(ခ)-မြန်မာနိုင်ငံတွင် ဘိန်းစိုက်တောင်သူများအား ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေး အတွက် နိုင်ငံ တော်မှ အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၆) ရက်မြောက်နေ့ (၁၈.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr khin si thuကမ္ဘာတစ်ခုလုံး အတိုင်းအတာအရ ယခုမြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျင် ဒုတိယ ဘိန်း စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် ဘိန်းစိုက်ပျိုးမှု ဧရိယာ အများဆုံးပါဝင်ပြီး  ယင်းပြည်နယ်လေးခု၏ မြို့နယ် ပေါင်း ၅၁ မြို့နယ်ရှိ ဘိန်းစိုက်ခင်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာခဲ့သကဲ့သို့ ယခုနှစ်မေလအထိ ဘိန်းခင်းများကို မြို့နယ်အသီးသီးတွင် ဖျက်ဆီးခြင်း၊ အစားထိုး သီးနှံပေးအပ်ခြင်း စသည့် အခမ်းအနားများလည်း မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊

ဘိန်းစိုက်ပျိုးသူ အများစုသည် တောင်တန်းဒေသ၊ ဆင်းရဲသားလူနည်းစု တိုင်းရင်းသားများ ဖြစ်ကြပြီး ဘိန်းကို ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးသည်ဟု ဘိန်းစိုက် တောင်သူများက ပြောကြားခဲ့ပါကြောင်း၊  ဘိန်းစိုက် တောင်သူများအနေဖြင့် ဘိန်းစိုက်ပျိုးခြင်းသည် ၎င်းတို့ နေ့စဉ် ရင်ဆိုင်နေရသည် အဓိက အခက်အခဲများကို လတ်တလော ပြေလည်စေသည့်အပြင် ရေရှည် ထိန်းသိမ်းထားနိုင်သည့် ပစ္စည်း အဖြစ်လည်း တန်ဖိုးထားသည်ကို တွေ့ရှိရပါကြောင်း၊ ဘိန်းစိုက်ခင်းများကို  ကိုယ်ပိုင်စိုက်ကြသကဲ့သို့ အလုပ်လက်မဲ့ သူများအနေဖြင့်လည်း လုပ်သားဘဝနှင့် လုပ်အားခကို သာမန်ထက် ပိုရ၍ စိုက်ပျိုး သည်ကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်တောင်သူများအား ဘိန်းမစိုက်ဘဲ ဘဝရပ်တည်ရေး အတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သို့ ဆောင်ရွက်ပါမည်နှင့် အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် အောင်မြင်မှု ရလဒ်မည်မျှ ရရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် အဖွဲ့ဝင် ၁၆ ဦးနှင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အတွက် ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေးဟူသော လုပ်ငန်းစဉ် နှစ်ရပ်ကို ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊

မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပပျောက်ရေးအတွက် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ အစားထိုး ဖွင့်ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများ အစားထိုး စိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေး အဖွဲ့နှင့် ထိန်းချုပ်ဓာတုဗေဒ ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ တို့ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး အတွက် ဆေးကုသရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့ ကျောင်းသားလူငယ်များကို အသိပညာပေးရေးအဖွဲ့၊ ပြည်သူများကို ပညာပေး လှုံဆော်ရေးအဖွဲ့နှင့် နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့တို့ကိုလည်းကောင်း ဖွဲ့စည်းဆောင်ရွက ်ထားရှိပါကြောင်း၊

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ်စီမံကိန်းကို ၁၉၉၉ ခုနှစ်-၂၀၀၀ မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်စီ သုံးပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းများကို ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ် ၄ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်၊ ချင်းပြည်နယ်တွင် ၂ မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊

ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်း၊  စိတ်ကြွဆေးပြား သုံးစွဲမှု ပြဿနာများမှာ လူငယ်ထု အတွင်း ပိုမိုပျံ့နှံ့လာခြင်းနှင့် တခြား စိတ်ကြွဆေးပြားများ ပေါ်ထွက်လာမှု အခြေအနေများကို ထိန်းချုပ်နိုင်ရန် စီမံကိန်းကာလကို ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ် သက်တမ်းထပ်မံ တိုးမြှင့်ပြီး လုပ်ငန်းစဉ် ငါးရပ်ကို ချမှတ်ကာ ရှမ်းပြည်နယ်တွင် မြို့နယ် ၄၀၊ ကချင်ပြည်နယ်တွင် ၆ မြို့နယ်၊ ကယားပြည်နယ်တွင် ၃ မြို့နယ်နှင့် ချင်းပြည်နယ်တွင် ၂ မြို့နယ် စုစုပေါင်း မြို့နယ် ၅၁ မြို့နယ်တို့တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

 မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းရေး ဟူသော မဟာဗျူဟာနှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းမဟာ ဗျူဟာနှစ်ရပ် အကောင်အထည် ဖော်နိုင်ရေးအတွက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများ အစားထိုး စိုက်ပျိုးရေးအဖွဲ့နှင့် မွေးမြူရေးအဖွဲ့တို့ကို ဖွဲ့စည်းပြီး ဘိန်း စိုက်ပျိုး‌တောင်သူများ အပါအဝင် ဘိန်းစိုက်ဒေသတွင် ရှိသော တိုင်းရင်းသားတို့၏ လူမှုဘဝမြှင့်တင်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုရေးဆွဲလျက်ရှိသော မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်တွင်လည်း ဘိန်းစိုက်ပျိုးသည့် ဒေသများအတွက် လိုအပ်သော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် နယ်ပယ်များကို ထည့်သွင်း သတ်မှတ် ရေးဆွဲ လျက်ရှိပါကြောင်း၊

