မေးခွန်း အကြောင်းအရာ
မိုင်းရယ် မြို့နယ်အတွင်း မိုင်းရယ်မြို့နှင့် သုံးမိုင်အကွာ နားဝါကျေးရွာအနောက်ဘက် (၁) မိုင်ခန့်အကွာ နမ့်မြိုင်ချောင်းပေါ်တွင် အမြင့် ၆၀ ပေခန့်ရှိ ရေလှောင်တမံများ တည်ဆောက်နိုင်သည့် အလားအလာများရှိကြောင်း၊ ရေလှောင်တမံ တည်ဆောက်နိုင်ရန် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ မြေပြင်စူးစမ်းလေ့လာ တိုင်းတာခြင်းနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းများကို ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေလှောင်တမံ တည်ဆောက်ပေးရန် ဖြစ်မြောက်နိုင်စွမ်းရှိပါကလည်း ဘဏ္ဍာငွေတင်ပြတောင်းခံ ဆောင်ရွက်ပေးသွား မည်ဟုဖြေကြားသွားခဲ့ပါကြောင်း၊ အချိန်ကာလအားဖြင့် သုံးနှစ်ခန့် ကြာမြင့်ခဲ့ပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းမှတ်ချက်အရ ရေလှောင်တမံ တည်ဆောက်နိုင်ရန် ရန်ပုံငွေလျာထားချက်နှင့် ဌာနမှဆောင်ရွက်မှု တစ်စုံတစ်ရာ မတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိုင်းရယ်မြို့နယ်ရှိ ပြည်သူများအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာငွေတင်ပြတောင်းခံခြင်းရှိ/မရှိ မသိရှိရသည့်အပြင် မြေပြင်တွင်လည်း ဆောင်ရွက်မှုတစ်စုံတစ်ရာ မတွေ့ရှိရပါသဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ မိုင်းရယ်မြို့နယ်ရှိ ပြည်သူများအတွက် စိုက်ပျိုးရေနှင့်သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေမှုကို ပြေလည်စေရန် နိုင်ငံတော်အစိုးရကမည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေနှင့်သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့်အတွက် နားဝါကျေးရွာ အနီး ရေလှောင်တမံတစ်ခု တည်ဆောက်ပေးရန် ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေးတွင် တင်ပြမေးမြန်းခဲ့သည့်အတွက် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ပြီး ဖြစ်မြောက်နိုင်စွမ်းရှိပါက ဘဏ္ဍာငွေလိုအပ်ချက် တင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို ပြန်လည်ဖြေကြား ခဲ့သည်ဟုသိရှိရပါကြောင်း၊ ယခင်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနအနေဖြင့် မြေပြင်စူးစမ်းလေ့လာခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ် ၁၀ လပိုင်းတွင် ဆောင်ရွက်ခဲ့ပြီး ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းကို ၂၀၁၄ ခုနှစ် ၇ လ ပိုင်းတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြေအားမက္ကင်းနစ်ဆိုင်ရာ ဂုဏ်သတ္တိများ စမ်းသပ်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ် ၁၁ လပိုင်းတွင် ဆောင်ရွက်ခဲ့ပြီး ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် ၃ လပိုင်းမှာ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ စူးစမ်းလေ့လာ၍ ရရှိလာသော အချက်အလက်များအရ ရေလှောင်တမံတည်ဆောက်ရန် အသေးစိတ်ဒီဇိုင်းပုံစံရေးဆွဲခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိုင်းရယ်မြို့နယ်ရှိ ပြည်သူများ သောက်သုံးရေနှင့် စိုက်ပျိုးရေအခက်အခဲမရှိ လုံလောက်စွာ ပေးဝေနိုင်ရန်အတွက် နားဝါရေလှောင်တမံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရန်ပုံငွေလိုအပ်ချက်အား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေမှ တင်ပြတောင်းခံခဲ့သော်လည်း လုပ်ငန်းဦးစားပေးအလိုက် ရန်ပုံငွေအဆင့်ဆင့် စိစစ်လျှော့ချရာတွင် ပါဝင်သွားသောကြောင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေတွင် ထပ်မံတင်ပြတောင်းခံခဲ့သော်လည်း စိစစ်လျှော့ချရာတွင် ထပ်မံပါဝင်သွားသည့်အတွက်ကြောင့် နားဝါရေလှောင်တမံ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ လာမည့်နှစ်များတွင် ကြီးကြပ်ကြပ်မတ်ပြီး ရန်ပုံငွေဆက်လက်တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
