မေးခွန်း အကြောင်းအရာ
ဆက်သွယ်ရေးစနစ် ကောင်းမွန်အဆင်ပြေမှုသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည့် ညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးစနစ်များ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူများသည် ဈေးကွက်နှင့်အလှမ်းဝေးသော်လည်း ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံးဈေးနှုန်းကို ရရှိလာကြပါကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်သည့် အချိန်တွင် အမြန်ဆုံးပြန်လည် တုံ့ပြန်နိုင်ရန်အတွက် ဆက်သွယ်ရေးကောင်းမွန်ရန် အလွန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ကရားကျေးရွာအုပ်စုမှ MPT ဆက်သွယ်ရေးတာဝါတိုင် အမှတ် (SGG 00477) ကို နှစ်စဉ်ရေမြုပ်သည့် ယာခင်းတစ်ခုထဲတွင် စိုက်ထူထားပါကြောင်း၊ အဆိုပါတာဝါတိုင်မစိုက်ထူမီက ကရားရွာတွင် GSM အော်တိုတယ်လီဖုန်းခေါ် အထိုင်ဖုန်းများနှင့် ရပ်ဝေးရပ်နီးပြောဆို၍ အဆင်ပြေကြောင်း တာဝါတိုင်စိုက်ပြီးနောက် အထိုင်ဖုန်းများ ပြော၍မရတော့ပါကြောင်း၊ မိုဘိုင်းဖုန်းများတွင်လည်း တစ်ဖက်သာကြားရပြီး အခြားတစ်ဖက်က ကောင်းစွာမကြားရဘဲ ဆူညံသံများသာ ထွက်နေပါကြောင်း၊ ၂၉-၄-၂၀၁၇ ရက်နေ့က ကရားရွာကို မိမိရောက်သည့်အခါတွင် ပြောပြ၍သိရပါကြောင်း၊ ထို့ကြောင့် ရွာနှင့်တစ်မိုင်ကျော်ကျော်ဝေးသော်လည်း တာဝါတိုင်ရှိရာနေရာကို ကိုယ်တိုင်လည်း ဖုန်းဆက်သွယ်ကြည့်သည့်အခါ သူတို့ပြောသည့်အတိုင်း ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊
ထိုတာဝါတိုင်သည် ယာခင်းတစ်ခုထဲတွင် စိုက်ထူထားခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပေါ်သည့်အခါ ဆက်သွယ်ရေး လုံးဝပြတ်တောက်သွားသည်ဟု သိရှိရသည့်အတွက် ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု အတွင်းမှာရှိ ဆက်သွယ်ရေးတာဝါတိုင် (SGG 00477) ကို မည်သို့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖောင်းပြင်မြို့နယ်အတွင်း ဖောင်းပြင်မိုက္ကရိုစခန်း၊ ကျီးပင်ရွာ၊ ရွာသာရွာ၊ လယ်ဦးရွာ၊ ကယားရွာ၊ နန်းဘုန်းရွာ၊ ရွှေထီးကုန်းရွာ၊ စန္ဒားရွာ၊ ညောင်ကုန်းရွာနှင့် အုန်းကျောင်းရွာသစ်တို့မှ စခန်းတစ်ခု GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း GSM စခန်း ၁၀ ခုကို ဖွင့်လှစ်ထားရှိပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မိုင်းချောင်းရွာ၊ ဖောင်းပြင်မြို့ပေါ်နှင့် ဟာပါရွာတို့တွင် စခန်းတစ်ခုစီ စုစုပေါင်း GSM စခန်းသုံးခုကိုလည်း တိုးချဲ့တည်ဆောက် နိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊
တယ်လီနောမြန်မာလီမိတက်အနေဖြင့် ဖောင်းပြင်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် GSM စခန်းတစ်ခု တည်ဆောက်ထားရှိပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလားတူ အူရီဒူးမြန်မာလီမိတက်အနေဖြင့်လည်း ဖောင်းပြင်မြို့နယ် အမှတ် (၃၅၆/က)၊ ရွှေတောင်ကွင်း၊ အောင်ဆန်း (၁) လမ်း၊ နန်းဘုန်းရွာနှင့် ကုန်းအောက်တောင် ကျေးရွာတို့တွင် GSM စခန်းတစ်ခုစီ စုစုပေါင်း GSM စခန်းသုံးခုကို တည်ဆောက်ထားရှိပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ရာတွင် တာဝါတိုင်တည်ဆောက်ခြင်း၊ အဝေးမိုက္ကရိုဝေ့ဗ်၊ ဖိုင်ဘာ သို့မဟုတ် ဂြိုဟ်တုဆက်သွယ်ရေး ဆက်ကြောင်းများဖြင့် ချိတ်ဆက်ရခြင်း၊ ရာသီဥတုအခြေအနေ၊ မြေပြင်အနေအထား၊ လျှပ်စစ်ဓာတ်အားရရှိနိုင်မှု အခြေအနေစသည်တို့အပေါ် မူတည်ပြီး တည်ဆောက်ရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မီးလောင်ခြင်း၊ ဖျက်ဆီးခံရခြင်း၊ ခိုးယူခံရခြင်းစသည့် ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများလည်း ရှိပါကြောင်း၊
ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု၊ ဆိုဒ်အမှတ် (SGG 00477) ကရားစည်ရွာတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တည်ဆောက်ထားရှိသည့် GSM စခန်းတွင် ၅-၇-၂၀၁၇ ရက်နေ့တွင် ရေကြီး ခြင်းကြောင့် ပါဝါပိတ်သိမ်းခဲ့ရပါကြောင်း၊ အဆိုပါနေရာတွင် GSM စခန်းအား ဆက်သွယ်မှုကွန်ရက် လွှမ်းခြုံနိုင်မှုအပေါ် မူတည်၍သော်လည်းကောင်း၊ အမြင့်မီတာ ၈၀ ရှိသည့် Guy Tower အမျိုးအစား ဖြစ်ခြင်းကြောင့် ဆိုင်းကြိုးများ သွယ်တန်းရန်လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းအရသော်လည်းကောင်း၊ နယ်မြေဒေသဆက်သွယ်မှု လျင်မြန်စွာရရှိနိုင်ရေးအတွက်သော်လည်းကောင်း ဦးစား ပေးရွေးချယ်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊
အဆိုပါစခန်းအား ရေနစ်မြုပ်ခြင်းမှ ကင်းလွတ်ပြီး ဆက်သွယ်ရေးကောင်းမွန်စေမည့် အခြားသင့်တော်သည့် တစ်နေရာသို့ ရွှေ့ပြောင်းပေးနိုင်ရေးအတွက် မြေနေရာရှာဖွေခြင်း၊ Survey ပြုလုပ်ခြင်း၊ ဆိုဒ်ဒီဇိုင်းရေးဆွဲ အတည်ပြုခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းတာမှုများပြုလုပ်ခြင်းတို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သက်ဆိုင်ရာကုမ္ပဏီနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
