(ခ)-သစ်တောပြုန်းတီးမှုနှင့် လယ်ယာမြေပဋိပက္ခ ဖြစ်ခြင်းမှကာကွယ်ရန်၊ရွှေ့ပြောင်းတောင်ယာစိုက် ပျိုးခြင်း စနစ်အားအစားထိုးရန်အတွက် ခိုင်မာကျစ် လစ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံကိန်းများ လုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၄) ရက်မြောက်နေ့ (၃၁.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr khin si thuရွှေ့ပြောင်းတောင်ယာစနစ်သည် သစ်တောနည်းဥပဒေများ၏ ပုဒ်မ ၂ ပုဒ်မခွဲ(ဍ)အရ ရွှေ့ပြောင်း တောင်ယာဆိုသည်မှာ သစ်ပင်ခုတ်လှဲခြင်း၊ မီးရှို့ခြင်းဖြင့် တစ်နေရာထဲတွင် အတည်တကျ ထွန်ယက်စိုက်ပျိုးခြင်း မရှိဘဲ ရွှေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည်သစ်တောပြုန်းတီးစေသည့်အဓိကအကြောင်းအရင်း(၅)ချက်ထဲက (၁) ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုအနေအထားသည် ၁၉၉၀ ခုနှစ်မှ  ၂၀၁၀ ပြည့်နှစ်အထိ ဝ.၉၉ ရာခိုင်နှုန်း၊  ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ၁.၇၃ ရာခိုင်နှုန်းထိရှိပြီး နှစ်စဉ်ဟတ်တာပေါင်း ၅၄၆၀၀၀ ခန့် ပြုန်းတီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ရွှေ့ပြောင်း တောင်ယာစနစ်ကြောင့် မိုးရေခေါင်းပါးမှု၊ မြေဆီလွှာခန်းခြောက်မှုကို ဖြစ်စေသည့် အပြင် ၎င်းတောင်ယာအတွက် သစ်တောပင်များ မီးရှို့မှုကြောင့် Carbon ဓာတ်ငွေ့များ ထုတ်လုပ်မှုကို လည်း ဖြစ်ပေါ်စေပါကြောင်း၊

  ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျင့်သုံးစိုက်ပျိုးရသည့်တောင်သူများသည် စိုက်ပျိုးစရာ ကိုယ်ပိုင်မြေတွေမရှိဘဲ ၎င်းတို့၏ အသက်ရှင်ဘဝရပ်တည်ရေးအတွက် တောင်ပေါ်တက်ကုန်းမြင့် ပေါ်တက်ပြီး ဒုက္ခကြီးစွာနှင့် စိုက်ပျိုးနေရခြင်းဖြစ်ပါကြောင်း၊

