မေးခွန်း အကြောင်းအရာ
ဆောမြို့နယ်၊ လယ်ဖြူကျေးရွာအုပ်စုအတွင်းရှိ လယ်မြေ၊ ယာမြေများသည် မိုးကောင်းသော် လယ်မြေများဖြစ်ပါကြောင်း၊ မိုးရေအဓိကထားအားထား ရသည့်အတွက် မိုးကောင်း သည့်နှစ်မှာသာ စပါးသီးနှံကို စိုက်ပျိုးရခြင်းဖြစ်ပါကြောင်း၊ အကယ်၍ လယ်ဖြူ ကျေးရွာ၏အနောက်တောင်ဘက် သံပုရာတောင်နှင့် မင်းချင်းတောင်နှစ်ခုကြား ပိတ်ပြီး ဆည်တာတမံတည်ဆောက်ပေးမည်ဆိုပါက ရေမြေလွန်စွာကောင်းမွန်ပြီး၊ ရေသွင်းမြောင်းများဖြင့် တစ်နှစ်ကို နှစ်သီးစား စပါး၊ မြေပဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နေကြာ စတဲ့သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ လယ်ဖြူ ကျေးရွာအုပ်စုတွင် လယ်မြေ ၁၉၁.၀၇ ဧက၊ ယာမြေ ၁၈၉.၃၁ ဧက စုစုပေါင်း ဧရိယာ ၃၈၀.၃၈ ဧကကို ရာသီမရွေးစိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာလူထု စီးပွားရေးဖွံ့ဖြိုး တိုးတက်လာ မည်ဖြစ်ပါသဖြင့် မင်းချင်းဆည်တမံအား နိုင်ငံတော်ဘဏ္ဍာငွေဖြစ် တည်ဆောက်ပေးသင့်ပါကြောင်းနှင့် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လယ်ဖြူကျေးရွာတွင်ရှိသည့် လယ်ယာမြေများကို စိုက်ပျိုးရေ ပေးဝေနိုင်ရန်အတွက် ရေလှောင်တမံတည်ဆောက်ပေးရန် အဆိုပြုသည့်နေရာသည် ဆောမြို့နယ်၊ လယ်ဖြူ ကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာ မင်းချင်းချောင်းပေါ်တွင် ဖြစ်ပါကြောင်း၊ ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုအခြေအနေအရ မိုးကိုသာ အဓိကအားထားစိုက်ပျိုးနေရသည့်အတွက် မိုးကောင်းသည့်နှစ်တွင် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းနိုင်မှုရှိပါကြောင်း၊ မင်းချင်းချောင်းပေါ်တွင် ရေလှောင် တမံတည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ လေ့လာနိုင်ရန်အတွက် လိုအပ်သည့် ဇလဗေဒနှင့် ဘူမိဗေဒ ဆိုင်ရာ စူးစမ်းလေ့လာခြင်းလုပ်ငန်း၊ မြေပြင်အသေးစိတ် တိုင်းတာခြင်းနှင့် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားရယူခြင်းလုပ်ငန်းများကို အချိန်အတိုင်းအတာတစ်ခုယူပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
လိုအပ်သည့် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ပြီးသည့်နောက် ရေလှောင်တမံ တည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိပြီး ကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက်ချေကိုက်မှုနှင့် အမှန် တကယ်အကျိုးဖြစ်ထွန်းမှုရှိမည်ဆိုပါက ဒီဇိုင်းပုံစံပြုစုပြီး ခန့်မှန်းကုန်ကျငွေကို တွက်ချက်မှုနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည့် ရန်ပုံငွေကို လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်တွင် အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားနိုင် မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
