မေးခွန်း အကြောင်းအရာ
မြို့နယ်အတော်များများတွင် ဖရဲ၊ သခွားမွှေး၊ ကန်စွန်းဥ အစရှိသည့်သီးနှံများကို ဒေသခံမဟုတ်သည့် တောင်သူများက ဒေသခံတောင်သူများ၏ မြေယာများကို ငှားရမ်းစိုက်ပျိုးနေမှုများ မြို့နယ် တော်တော် များများတွင် တွေ့မြင်ကြားသိနေရပါကြောင်း၊ မြေယာငှားရမ်း လုပ်ကိုင်သူများအနေဖြင့် ၎င်းတို့ စိုက်ပျိုးသည့် သီးနှံထွက်ကုန်များ၊ သွင်းအားစုတွေဖြစ်သည့်မြေသြဇာ၊ ပိုးသတ်ဆေးများကို ကားကြီး များ နှင့် သယ်ယူပို့ဆောင်ကြသည့်အတွက် ဒေသတွင်း မြေလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်းများ ပျက်စီးမှုတွေ ရှိသည့်အတွက်ကြောင့်လည်းကောင်း၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ သုံးစွဲသည့် နေရာ များတွင် အလွန်အကျွံသုံးစွဲကြ သည်ဖြစ်သည့်အတွက် ၎င်းတို့ငှားရမ်းစိုက်ပျိုးပြီးသည့် မြေယာ များသည် နောက်တစ်နှစ်တွင် ဒေသခံတောင်သူများ ပြန်လည်စိုက်ပျိုးကြသည့်အခါ မြေဆီလွှာ ပျက်စီးမှုတွေဖြစ်ပေါ်ပြီး ဒေသထွက်သီးနှံတွေ စိုက်ပျိုးသည့်နေရာတွင် အဆင်မပြေသည့် မြေဆီလွှာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့်အတွက်လည်းကောင်း၊ အထက်ဖော်ပြပါလုပ်ငန်းများအတွက် သက်ဆိုင်ရာမြို့နယ်များတွင် အခွန်အခရရှိမှု မရှိကြောင်းနှင့် ရပ်/ကျေးဒေသများ အတွက်လည်း အကျိုးမပြုကြောင်း သိရှိနေရသည့်အတွက် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ အခန်း(၃) ပုဒ်မ ၉ ပုဒ်မခွဲ(ခ)တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ရသည့် သူသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်ကို သတ်မှတ်ထား သည့် စည်းကမ်းချက်နှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိစေရမည်လို့ ပြဋ္ဌာန်းထားပါကြောင်း၊ ၎င်းအခွင့်အရေးအရ တောင်သူများသည် မိမိလယ်မြေ၊ ယာမြေ များကို ငှားခရယူပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငှားရမ်းသည့် လယ်ယာမြေများကို စိုက်ပျိုးရေး လုပ်ငန်းအတွက်သာ အသုံးပြုရမှာဖြစ်ပြီး နည်းဥပဒေအခန်း(၅) နည်းဥပဒေ ၄၇ တွင် ပါသည့်အတိုင်း ငှားရမ်းတဲ့စာချုပ်ကို ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင် ချုပ်ဆိုရမည်ဖြစ်ပါ ကြောင်း၊ ၎င်းစာချုပ်ကို ရက်ပေါင်း ၁၂၀ အတွင်း သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း၊ သို့သော်လက်ရှိအနေအထားတွင် အသစ်ရေးဆွဲ ထားသည့် စာချုပ်စာတမ်းဥပဒေကြမ်းနှင့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော် တွင် တင်ပြထားဆဲ၊ ဆွေးနွေးဆဲဖြစ်သည့် အတွက် အတည်မပြုရသေး သည့်အတွက် လောလောဆယ်တွင် လယ်ယာမြေငှားရမ်းခြင်းကို တောင်သူတွေမှ အရပ်စာချုပ် ဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
