(က)-ပြည်တွင်း၌စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူ လယ်သမားများအား ကမ္ဘာ့နိုင်ငံများ၌ အသုံး တွင်ကျယ်နေပြီး ဈေးကောင်းလည်းရသော အော်ဂဲနစ် စိုက်ပျိုးရေး နည်းပညာများ စနစ်တကျ တိုးတက်အောင်မြင်လာရေးကူညီဆောင်ရွက်ပေး ရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၄) ရက်မြောက်နေ့ (၃၁.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u ohn khinမြန်မာနိုင်ငံသည် ယခင်ကတည်းက အောဂဲနစ်စိုက်ပျိုးရေးနိုင်ငံဖြစ်ပါကြောင်း၊ လယ်များတွင် နွားချေး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊မြေဆွေးများကိုအသုံးပြုပြီးလုပ်ကိုင်ခဲ့ကြပါကြောင်း၊ သို့သော်လွန်ခဲ့သော အနှစ် ၅၀ ကျော်မှစပြီး ပုလဲဓာတ်မြေသြဇာအပါအဝင် ဖော့စ်ဖိတ်ဓာတ်မြေသြဇာ၊ ပိုတက်စီယမ် အစရှိ သည့် ဓာတ်မြေသြဇာများကို စက်ရုံထုတ်ဓာတ်မြေသြဇာအဖြစ်ပြောင်းလဲသုံးစွဲလာခဲ့ကြပါကြောင်း၊  ယခုအခါ စက်ရုံထုတ်ဓာတ်မြေသြဇာအပြင် စက်ရုံထုတ်သည့် အားပြင်းပိုးသတ်ဆေးများကိုပါ တွင် ကျယ်စွာ သုံးစွဲသည့်ခေတ်ရောက်လာပြီးနောက် အလွန်အကျွန်သုံးစွဲမှုများ ဖြစ်ပေါ်လာသည့်အတွက် မြေဆီလွှာပျက်စီးမှုများ ဖြစ်လာပါကြောင်း၊ ငွေကုန်သော်လည်း အကျိုးမရဖြစ်နေပါကြောင်း၊ ဓာတု ဓာတ်ကြွင်းမှုများရှိ၍ ဈေးကွက်တင်သည့်အခါ ဈေးနှိမ်သည်များကိုလည်း တွေ့ရပါကြောင်း၊ စက်ရုံ ထုတ်ပိုးသတ်ဆေးများကြောင့် ခုတ်ရာတခြား၊ ရှရာတလွဲဖြစ်ပြီးဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ် စေပါကြောင်း၊ မိမိတို့အဓိကအားထားနေရသည့် စိုက်ပျိုးရေးကို အောဂဲနစ်စိုက်ပျိုးရေး နည်းလမ်းများ နှင့် ကူညီအားပေးမည်ဆိုပါက မြေယာအသုံးပြုမှုတွင် ဆိုးကျိုးနည်းပြီး အထွက်နှုန်းပိုလာခြင်း၊ ဓာတု ဆေးမဟုတ်ဘဲ အော်ဂဲနစ်ပိုးသတ်ဆေးများ၊ အော်ဂဲနစ်မြေသြဇာတို့အသုံးပြုမှုကြောင့် ဇီဝပတ်ဝန်း ကျင်ကိုလည်း အထောက်အကူပြုပြီး နေချင်စဖွယ်လောကကိုဖြစ်စေပါခြင်း၊ စက်ရုံထုတ်ပိုးသတ် ဆေးနှင့်ဓာတ်မြေသြဇာ အသုံးလျော့လာခြင်း၊ ကျန်းမာရေးကို ထိခိုက်စေမည့် ဓာတ်မြေသြဇာ နည်းသွား သည့်အတွက် စားသုံးသူများကို အထောက်အကူပြုသဖြင့် ဆေးကုသမှု ကုန်ကျစရိတ် သက်သာသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဆေးကုသမှုစရိတ် သက်သာ လာနိုင်ပါကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် နိုင်ငံတကာတွင်လည်း အော်ဂဲနစ်ပစ္စည်းကို မှန်ကန် ကြောင်းသတ်သေပြနိုင်ပြီး ရောင်းရသည့်နေရာတွင် ဈေးနှုန်းပိုရနိုင်သည့်အတွက် စီးပွားရေး အရတွက် ခြေကိုက်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းတောင်သူလယ်သမားများ ကမ္ဘာတွင် အသုံးများ နေပြီး ဈေးကောင်းလည်းရသည့်အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာများကို စနစ်တကျတိုးတက် အောင်မြင်လာစေရေး ကူညီဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawအော်ဂဲနစ်စိုက်ပျိုးရေးဆိုသည်မှ ဓာတုပစ္စည်းများ လုံးဝသုံးစွဲခြင်းမရှိဘဲ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည့် အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း၊ စားသုံးသူများအနေဖြင့် ဓာတု ပစ္စည်းများ၏အကျိုးသက်ရောက် စေနိုင်မှုကို ရှောင်ရှားနိုင်မှာဖြစ်သည့်အတွက်ကြောင့်၊ ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် အော်ဂဲနစ်စိုက်ပျိုးရေး တွင်ကျယ်လာခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် သဘာဝမြေသြဇာနှင့် ဇီဝပိုးသတ်ဆေးများကိုသာ သုံးစွဲစိုက်ပျိုးပါကြောင်း၊ အော်ဂဲနစ်စိုက်ပျိုးရေးကို စီးပွားဖြစ်ဆောင်ရွက်မည်ဆိုပါက  တစ်ဦးတစ်ယောက်ခြင်း၊ တစ်ကွက်ခြင်း ဆောင်ရွက်ရန်မဖြစ်နိုင်ဘဲ အများနှင့်စုပေါင်းပြီး ဧရိယာတစ်ခု သို့မဟုတ် ဇုန်တစ်ခုတည်ထောင်ပြီး ကူးပြောင်းဆောင်ရွက်ရသည့်အတွက် ရာသီသီးနှံများနှစ်နှစ် နှင့် နှစ်ရှည်သီးနှံများတွင်သုံးနှစ် ကာလ အသွင်ကူးပြောင်းမှုအချိန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာတွင် အော်ဂဲနစ်စိုက်ပျိုးခြင်း မှထွက်လာသည့် သီးနှံများ၏ဈေးနှုန်းသည် ပုံမှန်စိုက်ပျိုးထုတ်လုပ်သည့် သီးနှံဈေးနှုန်းများထက် နှစ်ဆမှငါးဆခန့် ပိုမို ရရှိသော်လည်းအမှန်စိုက်ပျိုးထုတ်လုပ်သုံးစွဲမှုပမာဏသည် ရာခိုင်နှုန်းအနည်းငယ်သာရှိသည်ကို စိစစ်သိရှိရပါကြောင်း၊ ထို့အတူ ပြည်တွင်းဈေးကွက်တွင်လည်း အော်ဂဲနစ်သီးနှံ၏ ဈေးနှုန်းသည် ပုံမှန်စိုက်ပျိုးထုတ်လုပ်သည့် သီးနှံဈေးနှုန်းနှင့် သိသာစွာကွာခြားမှုမရှိသေးသည့် အခြေအနေဖြစ်နေ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးအတွက် အခြေခံကောင်းများရရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊  

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုစိုက်ပျိုးရေးသုတေသနနှင်‌့ လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(CARTC)တွင် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ စိုက်ပျိုးရေးဝန်ထမ်းများကို တောင်သူများဆင့်ပွားပညာပေးနိုင်ရန်အတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ အခြား စိုက်ပျိုးရေး နည်းပညာသင်တန်းများတွင် အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာ သဘာဝမြေသြဇာပြုလုပ် သုံးစွဲသည့်နည်းပညာများကို  စာတွေ့၊ လက်တွေ့သင်ကြားပို့ချခြင်းနှင့် အဆိုပါ စိုက်ပျိုးရေးဝန်ထမ်း များ မှ တစ်ဆင့် နည်းပညာပြန့်ပွားစေခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံနှင့် သုတေတန ဖွံ့ဖြိုးရေးဌာနများတွင် ဓာတုဆေးလွတ်အော်ဂဲနစ်စံပြစိုက်ခင်းများစိုက်ပျိုးပြီး တောင်သူများလက်တွေ့ပြသ ပေးထားပါ ကြောင်း ၊ သဘာဝမြေသြဇာ၊ ရွက်ဖျန်းမြေသြဇာ၊ တီကောင်စွန့်ပစ် မြေသြဇာစသည့် အောဂဲနစ် မြေသြဇာများကို လက်တွေ့ပြုလုပ်ပညာပေးပြီး ဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အော်ဂဲနစ် မြေသြဇာများ၏ သီးနှံများအပေါ် အကျိုးသက်ရောက်မှုကို သုတေသနပြုဆောင်ရွက်လျက်ရှိပြီး တောင်သူတွေနည်းပညာများကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။