ရှေးအစဉ်အဆက်အစိုးရက ရွှေ့ပြောင်းတောင်ယာပပျောက်ရေးစနစ်ကို ကျစ်လစ်သည့်ဥပဒေ၊ နည်းဥပဒေနှင့် ထိရောက်စွာအရေးတယူဆောင်ရွက်မှုပေးရန် အားနည်းခဲ့ပါကြောင်း၊ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေငြာစာတမ်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်အောက်၌ လယ်ယာကဏ္ဍတွင် ရွှေ့ပြောင်း တောင်ယာ စနစ်ပပျောက်စေရန် ပညာပေးလေ့ကျင့်ပေးမည်ဟူ၍လည်း ကြေညာပြီးဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာသည် သစ်ပင်ကြီးငယ်ဝါးပင်ခြုံပင်များကို အကုန်ခုတ် မီးရှို့ရခြင်းဖြစ်သည့် အတွက် Eco System ပျက်စီးခြင်း၊ Carbon များစွာထွက်ခြင်း၊ တောနက်များ မရှိတော့ဘဲ သားကောင်တိရစ္ဆာန်များလည်း မရှိသလောက်ရှားပါးလာခြင်း၊ ရာသီဥတုများ ဖောက်ပြန်လာ ခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းထက် အစားထိုး စီးပွားရေးပုံစံဖြင့် (၁၂)လရာသီစိုက်ပျိုးရသည့် အသီးအနှံ၊ အစားထိုးသီးနှံစိုက်ပျိုးခြင်းကို ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် (၁)ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းစနစ်နှင့် နှစ်ပေါင်းများစွာတောင်ယာ စိုက်ပျိုးသူ များကို ၎င်းတို့၏ ဆင်းရဲတွင်းမှလွတ်မြောက်ရန်၊ သစ်တောပြုန်းတီးမှုကာကွယ်ရန်၊ လယ်ယာမြေ ပဋိပက္ခဖြစ်ခြင်းမှ ကာကွယ်ရန်ကို အခြေခံပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းစနစ်အား အစားထိုးရန်အတွက် ခိုင်မာ ကျစ်လစ်သည့်မူဝါဒဥပဒေ၊ နည်းဥပဒေများ၊ စီမံကိန်းများ လုပ်ဆောင်ရန်အစီအစဉ်ရှိ/မရှိ၊ (၂) မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်နှင့် (၃) ရှိပါက မည်သို့မည်ပုံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဒုတိယကာလတို ငါးနှစ်လယ်ယာကဏ္ဍမူဝါဒ ၁၀ ရပ်ကို ချမှတ်ဆောင်ရွက်ရာတွင် မြေယာအသုံးချမှုနှင်‌့ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ် ၁၂ ရပ်ရှိသည့်အနက် တောင်ပေါ်ကုန်းမြင်‌့ဒေသများတွင် အလှည့်ကျ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းများကို စနစ်တကျ မှတ်တမ်းတင်ခြင်း ဆောင်ရွက်သွားရန်နှင့် ရိုးရာအစဉ်အလာနှင့်တိုင်းရင်းသားလူမျိုးစု မြေယာအခွင်‌့အရေးများကို အလေးထားသည့်နည်းတူ ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်ခြင်းနှင်‌့ တောင်စောင်းဒေသစိုက်ပျိုးနည်းစနစ် သုံးစွဲခြင်းတို့ကို နည်းပညာပေး ကူညီဆောင်ရွက်သွားရန် လုပ်ငန်းစဉ်တစ်ရပ် ပါဝင်ပါကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွှေ့ပြောင်းတောင်ယာများကို စနစ်တကျ ကုန်းမြင့် လယ်ယာ များအဖြစ် ပြောင်းလဲဖော်ထုတ်ရာတွင် ဒေသ၏အမှန်တကယ် လိုအပ်ချက်နှင်‌့ ဖော်ထုတ်နိုင်မည့် အခြေအနေများကို ကိုက်ညီရန်လိုအပ်ခြင်းဖြစ်သည့်အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်မှစတင်ပြီး တိုင်းဒေသကြီးနှင်‌့ ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုနှင်‌့ ၎င်းတို့၏ ခွင်‌့ပြုရန်ပုံငွေအတွင်း ထည့်သွင်းလျာထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေ ဖြင့် ကျွမ်းကျင်မှုနည်းပညာနှင်‌့ စက်ယန္တရားပါဝင်ကူညီဖြည့်စည်းမှုများနှင့် ပူးပေါင်းအကူအညီပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတော်အနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နယ်စပ်ဒေသ သီးနှံအစားထိုး စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့မှ ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါးပပျောက်ရေး (၅)နှစ် စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်သည့်နှစ်အတွင်းတွင်လည်း ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်တို့တွင် ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဌာနအစီအစဉ်ဖြင့် ဧက ၇၅၀၊  တောင်သူအစီအစဉ်ဖြင့် ဧက ၃၀၀ စုစုပေါင်းဧက ၁၀၅၀ ကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အလားတူ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ၈၈၅  ဧကဖြင့် တောင်သူအစီအစဉ်နှင့် ၇၆၅ ဧက နှစ်ရပ်ပေါင်းဧက ၁၆၅၀ ကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်စောင်းဒသစိုက်ပျိုး နည်းစနစ်ကို ကယားပြည်နယ်၊ ချင်းပြည်နယ်တွင်၊ ရှမ်းပြည်နယ်တို့တွင်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘိန်းသီးနှံစိုက်ပျိုးမှုလျော့ကျစေရန် တောင်ကုန်း၊ တောင်စောင်းဒေသများတွင် မြေဆီလွှာတိုက် စားမှုကာကွယ်စေပြီး ရွှေ့ပြောင်းတောင်ယာစနစ်မှ တည်ငြိမ်သည့် စိုက်ပျိုးရေးစနစ်ပြောင်းလဲ လာစေဖို့ တောင်သူများအသိပညာပေး ဆွေးနွေးမှုများကိုလည်း  ပို့ချဆောင်ရွက်လျက်ရှိ ပါကြောင်း၊

