ဂ)-သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိမူလတန်းကျောင်း အချို့နှင့်အ.ထ.က၊အ.ထ.က(ခွဲ)များရှိမူလတန်းအဆင့် တွင်ကျောင်းသားများနှင့်ဆရာအချိုးမမျှမတဖြစ်ခြင်း အပေါ်မျှတမှုရှိလာအောင်မည်သို့ဆောင်ရွက်မည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၁.၁၁.၂၀၁၆)

USHသင်္ဃန်းကျွန်းမြို့နယ်သည် လူဦးရေ ထူထပ်များပြားသည့် မြို့နယ်တစ်ခု ဖြစ်သည့်အတွက် ရပ်ကွက်တိုင်းတွင် မူလတန်းကျောင်းများ ရှိပါကြောင်း၊ မူလွန်ကျောင်းမှလွဲ၍ မူလတန်းကျောင်း စုစုပေါင်း ၃၃ ကျောင်းရှိပါကြောင်း၊ ထိုကျောင်း ၃၃ ကျောင်း ထဲတွင် မူလတန်းကျောင်း ၁၀ ကျောင်းသည် ရှိသင့်သည့် ကျောင်းသားအရေအတွက်ထက် နည်းပါးနေသည်ကို တွေ့ရပါကြောင်း မူလတန်းကျောင်း ၂ ကျောင်းသည် ကျောင်းသား ၁၀ ယောက်နှင့် ၁၂ ယောက်ခန့်သာ ရှိသည့်အတွက် ဆရာမတစ်ယောက်ကို ကျောင်းသား နှစ်ယောက်၊ သုံးယောက်လောက်သာ သင်ကြားနေရသည်ကို တွေ့ရပါကြောင်း၊

ထိုကဲ့သို့ မူလတန်းကျောင်းများ၌် ကျောင်းသားအရေအတွက် အလွန်နည်းနေချိန်တွင် အထက်တန်းကျောင်းတချို့၌ အထက်တန်းကျောင်းများတွင်ရှိသော မူလတန်းကျောင်းသား အရေအတွက်သည် အဆမတန် များပြားနေသည်ကို တွေ့ရပါကြောင်း၊ အ.ထ.ကကျောင်းများ တွင် မူလတန်းအဆင့် ကျောင်းသားအရေအတွက် များသည့်အတွက် ဆရာဆရာမ တစ်ယောက်လျှင် ကျောင်းသား ၅၀ မှ ၆၀ အထိ သင်ကြားနေရပါကြောင်း၊ ဆရာနှင့် ကျောင်းသား မျှတမှုမရှိသည့်အတွက် သင်ကြားမှုမှာလည်း ထိရောက်မှုအားနည်းမည်မှာ သေချာပါကြောင်း၊ အ.ထ.ကကျောင်းများတွင် မူလတန်းကျောင်းသားအရေအတွက် များပြားရသည့် အဓိက အကြောင်းအရင်းမှာ ရပ်ကွက်မူလတန်းကျောင်းများ အောင်မြင်ပြီး မိမိတက်လိုသည့် အထက်တန်းကျောင်းများကို တက်ခွင့်မရမည်စိုး၍ မူလတန်းအဆင့်ကတည်းက အထက်တန်းကျောင်းများတွင် စုပြုံအပ်နှံရခြင်းဖြစ်ကြောင်း မိမိတို့ မေးမြန်းသိရှိရပါကြောင်း၊ ထို့ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်းတချို့နှင့် အ.ထ.က၊ အ.ထ.က(ခွဲ)ကျောင်းများရှိ မူလတန်းအဆင့်မှာ ကျောင်းသားနှင့် ဆရာအချိုး မမျှမတဖြစ်နေခြင်း အပေါ် မျှတမှုရှိလာစေရန် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေး၂၀၁၆-၁၇ ပညာသင်နှစ်တွင် သတ်မှတ်မူဘောင်များနှင့် ကိုက်ညီသော အခြေခံပညာကျောင်း ၉၇၃ ကျောင်း၊ မူဘောင်များအား ဖြေလျှော့ပေးခဲ့သော အခြေခံပညာကျောင်း ၂၃၇၅ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၃၃၁၂ ကျောင်းသို့ အဆင့်တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၄ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၄ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၃၃ ကျောင်းနှင့် သင်္ဃန်းကျွန်းပညာရေးကောလိပ်ရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်း ၁ ကျောင်း စုစုပေါင်း ၄၉ ကျောင်း ရှိပါကြောင်း၊ ကျောင်းသားဦးရေ စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသားကျောင်းသူဦးရေ ၄၂၇၈ ဦး၊ စုစုပေါင်း အလယ်တန်းအဆင့်သင် ကျောင်းသားကျောင်းသူဦးရေ ၁၀၀၆၈ ဦး၊ စုစုပေါင်း မူလတန်းအဆင့်သင် ကျောင်းသားကျောင်းသူ ဦးရေ ၁၂၄၇၂ ဦး ရှိပါကြောင်း၊ ဆရာဆရာမဦးရေအနေဖြင့် စုစုပေါင်း အထက်တန်းအဆင့်သင်ဆရာ ဆရာမဦး‌ရေ ၁၄၇ ဦး၊ စုစုပေါင်း အလယ်တန်းအဆင့်သင် ဆရာဆရာမဦးရေ ၄၂၇ ဦး၊ စုစုပေါင်းမူလတန်း အဆင့်သင် ဆရာဆရာမဦးရေ ၂၆၂ ဦး ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းဦးရေအရ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဦးရေ ၂၀၉၄၈၆ ဦးသာ ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ လူဦးရေအများဆုံးမြို့နယ်သည် လှိုင်သာယာမြို့နယ်ဖြစ်ပြီး လူဦးရေ ၆၈၇၈၆၇ ဦး ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးပေါ်ရှိ မြို့ပေါ်တွင် မူလတန်းအဆင့်သင် ဆရာဆရာမဦးရေသည် အလယ်တန်း အဆင့်သင် ဆရာဆရာမဦးရေထက် ပိုမိုနည်းသည်ကို တွေ့ရပါကြောင်း၊ မူလတန်းပြ ဆရာဆရာမဦးရေသည် အလယ်တန်းပြဆရာဆရာမဦးရေထက် နည်းရသည်မှာ အလယ်တန်းပြဆရာဆရာမ၏ ရာထူးလစာခံစားပြီး မြို့ပေါ်တွင် နေထိုင်ရန်အတွက် မူလတန်းမှာပင် ဆက်လက် သင်ကြားပို့ချနေခြင်းဖြစ်သည့်အတွက် မြို့ပေါ်များတွင် မူလတန်းပြ ဆရာဆရာမဦးရေသည် အလယ်တန်းပြ ဆရာဆရာမဦးရေထက် နည်းသော်လည်း အချို့ အလယ်တန်းပြ ဆရာဆရာမများသည် မူလတန်းကို သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊

ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနအနေဖြင့် ဆရာဆရာမများ ခန့်ထားရာတွင် ဆရာနှင့် ကျောင်းသားဦးရေ အချိုးအရ ဆရာလိုအပ်ချက်နှင့် စာသင်ခန်းနှင့် ကျောင်းသားဦးရေ အချိုးအရ ဆရာလိုအပ်ချက်များကို နှစ်မျိုးစလုံးကို စဉ်းစားပြီး အနည်းဆုံး လိုအပ်ချက်ဦးရေအတိုင်း ဖြည့်ဆည်းခန့်ထားခြင်း၊ ပြောင်းရွှေ့ပေးခြင်းများကို နှစ်စဉ် မေလ၌ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကယ်၍ ပညာသင်ကြားနေသော ပညာသင်နှစ် ကာလအတွင်း School Plaster ကျောင်း မိသားစုအုပ်စုအလိုက်၊ ကျောင်းအုပ်စုအလိုက် လိုအပ်သော ဆရာဆရာမလိုခြင်း၊ ပိုခြင်းများကို မြို့နယ်ပညာရေးမှူး များက တိုင်းဒေသကြီးပညာရေးမှူးရုံးများကို တင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ Cabinet တွင် အတည်ပြုပြီး ယာယီအားဖြင့် တာဝန်ပေးပြီး ဆောင်ရွက်ပေးခြင်းများကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် တချို့ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာဆရာမများကို ကျောင်းသားဦးရေ နည်းသော်လည်း  ကျောင်း၏ စာသင်ခန်းအရလည်း ဆရာ ဆရာမများ ခွင့်ပြုခန့်ထားရသည့်အတွက် တချို့ကျောင်းများသည် အလွန်နည်းနေပါကြောင်း၊ မြို့နယ် ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တိုင်းဒေသကြီး ပညာရေးမှူးများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြပြီး ပညာသင်နှစ်ကာလ၌ လိုခြင်း၊ ပိုခြင်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားရန် ဖြစ်ပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း ဆရာနှင့် ကျောင်းသားဦးရေ အချိုးကို လက်ရှိ ရှိနေသည့်အတိုင်း တွက်မည်ဆိုပါက အထက်တန်းအဆင့်တွင် (၁း၃၀)၊ အလယ်တန်း အဆင့်တွင် (၁း၂၄)၊ မူလတန်းအဆင့်တွင် (၁း၄၇) သာ ရှိသည်ကို တွေ့ရပါကြောင်း၊ အလယ်တန်းအဆင့်တွင် (၁း၂၄) သည် အလယ်တန်းပြဆရာဆရာမအားလုံးသည် အလယ်တန်းသင်သည်မှာ မဟုတ်ပါကြောင်း၊ တချို့အလယ်တန်းပြဆရာဆရာမများသည် မူလတန်းတွင်  မူလတန်းပြအဖြစ် မူလတန်းပညာရေးကိုလည်း သင်ကြားပို့ချပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် သင်္ဃန်းကျွန်းမြို့နယ်တွင် ဆရာနှင့် ကျောင်းသားဦးရေအချိုးအရ တခြားမြို့နယ်များနှင့်ယှဉ်ပါက လုံလောက်မျှတမှု ရှိနေသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်းနှင့် အကယ်၍ လိုခြင်း/ပိုခြင်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် တင်ပြပြီး