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊ မွေးမြူရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေး၊ ဘာသာရေး စသည့်လုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ငွေကျပ် သန်းပေါင်း ၇၅၆၄၁.၈ သန်းကျော် သုံးစွဲ၍ လည်းကောင်း၊ သီးနှံများ အစားထိုး စိုက်ပျိုးရေးအဖွဲ့ အနေဖြင့် ဝန်ထမ်းများ ခန့်ထားခြင်း၊ စိုက်ပျိုး ပညာပေးစခန်းများ ဖွင့်လှစ်ခြင်း၊ နှစ်ချင်း သီးနှံမျိုး စေ့ဖြန့်ဖြူးခြင်း၊ နှစ်ရှည်ပျိုးပင်များ ဖြန့်ဖြူးခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဖြန့်ဖြူးခြင်း၊ သီးနှံ စိုက်ကွက်များ ဆောင်ရွက်ခြင်း၊ သီးနှံစမ်းသပ် စိုက်ကွက်များ ဆောင်ရွက်ပေးခြင်း၊ ပညာပေး သင်တန်း များ ဖွင့်လှစ်ခြင်း၊ သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်း စသည့်လုပ်ငန်းများကို ၂၀၁၄-၂၀၁၆ ခုနှစ် အတွင်း ရန်ပုံငွေစုစုပေါင်း သန်းပေါင်း ၅၈၈၃.၄၉၈ သန်းအထိ ကျခံသုံးစွ၍လည်းကောင်း၊ မွေးမြူရေးအဖွဲ့ အနေဖြင့် ဘိန်းစိုက်တောင်သူများကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်ထောက်ပံ့ခြင်း၊ တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိရစ္ဆာန်ကုသဆေးများ ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြု ပညာပေး ဟောပြောပွဲများ ကျင်းပခြင်း၊ ငါးမျိုး စိုက်ထည့်ခြင်း၊ ပျားဖြင့် ဝတ်မှုန်ကူးခြင်း လုပ်ငန်းများ၊ ပညာပေးသင်တန်းများ ပို့ချဆောင်ရွက်ခြင်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂနှင့် မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံးတို့ပူးပေါင်းပြီး ဘိန်းအစားထိုး စီမံကိန်း များကိုလည်း ဆောင်ရွက်လျက်ရှိရာ အစားအစာ ဖူလုံရေး စီမံကိန်းကို ဟိုပုန်းမြို့နယ်ရှိ ကုန်းကျိုင်း၊ လုံဟေး၊ ကျောက်တန်း၊ နမ့်ခုတ်၊ စန်ဖူး၊ ပေါင်းလင်းကျေးရွာအုပ်စု ခြောက်ခုတွင် EU ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂.၆ သန်းကျော်ဖြင့်လည်းကောင်း၊ အစားအစား ဖူလုံရေးစီမံကိန်းကို ဟိုပုန်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုလေးခုတွင် EU ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂.၃၂၅ သန်းနှင့် လည်းကောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးကို လွိုင်ကော်မြို့နယ်ရှိ ကျေးရွာအုပ်စု လေးစုတွင် ဂျာမဏီနိုင်ငံ၏ ထောက်ပံ့ငွေ ယူရို ၁.၅၇ သန်းဖြင့်လည်းကောင်း၊ ဆင်းရဲသောတောင်သူများအတွက် ထောက်ပံ့ရေးစီမံကိန်းကို လွိုင်လင မြိ့နယ်ရှိ ကျေးရွာအုပ်စုကိုးခုတွင် EU ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁.၃ သန်းကျော်ဖြင့် လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်နှင့် ဟိုပုန်းမြို့နယ်ရှိ စီမံကိန်းကျေးရွာ ၆၀ ရွာတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အစားထိုးဖွံ့ဖြိုးရေးနှင့် အများပိုင် သစ်တောများ တည်ထောင် ရေး စီမံကိန်းများကို ဂျာမနီနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅.၉ သန်းနှင့် နှစ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ စိုက်ပျိုးမြေဧရိယာ ၂၇၄၆ ဧကကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးမြေ ဧရိယာ ၁၉၂၆.၆ ဧကကို ဖော်ထုတ်နိုင်ခဲ့ပြီး ကော်ဖီစိုက်ပျိုးသူ သမဝါယမအသင်းကို လည်း တည်ထောင်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဖော်ထုတ်ပြီး စိုက်ပျိုးမြေဧရိယာများကို ပြုပြင် ထိန်းသိမ်းရေးနှင့် ကော်ဖီစိုက်ပျိုးသူမှ သမဝါယမအသင်းကို ပိုမိုအားကောင်းလာစေ ရေးတို့ကို ဆောင်ရွက်ရန် စီမံထားရှိကြောင်း၊  အဆိုပါဒေသမှ ထွက်ရှိသည့် ကော်ဖီတန် ၆၀၀ ကို ဥရောပ နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက်လည်း ဈေးကွက်ရရှိထားပြီးဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်တွင် ထိုင်းနိုင်ငံ၏ ကူညီထောက်ပံ့မှု  ဘတ်ငွေ သန်းပေါင်း ၃၅၀ နှင့် မယ်ဖားလုံ ဖောင်ဒေးရှင်းမှ ဘိန်းအစားထိုး သီးနှံစိုက်ပျိုး ရေးစီမံကိန်းကိုလည်း ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကျန်းမာရေး ထောက်ပံ့မှု လုပ်ငန်း၊ စိုက်ပျိုး ရေးဖွံ့ဖြိုးမှုလုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးလုပ်ငန်း၊ စီးပွားဖြစ်သစ်တောနှင့် အသုံးချ သစ်တော လုပ်ငန်း၊ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်း စသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အစားထိုးဖွံ့ဖြိုးမှု ရှေ့ပြေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးများ အန္တရာယ် တားဆီး‌ရေး ဗဟိုအဖွဲ့ အနေဖြင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးတို့ ပူးပေါင်းပြီး နှစ်စဉ် ဘိန်းခင်း တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၀၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဘိန်းစိုက် ဧရိယာ ၅၅၅၀၀ အထိ ကျဆင်းခဲ့ပါကြောင်း၊