ပြည်တွင်းတွင် ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ သုံးစွဲမှု အပေါ်တွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖြန့်ဖြူးသည့်အရောင်း ဆိုင်များကို ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဓာတ်မြေသြဇာ သုံးစွဲသည့် နေရာတွင် အပင်၊ မြေဆီလွှာလိုအပ်ချက်အရ အချိန်ကိုက်အချိုးကျ စနစ်တကျ မှန်ကန်စွာ သုံးစွဲနိုင်သည့် လုပ်ငန်းစဉ်များကို တောင်သူများ သိရှိနားလည်နိုင်စေရန် နယ်မြေဒေသအလိုက် ပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိ လယ်မြေကို မြေငှားရမ်းသည့်တောင်သူများအနေဖြင့် ငှားရမ်းအသုံးပြုသူ၏ မြေသြဇာ၊ ပိုးသတ်ဆေး အသုံးပြုမှုကို ကန့်သတ်သည့်စည်းကမ်း သတ်မှတ်ချက်များထားပြီး ငှားရမ်းရန်လိုအပ်သည့် အခြေအနေဖြစ်ပါ ကြောင်း၊ မိမိပိုင်လယ်ယာမြေ အလွန်အကျွံသုံးစွဲမှုရှိပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီး ဌာနကို သတင်း ပို့ပြီး ဖြေရှင်းဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဖြေရှင်းဆောင်ရွက်ရာတွင် မြေသြဇာ ဥပဒေ၊ ပိုးသတ်ဆေးဥပဒေများနှင့် ညီညွတ်ခြင်းမရှိလျှင် ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
ယခုလို့မဆောင်ရွက်လိုက်နိုင်ဘဲ မြေဆီလွှာပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရပါလျှင် စိုက်ပျိုးရေးဦးစီး ဌာန၏ အကူအညီကိုရယူပြီး မြေဆီလွှာပြုပြင်ဆောင်ရွက်ရမည့် နည်းလမ်းများအရ ပြုပြင်ရေးကို ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ လယ်ယာမြေကို ငှားရမ်း စိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးထွက်ရှိသည့်သီးနှံများကို ရောင်းဝယ်ဖောက်ကားမှုတွင် ပြည်ပတင်ပို့ခြင်း ဆောင်ရွက်မည်ဆိုပါက နယ်စပ်တွင်ရှိသည့် သက်ဆိုင်ရာဌာနများကို စစ်ဆေးပြီး အခွန်စည်းကြပ်ခြင်း ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သယ်ဆောင်ရာလမ်းတစ်လျှောက်တွင် လမ်း၊ တံတားဖြတ်သန်းမှုများအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှလည်း စည်းကြပ်ကောက်ခံလျက်ရှိပြီး ငှားရမ်းသည့်မြေတည်နေရာဒေသတွင် ရှိသည့် ကျေးရွာများ၊ ကုန်ထုတ်လုပ်ငန်းများပျက်စီးမှုကို သက်ဆိုင်ရာဒေသရှိကျေးရွာ၊ မြို့နယ်များ၏ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများ၏ ကြီးကြပ်မှု၊ စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
ဦးမင်းသိန်း(ငါန်းဇွန်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၀၁၂ ခုနှစ် မြေယာဥပဒေနှင့် ရပ်/ကျေးလယ်/စီ၊ မြို့နယ်လယ်/စီ စာချုပ်မှတ်ပုံတင်သည့် ကိစ္စ များသည် ခုမှဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် စီမံခန့်ခွဲရန် အတန်ပင်ခက်ခဲသေး ကြောင်း၊ နောက်မြေဆီလွှာပညာပေးအစီအစဉ်မှာတော့ သတ်မှတ်စိုက်ပျိုးရေးဌာနတွေကို ဝန်ကြီး ဌာန အနေဖြင့် တိုက်ရိုက်ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိနှင့် တောင်သူများ၏ မြေကို သတ်မှတ်ထား သည့် မြေသြဇာ၊ ပိုးသတ်ဆေးများ အလွန်အကျွံသုံးခြင်း၊ မသုံးခြင်းကို သိနိုင်လောက်သည့်အသိဉာဏ်မရှိ သည့်အတွက် စိုက်ပျိုးရေးဌာနအနေဖြင့် မည်ကဲ့သို့ဆက်လက် ဆောင်ရွက်မည်နည်းနှင့် အခွန်အခ ကိစ္စများနှင့်ပတ်သက်၍ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတွင် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆက်စပ် ဆောင်ရွက်မည်ဆိုသည်ကို သိလိုပါကြောင်း၊ မိမိတို့မြို့နယ်တွင် မြေယာများနှင့် ပတ်သက်၍ မြေသြဇာ၊ ပိုးသတ်ဆေး အစရှိသည်တို့ ဆောင်ရွက်ပေးရန်အတွက် ဝန်ထမ်းများကို စနစ်တကျ ရုံးထိုင်ပြီး ဆောင်ရွက်နေတာသိရှိပါကြောင်း၊ ငှားရမ်းခံရသည့်တောင်သူများအနေဖြင့် မိမိယာမြေတွင် သတ်မှတ်ထားသည့်ပိုးသတ်ဆေးများ၊ မြေသြဇာများ အလွန်အကျွံ သုံးခြင်း/မသုံးခြင်းကို ၎င်းတို့ အနေဖြင့်သိမြင်လာမည်ဖြစ်သည့်အတွက် ဝန်ကြီး ဌာနအနေဖြင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် ပေးနိုင် မည်ကိုသိလိုပါကြောင်း တဆက်စပ်တည်း မေးခွန်းမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးလှကျော်
တောင်သူများအနေဖြင့် မိမိ၏လယ်ယာမြေတွင် မြေသြဇာအလွန်အကျွံသုံးစွဲမှုကိစ္စနှင့်ပတ်သက် သည့်ကိစ္စဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ၊ ငှားရမ်းသည့်သူများတွင် တာဝန် ရှိပါကြောင်း၊ မြို့နယ်တိုင်းတွင် မြေဆီလွှာ စမ်းသပ်စစ်ဆေးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများရှိပါကြောင်း၊ ၎င်းကျွမ်းကျင်ဝန်ထမ်းများကို သက်ဆိုင်ရာတောင်သူများအနေဖြင့် မိမိတို့၏ယာမြေ၊ လယ်မြေများတွင် ပိုးသတ်ဆေး ဓာတ်မြေသြဇာ သတ်မှတ်ထားသည့် နှုန်းထားထက်ပိုမိုသုံးစွဲနိုင်ခြင်းရှိ/မရှိ ကို ၎င်းတို့နှင့် ချိတ်ဆက် ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါကြောင်း၊ တောင်သူများအနေဖြင့် ၎င်းတို့၏ ရပိုင်ခွင့်တစ်ရပ် အနေဖြင့် ငှားရမ်းသည့်ကိစ္စတွင် မိမိ၏လယ်ယာမြေတွင် မြေဆီလွှာဆုံးရှုံးမှုများ မဖြစ်အောင် နှင့် လာရောက်ပြီး ဆောင်ရွက်သည့်ပုဂ္ဂိုလ်များကလည်း Ethics ရှိဖို့ လိုပါကြောင်း၊ ၎င်းကို ပညာပေး စည်းရုံးမှု လုပ်ငန်းနှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပစ္စည်းများ သယ်ယူပို့ဆောင်သည့် အခါတွင် မြို့နယ်မှာရှိသည့်သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များ၊ လမ်း၊ တံတား တွင်လည်း လမ်း၊ တံတားကောက်ခံခ နှုန်းထားများကောက်ခံပါကြောင်း၊ ၎င်းကို စနစ်တကျ စီမံခန့်ခွဲသွား မည်ဆိုပါက လတ်တလောအနေအထားတွင် အဆင်ပြေစွာ ဆောင်ရွက်သွား နိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်အချက်အလက်များကို လိုအပ်သည့် သိလိုသည့်အနေအထားများ ရှိမည်ဆိုပါက သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ရုံးချုပ် အဆင့်များ ကိုလည်း ဆက်သွယ်ဆောင်ရွက်မည်ဆိုပါက မိမိတို့မှလည်း ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
