(င)-ပလက်ဝမြို့နယ်ရှိ လျှပ်စစ်မီး မရရှိသေးသော အိမ်ထောင်စုများအတွက်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီး တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့ (၂၁.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u sein aungပလက်ဝမြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာတစ်ခုဖြစ်ပါကြောင်း၊ နေအလင်းရောင်ထဲတွင်ရှိသည့် အလင်းမှုန်များက ဆိုလာပြားထဲတွင်ရှိသည့် လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းအားဖြင့် လျှပ်စစ်စီးကြောင်းကို ဖြစ်ပေါ်စေသော နည်းစနစ်ဖြစ်ကြောင်း လေ့လာသိရှိရသည့်အတွက် ၎င်း ဆိုလာစနစ်၏ အားသာချက်များမှာ အသုံးပြုသည့်စွမ်းအင်သည် နေရောင်ခြည်စွမ်းအင်ဖြစ်သည့်အတွက် မကုန်ခန်းနိုင်သည့် အပြင် အခမဲ့သုံးစွဲနိုင်ခြင်း၊ ဆိုလာစနစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ထွက်ရှိမှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခြင်း၊ အသုံးပြုရန်လွယ်ကူပြီး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ခြင်း၊ လှုပ်ရှားမှု အစိတ်အပိုင်းမပါဝင်သဖြင့် ဆူညံမှုလည်းမရှိခြင်း၊ လောင်စာမလိုအပ်သဖြင့် ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်း စသည်တို့ဖြစ်ပါကြောင်း၊

မိမိတို့ပလက်ဝမြို့နယ်တွင် လက်ရှိစာရင်းအရ အိမ်ထောင်စုပေါင်း ၂၀၃၁၇ စု နေထိုင်လျက်ရှိရာ အလင်းရောင်အတွက် လျှပ်စစ်မီးသုံးစွဲနေသော အိမ်ထောင်စုမှာ ၁၀၄၈ စု ရာခိုင်နှုန်းအားဖြင့် ၅.၁၆ ရာခိုင်နှုန်းသာရှိသည့်အတွက် ကျန်ရှိသည့် ၉၄.၈၄ ရာခိုင်နှုန်းသော အိမ်ထောင်စုများမှာ ဖယောင်းတိုင်၊ ရေနံဆီမီးနှင့် ထင်းမီးများကိုသာ သုံးစွဲနေရသည့်အတွက် အလင်းရောင်အားနည်းခြင်း၊ ကုန်ကျစရိတ်မြင့်မားခြင်း၊ မီးခိုးကြောင့်ကျန်းမာရေးထိခိုက်ခြင်းနှင့် မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေရခြင်းစသည့် အခြေအနေများ ရှိနေကြပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကမ္ဘာ့ဘဏ်နှင့် ဒေသခံပြည်သူများပူးပေါင်း၍ မဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သော ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေး ငါးနှစ်တာစီမံကိန်းဆောင်ရွက်ရာ ပလက်ဝမြို့နယ်တွင် ယနေ့အထိ အိမ်ထောင်စု ၅၂၅၄ စုကိုသာ ဆိုလာမီးတပ်ဆင်ပေးနိုင်ပြီး ကျန်အိမ်ထောင်စု ၁၄၀၁၀ စုတို့တွင် ဖယောင်းတိုင်၊ ရေနံဆီမီးနှင့် ထင်းမီးများကိုသာ အသုံးပြုနေကြခြင်းဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အခြေအနေကို လေ့လာသည့်အခါ တစ်နိုင်ငံလုံးတွင် ၃၂.၄ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၁၅.၄ ရာခိုင်နှုန်းရှိသည့်အတွက် ပလက်ဝမြို့နယ်၏ ကျေးလက်ဒေသများတွင် လျှပ်စစ်မီး သော်လည်းကောင်း၊ မဟာဓာတ်အားလိုင်းသော်လည်းကောင်း ရရှိရန် ခက်ခဲမည်ဟု ယူဆပါကြောင်း၊ သို့ရာတွင် ယခုတင်ပြသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် မကုန်ခန်းနိုင်သော သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည့်အပြင် ကုန်ကျစရိတ်အနည်းဆုံး စနစ်တစ်ခုလည်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးဖြစ်သော ပလက်ဝမြို့နယ် အလင်းရောင်အတွက် ဆိုလာစနစ်မီးတပ်ဆင် ပေးနိုင်မည်ဆိုပါက ပညာသင်ကြားနေသည့် ကျောင်းသား/သူများအတွက်များစွာ အကျိုးကျေးဇူးရရှိပြီး ကျေးလက်နေပြည်သူတို့၏ လူနေမှုဘဝသည်လည်း အထိုက်အလျောက် မြင့်မားလာနိုင်မည် ဖြစ်သည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawနိုင်ငံတော်အနေဖြင့် ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေး စီမံကိန်း National Electrification Project (NEP) ကို  ကမ္ဘာ့ဘဏ်နှင့်ပေါင်းပြီး