နိုင်ငံတော်အစိုးရသစ်ကာလ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ပြည်နယ်သုံးခုတွင် ကုန်းမြင့် လယ်ယာမြေဧက ၁၆၅၀ ကို ဖော်ထုတ်ဆောင်ရွက်ပေးပြီးဖြစ်သကဲ့သို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင်လည်း ပြည်နယ်သုံးခုတွင် ကုန်းမြင့်လယ်ယာမြေဧက ၁၃၄၈ ဧက  ဖော်ထုတ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

ကယားပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ၃၀၀၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ဧက ၁၀၀၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဧက ၂၀၀ ကို ဖော်ထုတ်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် ကုန်းမြင်‌့လယ်ယာမြေဧက ၂၅၀ ကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယခုအခါ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးစနစ် (Sustainable Agriculture)ဖြစ်တည်ရန် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ခြင်းနှင့်အတူ  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနည်းစနစ်တို့ကို ယှဉ်တွဲဖော်ဆောင်ပြီး စီးပွားရေးတွက်ချေကိုက်၍ တောင်သူ အလွယ်တကူ လိုက်ပါဆောင်ရွက်နိုင်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊ သီးနှံ သစ်တောရောနှော စိုက်ပျိုးခြင်းစသည်တို့ကို ပညာပေးဆောင်ရွက်လျက်ရှိပြီး တောင်သူများလိုက်ပါဆောင်ရွက်မှု တိုးတက်လာစေရေးအတွက်လည်း အစီအမံများချမှတ်ပြီး စည်းရုံးပညာပေးဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာဒေါ်ခင်စည်သူ(လွိုင်ကော်) ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ရွှေ့ပြောင်းတောင်ယာနှင့် ပတ်သက်၍ဖြေကြားချက်များတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပူးတွဲဆောင်ရွက်နေခြင်းမျိုးကိုသာတွေ့ရှိရပြီး သီးခြားစီမံကိန်းကို ရှိကြောင်းကို ဖြေကြားခြင်းမရှိပါကြောင်း၊ ၂၀၁၃-၂၀၁၄၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ များတွင်ဆောင်ရွက်ခဲ့သော မြေကုန်းမြင့်ထုတ်ဖော်ခြင်း၊ အစားထိုးသီးနှံပေးအပ်ခြင်းများသည် ဘိန်းစိုက်တောင်သူများကို အဓိကဆောင်ရွက်ပေးသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ရွှေ့ပြောင်းတောင်ယာအတွက် စီမံကိန်းကို ကျစ်ကျစ်လျစ်လျစ်နှင့် ဥပဒေများ ထုတ်ထားခြင်း၊ စနစ်များဆွဲပြီးထားခြင်း ရှိ/မရှိဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

          အစားထိုးသီးနှံတွေကို စိုက်ပျိုးရာတွင် တစ်ဘက်ကလည်း တောင်ယာစိုက်ပျိုးမှု စနစ်ပပျောက်ပြီး ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းကို တွင်ကျယ်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ တောင်ယာစနစ်စိုက်ပျိုးရေးအတွက် ကုန်းမြင့် လယ်ယာမြေဖော်ထုတ်ခြင်းကို နည်းပညာပေးအကူအညီဆောင်ရွက်သွားမည့်မူဝါဒနှင့် လုပ်ငန်းစဉ်ကို အတိအကျပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊  ထို့ကြောင့် ရွှေ့ပြောင်းတောင်ယာ စနစ် ပပျောက်ရေးအတွက် အဓိက ဆောင်ရွက်သည့် လုပ်ငန်းနည်းများသည် စနစ်တကျ ကုန်းမြင့် လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းကို နိုင်ငံတော်၏ အင်အားနှင့် ဆောင်ရွက်သကဲ့သို့ တောင်သူ များကို ပညာပေးစည်းရုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။