(ခ)-မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စုတွင် ရှိ သောအ.မ.ကရှားတော(သပြေ)ကျောင်း၏အန္တရာယ် ရှိသော ကျောင်းဆောင်အား ဖျက်သိမ်း၍ ကျောင်း ဆောင်အသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

khin maung lattမြန်အောင်မြို့နယ် သပြေကုန်းအုပ်စုတွင်ရှိသော ရှားတောကျေးရွာ အစိုးရမူလတန်း ရှားတော (သပြေ)ကျောင်းတွင် ဇီးဖြူကွင်းကျေးရွာနှင်‌့ ရှားတောကျေးရွာရှိ မူလတန်းအဆင်‌့ ကလေးငယ်များ စာသင်ကြားရာ ကျောင်း ဖြစ်ပါကြောင်း၊ ဇီးဖြူကွင်းနှင်‌့ရှားတောကျေးရွာတို့တွင် အိမ်ခြေ ၂၂၇ ၊ လူဦးရေ ၈၀၀ ခန့် နေထိုင် လျက်ရှိပြီး၊ မူလတန်းအဆင်‌့ ကျောင်းနေအရွယ် ကလေးငယ် ၁၁၀ ဦးခန့်ရှိပါကြောင်း၊အ.မ.က ရှားတော(သပြေ)ကျောင်းတွင် ကျောင်းသားဦးရေ သူငယ်တန်းမှ စတုတ္ထတန်းအထိ ၅၈ ယောက်ရှိပြီး ကျောင်းအဆောက်အဦမှာ သစ်သားတစ်ထပ်ကျောင်းဆောင် ဖြစ်ပါကြောင်း၊ ကျောင်းဆောင်သက်တမ်းမှာ နှစ် ၃၀ ခန့်ရှိပြီး အကာ၊ ကြမ်းခင်း၊ ဆင်‌့၊ ပေါင်းကွတ်နှင်‌့ တိုင်များမကောင်းတော့ပါကြောင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် ငါးကြိမ်တင်ပြထားသော်လည်း ယနေ့အထိအရေးယူဆောင်ရွက်ခြင်း မရှိသေးပါကြောင်း၊ စာသင်ကြားရန်အန္တရာယ်ရှိသော ကျောင်းဆောင် ဖြစ်ပါပြီး အစားထိုးစာသင်ကြားရန်အတွက် အခြားကျောင်းဆောင်လည်း မရှိပါ ကြောင်း၊ မြန်အောင်မြို့နယ်အတွင်း အဆိုရွား ဆုံးယိုယွင်းပျက်စီးနေသော ကျောင်းဆောင် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

မြို့နယ်အတွင်း မူခွဲကျောင်းဆောင်တစ်ခု ပေ ၉၀ x ပေ ၃၀ ကျောင်းဆောင် ဆောက်ခွင့် ရခဲ့သော်လည်း  ၎င်းကျောင်းဆောင်သည် အမေ့ခံ၊ မပယ်ခံကျောင်းအဖြစ် ငါးကြိမ်တိုင်တိုင် ခံစားခဲ့ရပါကြောင်း၊ သို့ပါ၍ အ.မ.က ရှားတော(သပြေ) အန္တရာယ်ရှိ ကျောင်းဆောင်အား အသစ်ဆောက်လုပ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့်  ယခုစာသင်နှစ်အတွင်း ၎င်းကျာင်းမှ ကျောင်းသားကလေးငယ်များ၏ အန္တရာယ်ရှိကျောင်းဆောင် ပြင်ပစာသင်ကြားမှုအစီအစဉ်ကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyiဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ ရှားတော (သပြေ)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း သည်  ၅၀ x ၂၃ ပေ သွပ်မိုး၊ ထရံကာ၊ ပြင်ခင်း တစ်ထပ်ဆောင်ဖြစ်ပါကြောင်း၊ ကျောင်းဆောင်သည် သက်တမ်း ကြာမြင့်ခြင်း၊ အကာထရံများဆွေးမြေ့ပေါက်ပြဲခြင်း၊ သစ်သားကြမ်းခင်းများဆွေးမြေ့ နေခြင်းတို့ကြောင့် ယခု ပညာသင်နှစ်တွင်အန္တရာယ်ကင်းစွာနှင်‌့ သင်ကြားရေးအဆင်ပြေစေရန် အတွက် သစ်သားအခင်း များကို ဖျက်ပြီး မြေပေါ်တွင်ကွပ်ပျစ်များ၊ စာရေးခုံများ၊ ထိုင်ခုံများပြုလုပ်ပြီး သင်ကြားသင်ယူမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေကျပ် ၄၄.၁ သန်းဖြင့် ၆၀ x ၃၀ ပေ RC တစ်ထပ် ဆောက်လုပ်ခွင်‌့ရရှိထားသည့် မြန်အောင်မြို့နယ်၊ ကာစီကွင်းအခြေခံပညာ မူလတန်း အစား ယခုတင်ပြထားသည့်ရှားတော(သပြေ)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအဖြစ် ကျောင်းအမည်ပြောင်းလဲဆောက်လုပ်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘော ထားမှတ်ချက်လည်း ရရှိထားပြီးဖြစ်သည့်အတွက်ကြောင့် အခြေခံပညာဦးစီးဌာနအနေဖြင့် စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် တင်ပြအတည်ပြုချက်ရယူပြီး ဦးစားပေးအစီအစဉ်ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။