သို့ပါ၍ ရေးဆွဲလျက်ရှိသော မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝဒါအသစ်တွင်လည်း ဘိန်းစိုက်ပျိုးသည့် ဒေသများ အတွက် လိုအပ်သည့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် နယ်ပယ်များကို သတ်မှတ် ရေးဆွဲလျက် ရှိပါကြောင်း၊ ဘိန်းစိုက်တောင်သူများ၏ လူမှုဘဝ မြင့်မားလာစေရေးအတွက် ဘိန်းစိုက်ပျိုးခြင်းမှ ရရှိသည့် ဝင်ငွေကို မှီခိုရသည့် ဘဝမှ လွတ်မြောက်ပြီး အခြားဝင်ငွေရ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မူဝါဒများချမှတ်ပြီး အစားထိုး ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

ဒေါက်တာဒေါ်ခင်စည်သူ(လွိုင်ကော်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ ဒေသတွင် ကြုံတွေ့ရသည့် အခက်အခဲတစ်ခုမှာ အစားထိုး သီးနှံပင်များ ပေးချိန်သည် ဘိန်းခင်းများ မှည့်ပြီး ရိတ်သိမ်းရမည့် အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် အစားထိုး သီးနှံပင်များကို ပြန်လည် စိုက်ပျိုးရန် အချိန်သည် ယင်းတို့၏ စားဝတ်နေရေးအတွက် အဆင်ပြေရန် အခက်အခဲ ရှိပါကြောင်း၊ ထို့ကြောင့် ဘိန်းခင်းများ ဖျက်စီးပြီးပါက ယင်းတို့၏ ရေတိုစားဝတ်နေရေး အဆင်ပြေမည့် အစီအစဉ်များ လိုအပ်ပါကြောင်းနှင့် ထိုသို့ အဆင်ပြေစေရန် မည်သည့် အစီအစဉ်များ ဆောင်ရွက်ရန် ရှိသည် (သို့မဟုတ်) ယင်းတို့၏ ရေတို စားဝတ်ရေး ဖြေရှင်းရန် မည်သည့် အစီအစဉ် များရှိသည်ကို လည်းကောင်း၊ ထို့ပြင် ဥပဒေ၊ စီမံချက်များ ဆောင်ရွက်ရာတွင် ရရှိသည့် ညွှန်းကိန်းနှင့် အောင်မြင်မှုကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး      

စိုက်ပျိုးဧကများသည် ၂၀၀၁ ခုနှစ်တွင် ဘိန်းစိုက်ဧက ၁၀၅၀၀၀ ဟတ်တာရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် တိုင်းတာချက်အရ ၅၅၅၀၀ ရှိပါကြောင်းနှင့် ထိုသို့ စိုက်ပျိုးဧက ကျဆင်းသွားခြင်းသည် ဘိန်းစိုက် တောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်မှုများ လျော့ကျသည့် ညွှန်းကိန်း ဖြစ်ပါကြောင်း၊  ထို့ပြင် အခြား Automotive Development Program ၏ ထိရောက်မှု ညွှန်းကိန်းကြောင့်လည်း ဘိန်းစိုက်ပျိုးမှု ဧကများ လျော့နည်းသွားသည်ဟု တွက်ဆနိုင်မည်ဖြစ်ပါကြောင်း၊

သီးနှံများ၏ အစားထိုး စိုက်ပျိုးမှုကာလနှင့် ပတ်သက်သည့် ဆွေးနွေးချက်ကို မိမိအနေဖြင့် မှတ်သား ထားရှိပါကြောင်း၊ မိမိတို့တွင် စီမံခန့်ခွဲမှု ကော်မတီ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် သီးနှံများအစားထိုး စိုက်ပျိုးရေးအဖွဲ့၊ ဗဟိုကော်မတီ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်သည့် မျိုးဖြန့်ဝေခြင်း လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။