မေးခွန်း အကြောင်းအရာ
နိုင်ငံတော်အစိုးရများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်၍ ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ရပ်ကွက်/ကျေးရွာများတွင် တာဝါတိုင်များကို နိုင်ငံအနှံ့အပြားတိုးချဲ့ တည်ဆောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်း တာဝါတိုင် တည်ဆောက်မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့အထိ တယ်လီနော၊ အူရီဒူးတာဝါတိုင်များ ၅၉ ခု လျှောက်ထားမှုအပေါ် မြေပိုင်ရှင်များ၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် သဘောတူညီချက်၊ ပတ်ဝန်းကျင်ထောက်ခံချက်များအရ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ပါက ကန့်ကွက်ဖွယ်ရာမရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများက ထောက်ခံပေးခဲ့ပါကြောင်း၊ ၎င်းအနက် လျှောက်ထားမှု ၅၉ ခုမှ ၄၃ ခုမှာ လုပ်ငန်းလည်ပတ်နိုင်ပြီး ကျန် ၁၆ ခုမှာ ပြည်သူများ၏ နားလည်မှုအသိစိတ်နှင့် စိုးရိမ်ပူပန်မှုများအရ အောက်ပါအချက်များနှင့် ကန့်ကွက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့မှာ ရေဒီယိုလှိုင်းများကြောင့် အများပြည်သူတို့၏ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ မြေတုံခါမှုကြောင့် အဆောက်အဦများပျက်စီးနိုင်ခြင်း၊ မိုးကြိုးပစ်နိုင်ခြင်း၊ တာဝါတိုင်ကြီးများရှိ မီးစက်များမှ စက်သံဆူညံခြင်း စသည့်အချက်များဖြင့် ကန့်ကွက်တိုင်ကြားမှုများ ဖြစ်လာသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့် ကျန်းမာရေးမထိခိုက်နိုင်ကြောင်း ရှင်းလင်းတင်ပြသော်လည်း လက်မခံဘဲ ငြင်းဆန်မှုများ ရှိနေကြပါကြောင်း၊ ၎င်းဖြစ်ရပ်မျိုးသည် မိမိတို့မြို့နယ်တစ်ခုတည်းတွင် မဟုတ်ဘဲ နိုင်ငံအနှံ့အပြားတွင် ဖြစ်နေပါကြောင်း ကြားသိရပါသည်။
ထို့ကြောင့် ဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ရပ်ကွက်/မြို့ရွာအတွင်း တာဝါတိုင်များ ဆောက်လုပ်မှုအပေါ် ပြည်သူများသဘောတူ လက်ခံ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်များ ကျရောက်ခြင်းများမရှိသည် ကို မြန်မာ့အသံနှင့် MRTV တို့အပြင် အခြားနည်းလမ်းနှင့် ဖြစ်စေ ပညာပေးရှင်းလင်းတင်ပြမှုကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြုလုပ်မည့်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
မိမိတို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ပြည်သူများ ဆက်သွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိထိရောက်ရောက် အသုံးပြုနိုင်ရေးအတွက် ဆက်သွယ်ရေး တာဝါတိုင်များအား ကွန်ရက်လွှမ်းခြုံနိုင်မယ့်နေရာ၊ ဆိုင်များကို ဦးစွာ Survey လုပ်ပြီးမှ တာဝါတိုင်များကို ရပ်ကွက်များ၊ ကျေးရွာများအနီး တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ ရွေးချယ် တည်ဆောက်ခြင်းကြောင့် Voice၊ Data များ ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံနိုင်မည့် ဧရိယာပိုမိုကောင်းမွန်လာပြီး ဆက်သွယ်မှုပိုမို လျင်မြန်လွယ်ကူ ချောမွေ့လာစေမည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တာဝါတိုင်များမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းနှုန်းများကို နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်းပြီး ကွင်းဆင်းတိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းတာမှုအရ တာဝါတိုင်များမှ ထုတ်လွှင့်သည့် ရေဒီယို လှိုင်းနှုန်းများနှင့် ပြည်သူ့ကျန်းမာရေး အလုပ်ရုံဆွေးနွေးပွဲကို ၁၆-၃-၂၀၁၅ နှင့် ၁၇-၃-၂၀၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၁၇-၃-၂၀၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ပါကြောင်း၊ ထို့အတူ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များပါဝင်သော မိုဘိုင်းဆက်သွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ EMF (Electromagnetic Field) အလုပ်ရုံဆွေးနွေးပွဲကိုလည်း မီဒီယာများအား ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ၁၈-၃-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သတင်းထုတ်ပြန်ခဲ့ရာ ၂၀-၃-၂၀၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ဖော်ပြခဲ့ပါကြောင်း၊