ဆက်လက် ဆောင်ရွက်သွား၍ ရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးရွှေလှ (ခ) ဦးရွှေလှဝင်း (သင်္ဃန်းကျွန်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးသည်မှာ လူဦးရေ မည်မျှရှိသည်၊ သင်္ဃန်းကျွန်းတွင် လူဦးရေမည်မျှရှိသည်မှာ အဓိက မဟုတ်ပါကြောင်း၊ အထက်တန်းကျောင်းများ မူလတန်းအဆင့်မှာ ကျောင်းသားများ များပြီး ဆရာများ နည်းနေသည်ကို မည်သို့ဖြေရှင်းမည်ကို သိရှိလိုပါကြောင်း၊ မူလတန်းကျောင်း ၁၀ ကျောင်းတွင် ကျောင်းသားအရေအတွက် နည်းနေသည်ကို မည်သို့ ဖြေရှင်းမည်ဆိုသည့် မေးခွန်းကို မေးထားခြင်းဖြစ်ပါကြောင်း၊ ၎င်းနှင့်ဆက်စပ်၍ အထက်တန်းကျောင်းများတွင်  မူလတန်းကျောင်းသား အရေအတွက်များနေသည်ကို တစ်နည်းအားဖြင့် အ.ထ.က(၁)နှင့် အ.ထ.က(၃) တွင် ပြုလုပ်သကဲ့သို့ မူလတန်းအဆင့်များကို အထက်တန်းကျောင်းတွင် မထားဘဲ အထက်တန်းကျောင်းများတွင် ၅ တန်းအဆင့်မှ စတင်သင်ကြားမည်ဆိုပါက အဆင်ပြေနိုင်မှု ရှိ/မရှိ၊ မူလတန်းကျောင်းသားများ မမျှတမှုသည် မျှတမှုရှိ/မရှိ၊  ကျောင်း ၁၀ ကျောင်းတွင် ကျောင်းသားအရေအတွက် နည်းနေသည်ကို မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ယင်းကျောင်း ၁၀ ကျောင်းကို အထူးအခွင့်အရေးပေးသည့်အနေဖြင့် ကျောင်း ၁၀ ကျောင်းက အောင်သည့် ကျောင်းသားများကို မိမိတို့တက်လိုသည့် အထက်တန်းကျောင်းများတွင် တက်ခွင့်ပေးမည့် သတ်မှတ်ချက်တစ်ခု ပြုလုပ်ပေးပါက ကျောင်းသား အရေအတွက် တိုးလာမည်ဖြစ်သည့်အတွက် ပြုလုပ်ပေး၍ ရနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ကျောင်းအပ်နှံရေးတွင် School Catchment Area အရ ကျောင်းအပ်နှံ၍ ရသည့် မြို့နယ်မျး သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့ပေါ်၌ မူလတန်းကျောင်းများထက် အထက်တန်းကျောင်းများတွင် ပြည်သူလူထုမှ ပိုမိုပြီး အပ်နှံလိုကြပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် School Catchment Area အရ ကျောင်းအပ်နှံသည့် နယ်မြေဒေသများကို သတ်မှတ်ပြီး အပ်နှံသည်ကို မိမိတို့ ဆောင်ရွက်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြင်နေရာများကလည်း School Catchment Area အရ မသတ်မှတ်ဘဲ ဆောင်ရွက်မည်ဆိုပါက မြို့အတွင်းထဲကို ဒီလိုမျိုး အများကြီးလာရောက်အပ်ကြမည်များ ရှိသကဲ့သို့ မိဘများက သားသမီးများ၏ ပညာသင်ယူတတ်မြောက်ရေးအတွက် ကျောင်းများ၏ အရည်အသွေး ကောင်းရန်အတွက် ပိုမိုအပ်နှံလိုကြပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတိုင်းတွင် ပညာသင်ယူမှု မျှတရေးနှင့် အရည်အသွေး အားလုံးမြှင့်တင်ရေးအတွက် ဆရာဆရာမများကို ပိုမိုပြီး အရည်အသွေးမြင့်မားရေးအတွက် Pre Service Training များကို မြှင့်တင်ပြီး ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်တွေအဖြစ် အဆင့်မြှင့်တင်ပေးရန် ဆောင်ရွက်နေပါကြောင်း၊ ဆရာဆရာမများကိုလည်း In Service Training များများပေးပြီး ဆောင်ရွက်မည်ဆိုပါက ကျောင်းများ၏ အရည်အသွေးများသည် ပိုမို မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသကဲ့သို့  မူလတန်းကျောင်းများတွင် တက်ရောက်ခွင့်ရပါက သူတို့၏ ဒေသအတွင်းရှိ  အထက်တန်းကျောင်း များတွင် ဆက်လက်ပြီး ပညာသင်ယူခွင့်ရရှိရေးကိုလည်း အကောင်းဆုံးစဉ်းစားပြီး စိစစ်ပြီးတော့ လာမည့် ပညာသင်နှစ်တွင် စိစစ်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား  ပါသည်။