အမျိုးသားလျှပ်စစ်မီးလင်းရေး စီမံချက်ရေးဆွဲပြီးဖြစ်ပါကြောင်း၊ စီမံကိန်းအရ ကျေးရွာများရွေးချယ်သည့်အခါမှာလည်း မဟာဓာတ်အားလိုင်းမှ ၁၀ မိုင်ကျော်ကွာဝေးပြီး နောင် ၁၀ နှစ်အတွင်း ဓာတ်အားလိုင်းမရောက်နိုင်သည့် ကျေးရွာများ၊ ပြည်သူများအချိုးကျ ထည့်ဝင်နိုင်သည့် ကျေးရွာများကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ကျေးရွာပြည်သူများ  မိမိပိုင်ပစ္စည်ကဲ့သို့ သဘောထားစေပြီး တပ်ဆင်ပြီး System များကို အာမခံစနစ်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်ရေး၊ အရည်အသွေးကောင်းမွန် အာမခံချက်ရှိပြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူထည့်ဝင်ငွေ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်၊ အသေးစားကို Solar Home System ဖြင့်ဆောင်ရွက်ရန် ရှိပါကြောင်း၊ အသေးစားဓာတ်အား (Mini-grid) စနစ်တွင် ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းခန့် ပြည်သူကထည့်ဝင်ရမည် ဖြစ်ပါကြောင်း၊ ဒီလိုလုပ်ငန်းများ အကောင်အထည်ဖော်သည့် နေရာတွင်လည်း ကျေးရွာတွင်ရှိသည့် အများပိုင်အဆောင်အဦများ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ၁၀၀ ရာခိုင်နှုန်း အထောက်အပံ့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ယခင်နှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ အဆိုပါစီမံကိန်းအရ ချင်းပြည်နယ်၊ တီးတိန်၊  မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ တွန်းဇန်၊ ပလက်ဝ မြို့နယ်များမှာရှိတဲ့ ကျေးရွာပေါင်း ၂၉၀ ရွာ၊ အိမ်ခြေပေါင်း ၁၁၂၉၁ အိမ်၊ စာသင်ကျောင်းပေါင်း ၃၁၉ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၆၈၁ ကျောင်း၊ ကျန်းမာရေးအဆောက်အဦ ၁၂၄ ခုနှင့် လမ်းမီးတိုင်ပေါင်း ၁၄၅၀ တို့ကို စုစုပေါင်း ကျပ်သန်းပေါင်း ၄၄၀၀ ကျော်အကုန်အကျခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ပလက်ဝမြို့နယ်အတွင်းမှာဆိုရင်တော့ ကျေးရွာပေါင်း ၁၇၅ ရွာမှာ တစ်အိမ်သုံးဆိုလာစနစ်နဲ့ အိမ်ခြေ ၅၂၅၉ အိမ်နှင့် စာသင်ကျောင်း ၁၈၄ ကျောင်း၊ ကျန်းမာရေးဆေးပေးခန်း ၆၂ ခု၊ ဘာသာရေးအဆောက်အဦ ၃၇၆ ကျောင်းနှင့် လမ်းမီးတိုင် ၈၇၅ တိုင်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခု ချင်းပြည်နယ်အတွင်းဆောင်ရွက်မယ့် ကျေးလက်မီးလင်းရေး လုပ်ငန်းတွေအတွက် တင်ဒါအောင်မြင်တဲ့ LEMI Co.,Ltd က တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ကန်ပက်လက်မြို့နယ်အတွင်းမှာရှိ ကျေးရွာ ၅ ရွာမှာ ဆိုလာပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ တီးတိန်၊ မင်းတပ်၊ ထန်တလန်၊ တွန်းဇံ၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေအတွက် ဆိုလာပစ္စည်းများရောက်ရှိပြီးဖြစ်တဲ့အတွက် တပ်ဆြင်ခင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ်လကုန်မှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ ပလက်ဝမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးတဲ့ အိမ်ထောင်စု ၁၈၅၃၁ အိမ်ကို ဆိုလာစနစ်နဲ့မီးလင်းရေး ဆောင်ရွက်ဖို့အတွက် ပြည်သူမှ အချိုးကျထည့်ဝင်ငွေ ထည့်ဝင်ရန် အဆိုပြုတင်ပြထားတဲ့ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေပေါင်း ၁၀၂၂ အိမ်အတွက် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ဆိုလာမီးလင်းရေးဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်းနဲ့ ကျန်ရှိတဲ့အိမ်ထောင်စုတွေအတွက် NEP မူနှင့်ကိုက်ညီပြီး ပြည်သူမှ အချိုးကျထည့်ဝင်ငွေတွေ ထည့်ဝင်နိုင်မယ်ဆိုရင်တော့ ဘဏ္ဍာရေးနှစ်အလိုက် လျာထား တင်ပြအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားအပ်ပါတယ်။  ကျေးဇူးတင်ပါတယ်။