လာသည်မှာ ယခုအချိန်တွင် တံတားတစ်စီးလုံး ပြီးစီးလုနီးပါး အခြေအနေရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ရှစ်ကန် လမ်းနှစ်ဖက် မြေပြွန်ခြောက်စင်း နှင့် အိမ်နှင့်မြေယာလျော်ကြေးတို့အတွက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေကို ထပ်မံ တောင်းခံခဲ့ရာ ၁၂၈၅.၇၅ သန်းရရှိပြီးဖြစ်သော်လည်း  မြေယာနှင့်အိမ်ခြံလျော်ကြေးအတွက် ပါဝင်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊

ယခုအချိန်တွင် တံတားချဉ်းကပ်ခုံဘေး ငါးပေခန့်အကွာတွင်  လူများနေထိုင်လျက်ရှိသည့်အတွက် ချဉ်းကပ်ခုံဆောက်လုပ်မည်ဆိုပါက အဆိုပါအနီးအနားတွင် နေထိုင်ကြသောလူများအတွက် အန္တရာယ်ရှိ နိုင်ပါကြောင်းနှင့် အိမ်၊လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည့် ပြည်သူလူထုကလည်း စိုးရိမ်ပူပန်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ယခုနှစ်အတွက် အိမ်နှင့် မြေယာလျော်ကြေးငွေများကို ထပ်ပြီး ဝန်ကြီးဌာနအနေဖြင့် ထပ်မံ ပေးချေနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း၊ အကယ်၍ လျော်ကြေးငွေများအား ပေးချေမည့်အစီအစဉ်ရှိပါက မည်သည့်နှစ်ဘတ်ဂျက်များတွင် ပေးချေနိုင်မည်ကို သိရှိလိုပါကြောင်း၊ ထို့ပြင် ချဉ်းကပ်လမ်းတည်ဆောက်မည်ဆိုပါက မြေဧက ၃၀ ပတ်လည် အနက် ၆ ပေထု မြေကျင်း ၄၂၀၀၀ ကျော် သုံးစွဲရမည်ဖြစ်ပြီး  တောင်မြေကို အသုံးပြုရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ် အင်မတန် များပြားပါကြောင်း၊ ထို့ကြောင့် ကွန်ကရစ်တံတားချဉ်းကပ်လမ်းကို အသုံးပြုမည်ဆိုပါက ပိုမို အဆင်ပြေ မည်ဖြစ်သည့်အတွက်  ကွန်ကရစ်တံတားချဉ်းကပ်လမ်းကို ပြောင်းလဲခွင့်ပြုနိုင်ခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် တူးမြောင်းဖြတ်တံတားကို မူလက ကျေးလက်တံတားအဆင့်သာ ဆောင်ရွက်ရန် လျာထားခဲ့ခြင်းဖြစ်ပါကြောင်း၊  ကွင်းဆင်းစစ်ဆေးချက်အရ အဆိုပါတူးမြောင်းအတွင်း ၂၂ ပေအမြင့်ရှိ သင်္ဘောများနှင့် ကုန်တင်တွဲ ၃၀ ပေအကျယ် တွန်းသင်္ဘောများ သွားလာလျက်ရှိသည့် အတွက်  တူးမြောင်းအကျယ် ၃၅၀ ပေခန့် ကျယ်ဝန်းသော ကျေးလက်တံတားအစား ပြည်ထောင်စု အဆင့်တံတားအဖြစ် တည်ဆောက်မှသာ သင့်တော် မည်ဖြစ်ကြောင်း တင်ပြလာသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၁၆)သို့ လုပ်ငန်း အပ်နှံစနစ်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းပဲဖြစ်ပါကြောင်း၊

တံတားတည်ဆောက်သည့်နေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၅)မှ တာဝန်ရှိသူ များနှင့် အိမ်မဲမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုကော်မတီများနှင့် ကန်ကြီးထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါကြောင်း၊ တံတားတည်ဆောက်ရန် စီမံကိန်းတန်ဖိုးငွေကျပ်ပေါင်းသည် ၂၉၈၅.၇၅ သန်းဖြစ်ပြီး တံတားတန်ဖိုးငွေကျပ် ၁၈၆၇.၅၀ သန်း၊ ချဉ်းကပ်လမ်းတန်ဖိုး ငွေကျပ် ၁၁၁၈.၂၅ သန်းဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅  ဘဏ္ဍာရေးနှစ် ငွေကျပ် ၂၂၅ သန်း၊ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် တွင် ငွေကျပ် ၁၄၇၅ သန်း ခွင့်ပြုပေးခဲ့ပြီး ထပ်မံလိုသောငွေကျပ် ၁၂၈၅.၇၅ သန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆  ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေက တင်ပြတောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဘဲ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ထပ်မံတင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊  တံတားချဉ်းကပ် လမ်းအတွက် ကုန်ကျမည့် ငွေကျပ်သည် ၁၁၁၈.၂၅ သန်းဖြစ်ပြီး အဆိုပါ တန်ဖိုး၌ ချဉ်းကပ် လမ်းနှစ်ဖက် ၇၀၀၀  ပေ မြေသားတာဘောင်တင်ခြင်းနှင့် ကတ္တရာခင်းခြင်း၊ Box Culvert ခြောက်စင်း တည်ဆောက် ခြင်းနှင့် မြေယာလျော်ကြေးငွေ ပေးခြင်းတို့ပါဝင်ပါကြောင်း၊ မြေယာလျော်ကြေးငွေတွက်ချက်ရာတွင် မြေတစ်ဧကလျှင် ၁၀ သိန်းနှုန်းဖြင့် မြေဧက ၃၂.၁၄ အတွက် ငွေကျပ် ၃၂.၁၄ သန်းအား လျော်ကြေး ပေးရန် လျာထားတွက်ချက်ထားပြီးဖြစ်ပါကြောင်း၊

အိမ်မဲတူးမြောင်းတံတားသည် ဆောင်ရွက်ပြီးစီးခဲ့ပြီး  တံတားချဉ်းကပ်လမ်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ချဉ်းကပ်လမ်းဆောင်ရွက်ရာတွင် ပါဝင်သော ကျေးရွာနေ ပြည်သူများ၏ အိမ်ခြံမြေနှင့် လယ်ယာမြေတို့ကို တိုင်းတာတွက်ချက်ရန် အိမ်မဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး(ဥက္ကဋ္ဌ)အဖြစ်ပါဝင်သော နစ်နာကြေးပေးရေးအဖွဲ့ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးနှင့် အထောက် အကူပြုအဖွဲ့၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့ပါဝင် ဖွဲ့စည်း ပြီး ကျေးရွာနေပြည်သူများ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေမည့် ချဉ်းကပ်လမ်းအူကြောင်း ပေါ်မူတည် ပြီး ပါဝင်မည့်မြေယာများ၏ လျော်ကြေးငွေကို မေလအတွင်းမှစတင် စိစစ်တွက်ချက်ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။