မေးခွန်း အကြောင်းအရာ
ေ
ဖာင်းပြင်အောက်ပိုင်း ချင်းတွင်းမြစ်၏ဘေး စစ်တောင်ရွာ၏ အနောက်ဘက် မြောက်လတ္တီကျူ ၂၄ ဒီဂရီ ၉ မိနစ် ၃၉ စက္ကန့်နှင့် အရှေ့လောင်ဂျီကျူ ၉၄ ဒီဂရီ ၃၃ မိနစ် ၂၀.၂ စက္ကန့်မှာ ချောင်းဖျားခံပြီးမှ သညစ်တောင်တန်းနှင့် မင်းသမီးတောင်တန်းနှစ်ခုကြား တောင်မှမြောက်သို့ စီးဆင်းနေသော တီလောင်ချောင်း သည် မြောက်လတ္တီကျူ ၂၄ ဒီဂရီ ၁၂ မိနစ် ၄၈.၀ စက္ကန့်ဖြင့် အရှေ့လောင်ဂျီကျူ ၉၄ ဒီဂရီ ၄၂ မိနစ် ၃.၇ စက္ကန့်မှ ဟုမ္မလင်းမြို့နယ် နန်းသညင်းရွာ၏ မြောက်ဘက် ချင်းတွင်းမြစ်ထဲသို့ စီးဝင်သွားပါကြောင်း၊ ချောင်းဖျားသည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၄၃.၇၀ မီတာပေအားဖြင့် ၁၁၃၈.၅၇ ပေရှိပြီးမှ ချောင်း၏ အစွန်းမြေနေရာသည် ၁၅၇.၂၂ မီတာ၊ ၅၁၅.၈ ပေရှိပါကြောင်း၊ ချောင်း၏အလျားကို အဖြောင့်တိုင်း မည်ဆိုလျှင် ၂၂ မိုင်ကျော်ရှည်ပြီး၊ ချောင်းကွေ့တိုင်း တိုင်းတာမည်ဆိုပါက ၃၅.၇၇ မိုင် ရှိပါကြောင်း၊ တောင်တန်းနှစ်ခုကြားကို ဖြတ်သန်းစီးဆင်းလာသောကြောင့် ရေလှောင်တိုင်နှင့် ဧရိယာပမာဏရှိနိုင်ပြီး လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှု အနေအထား မရှိဘူးဟုခန့်မှန်းရပါကြောင်း၊ ချောင်းတစ်လျှောက်တွင် ရေတံခွန်ကဲ့သို့ နေရာများလည်း တည်ရှိပြီး အနိမ့်အမြင့် ကွာခြားချက်သည် ၆၂၂.၇၇ ပေရှိပါသောကြောင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်မည်ဟု ယူဆ၍ရပါကြောင်း၊ ထုတ်ယူနိုင်မည်လို့ဆိုပါက နိုင်ငံတော်ရဲ့ နှစ်စဉ်လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၅၀၀ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သကဲ့သို့ ဒေသတွင်း လျှပ်စစ်ဓတ်အား လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် အဆိုပါတီလောင်ချောင်းကို ရေအားလျှပ်စစ်ထုတ်ယူပေးနိုင်ရေးအတွက် ပဏာမတိုင်းတာမှု Survey လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
တီလောင်ချောင်းအား ၁း၅၀.၀၀၀ စကေး UTM (Universal Transverse Marcator) မြေပုံပေါ်တွင် စူးစမ်းလေ့လာမှု ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ စူးစမ်းလေ့လာမှု ဆောင်ရွက်ချက်အရဆိုလျှင် ရေဆင်းဧရိယာပေါင်း ၁၇.၂ စတုရန်းမိုင် ရှိမည်ဖြစ်ပြီး ရေအားအမြင့်အနေဖြင့် ပေ ၂၀၀ ခန့် ရရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါအနေအထားအရ ခန့်မှန်းတွက်ချက်မည်ဆိုလျှင် လျှပ်စစ်ဓာတ်အား အများဆုံးထွက်ရှိမည့် အချိန်တွင် ၂၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အနည်းဆုံးထွက်ရှိနိုင်မည့် အချိန်တွင် ၄၅ ကီလိုဝပ် ထုတ်ယူနိုင်လိမ့်မည်ဟု လေ့လာတွေ့ရှိပါကြောင်း၊ အဆိုပါ တီလောင်ချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်ပြီး ပဏာမစူးစမ်းတိုင်းတာရေး လုပ်ငန်းများကို မြေပြင်တွင် ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် စူးစမ်းတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျွမ်းကျင်အင်ဂျင်နီယာများနှင့်အဖွဲ့ကို တည်နေရာသို့ စေလွှတ်သွားမည်ဖြစ်ပြီး စူးစမ်းတိုင်းတာ တွေ့ရှိချက်အခြေအနေများကို အစီရင်ခံစာပြုစု၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ထံသို့ နိုဝင်ဘာလအတွင်း ပေးပို့တင်ပြသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