ဆွေးနွေးသည့်အချက်များကို ဆက်သွယ်ရေးတာဝါတိုင်များမှ ထုတ်လွှင့်သော ရေဒီယို လှိုင်းများသည် အလွန်အားနည်းသဖြင့် ပြည်သူများ၏ ကျန်းမာရေးထိခိုက်နိုင်ဖွယ်ရှိသည့် သက်သေအထောက်အထားကို အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များက တွေ့ရှိထားခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင် Operator အသုံးပြုသည့် နည်းပညာနှင့် စက်ပစ္စည်းများသည် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိသည်ကို တိုင်းတာတွေ့ရှိချက်များအရ တွေ့ရှိရကြောင်း၊ မိုဘိုင်းဖုန်းဖြင့် Data များကို မြန်နှုန်းမြင့်ရရှိ အသုံးပြုနိုင်ရန် မိုဘိုင်းတာဝါများအား စနစ်တကျတည်ဆောက်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ နိုင်ငံတကာတွင် မိုဘိုင်းသုံးစွဲမှုတိုးတက်လာသော်လည်း ပြည်သူတို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှုမရှိသည့် အခြေအနေများကို စာရင်းဇယား အချက်အလက်များဖြင့်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ သုတေသနပြုလုပ်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြပါကြောင်း၊
သုတေသနပညာရှင်များနှင့် မိုဘိုင်းအော်ပရေတာများ ပူးပေါင်းဆောင်ရွက်ခဲ့သော တိုင်းတာမှုများအရ မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များသည် နိုင်ငံတကာမှ သတ်မှတ်ထားသည့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိပြီး ပြည်သူလူထု၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) မှ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ချေရှိသည်ဟု ထုတ်ပြန်ထားသည့် သတ်မှတ်ချက်ထက် အဆ ၁၀၀ အောက် လျော့နည်းသည်ကို တွေ့ရှိရပါကြောင်း၊ ကျွမ်းကျင်သူများ၏ လေ့လာသုံးသပ်ချက်များအရ မိုဘိုင်းကွန်ရက်များ၏ ရေဒီယိုလှိုင်းနှုန်းများသည် ကျန်းမာရေးအပေါ် ထိခိုက်မှုရှိသည့် အထောက်အထား မတွေ့ရှိရကြောင်းနှင့် အင်တာနာများ၏ အနီးတဝိုက်တွင် နေထိုင်ခြင်းအားဖြင့်လည်းကောင်း၊ မိုဘိုင်းဖုန်းများ အသုံးပြုခြင်းအားဖြင့်လည်းကောင်း ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရန်မလိုအပ်ပါကြောင်း၊ အများပြည်သူ၏ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုလျော့နည်းစေရန်အတွက် မိုဘိုင်းတာဝါတိုင်များ၏ လျှပ်စစ်သံလိုက်စက်ကွင်းနှင့် စပ်လျဉ်းပြီး လက်ကမ်းစာစောင်ကို ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့နှင့် ဆွေးနွေးတိုင်ပင် ပြုစုရေးဆွဲပြီး ဆွေးနွေးပွဲများတွင် ဖြန့်ဝေခဲ့ပါကြောင်း၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးပိုက်ကို ပြောသည့်အတိုင်း မိမိတို့ဝန်ကြီးဌာနဘက်မှလည်း နယ်ဆင်းပြီး တာဝါတိုင်လုပ်သည့် လုပ်ငန်းများအားလုံးကို ပြည်သူလူထုကို လူကိုယ်တိုင်တွေ့ဆုံပြီး ရှင်းလင်းခြင်း၊ သတင်းစာနှင့် ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးပိုက်ကို (ပခုက္ကူ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆက်သွယ်ရေးကောင်းမွန်ရန်အတွက် တာဝါတိုင်များကို ရှေ့ဆက်ပြီးလည်း တည်ဆောက်ရာတွင် ကျေးရွာ၊ ရပ်ကွက်များက ကန့်ကွက်ချက်များရှိနေသည့်အတွက် အကြံဉာဏ်ပေးလိုသည်မှာ တာဝါတိုင်များဆောက်သည့် နေရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ရွေးချယ်မှု တစ်ခုတည်းမဟုတ်ဘဲ ရွာသူရွာသားများနှင့် ညှိနှိုင်းသဘောတူရွေးချယ်နိုင်ရန်နှင့် မြို့/ရွာအတွင်းရှိသည့် ရပ်ကွက်များကိုရှောင်ပြီး တာဝါတိုင်များ ဆောက်လုပ်မှုပြုနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးသန့်စင်မောင်
မိမိတို့တွင် အူရီဒူး၊ တယ်လီနော၊ MPT ဟူ၍ Operator သုံးခုရှိပြီး အဆိုပါ Operator များအားလုံးသည် တစ်ပြည်လုံးကို လွှမ်းခြုံနိုင်သည့် ကွန်ရက်ဖြစ်လာမှ ကျန်သည့်ဒေသများတွင်ပိုပြီး ကောင်းအောင် လုပ်မည်ဆိုသည့် တာဝါတိုင်များကို မိမိဆောင်ရွက်ချင်ပါကြောင်း၊ မေမြနေရာရွေးချယ်စိုက်ထူခြင်းနှင့် ပတ်သက်၍ မိမိတို့ဘက်မှ အားလုံးသဘောတူညီသည့် နေရာများတွင် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားသွားပါသည်။
