(င)-အခြေခံပညာ အလယ်တန်းကျောင်းနှင့် အ ထက်တန်းကျောင်းများတွင်စာကြည့်တိုက်တာဝန်ခံ သို့မဟုတ် ကျောင်းစာကြည့်တိုက် ဆရာ၊ ဆရာမ များ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့ (၁၄.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u tin hlaယနေ့ဒီမိုကရေစီအစိုးရသည် ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်‌သုံးလာချိန်ကစပြီး ကဏ္ဍပေါင်းစုံတွင် စိန်ခေါ်မှု များစွာ၊ အခက်အခဲများစွာကို ရင်ဆိုင်ရင်းဖြင့် ကြိုးစားအကောင်အထည်ဖော်နေပါကြောင်း၊ ပညာရေးဝန်ကြီးဌာန သည် ပိုမိုကောင်းမွန်သော ပညာရေးအသွင်ပြောင်းလဲရန်၊ ဘက်စုံအတွေးအခေါ်မှန်ကန်၍ အတွေးအခေါ် အယူအဆများမှန်ကန်ပြီး အကျင့်စာရိတ္တရိုးသားဖြောင့်မတ်သော စာရိတ္တငါးတန်၊ ဗလငါးတန်နှင့် လူသား ပျိုးထောင်ရေးလုပ်ငန်းကို ပျိုးထောင်နေပါကြောင်း၊ ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်းများရှိပြီး၊ ပြည်သူ့ နီတိစံနှုန်းများရှိပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အထောက်အကူပြုမည့် သားကောင်းရတနာများ ပေါ်ထွန်းရေး ကို သယ်ပိုးကြိုးစားဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း၊ ယခုကာလတွင် လက်တွေ့ကျသော ပညာရေးစနစ်ကို အကောင်အထည်ဖော်နေပါကြောင်း၊ CESR(Comprehensive Education Sector Review) ဘက်စုံလွှမ်းခြုံသော ပညာရေးကို သုံးသပ်ပြီး KG+12 ပညာရေးကို အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ NESP (National Education Strategic Plan) အမျိုးသားပညာရေးစီမံကိန်းနှင့်လည်း အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ အရည်အသွေးများ၊ နိုင်ငံတော်နှင့် ဒီမိုကရေစီစနစ်၏ လိုအင်ဖြစ်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန် Academic Education ဟူသော ကျောင်းတွင်းပညာရေးနှင့်တင် မလုံလောက်ပါကြောင်း၊ Informal Education ဟူသော ကျောင်းပြင်ပ၊ ကျောင်းစာသင်ခန်း၏ပြင်ပ School Library ၏အခန်းကဏ္ဍများ ရှိလာပါကြောင်း၊ Internal Learning သာမက External Learning ဟူသော ကျောင်းပြင်ပပညာရေးတွင် ကွပ်ကဲ၊ ကြပ်မတ်၊ လမ်းညွှန်ပေး မည့် ဆရာမများလိုအပ်ပါကြောင်း၊ စာကြည့်တိုက်ဆိုသည်မှာ အတွေးအခေါ်အားလုံး၊ စာရေးဆရာများ အားလုံး၊ အသိပညာအားလုံး၊ ဉာဏ်ပညာအားလုံးတို့၏ စုစည်းရာ၊ ကမ္ဘာလောကတစ်ခုလုံး၏အကြောင်းကို စုစည်းရာ ဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများသည် ဖော်ပြပါအရည်အသွေးများ ပြည်‌့စုံရန် မည်သည့် စာအုပ်ကသင့်တော်သည်၊ မည်သည့်စာအုပ်ကို အကိုးအကားပြုသင့်သည်ကို လမ်းညွှန်ကြီးကြပ်ပေးပြီး ကျောင်းသားများဖတ်ရှုသည်များကို ၎င်းတို့၏မှတ်ချက်ပြုမှု၊ ၎င်းတို့၏လေ့လာမှုအားကောင်းမှု၊ ၎င်းတို့၏ Specialization ပြုမှုဟူသော အချက်အလက်များကို အမှန်တကယ်မှတ်တမ်းတင်ပြုစုပေးမည်ဆိုပါက ကျောင်းသား များသည် စာကြည့်တိုက်ကိုအားကိုးပြီး အားလုံးဝိုင်းရံလာမည် ဖြစ်ပါကြောင်း၊ စာကြည့်တိုက်ကလည်း အားကောင်းမောင်းသန် ဖြစ်လာမည် မုချမလွဲဖြစ်ပါကြောင်း၊ ထို့ကြောင့် လူတို့၏စိတ်ကို အသိဉာဏ်ကစိုးမိုးရေး၊ အသိဉာဏ်ကို ဗဟုသုတကစိုးမိုးရေး၊ ဗဟုသုတကို စာပေကစိုးမိုးရေး၊ စာပေကို စာကြည့်တိုက်က စိုးမိုးရေး၊ စာကြည့်တိုက်ကို ကျောင်းသားများစိုးမိုးရန် စာကြည့်တိုက်ကို ကောင်းရာများကိုညွှန်ပြ ပြသနိုင်သော ဆရာ၊ ဆရာမများ၊ ကျောင်းစာကြည့်တိုက်တာဝန်ခံများ၊ ကျောင်းစာကြည့်တိုက် ဆရာ၊ ဆရာမများ ခန့်ထားပေးရန် အထူးလိုအပ်ပါကြောင်း၊ ပညာပြည့်ဝ နှလုံးလှမူ၊ ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက် ဖြတ်တောက်လွယ် ပြေးနိုင်စွာ၏ ဟုဆိုသောကြောင့် Learning to do မည်သည်ကိုလုပ်ရမည်၊ Learning to know မည်သည်များကိုသိရမည်၊ Learning to be မည်သည်များဖွံ့ဖြိုး တိုးတက်ရန်လုပ်ဆောင်ရမည်၊ Learning to live together ပြည်ထောင်စုသားများ ကမ္ဘာသားများနှင့် အတူတကွပူးပေါင်း၍ မည်ကဲ့သို့နေထိုင်ကြမည်၊ Learning to be effective မည်ကဲ့သို့အကျိုးရှိရန် ဆောင်ရွက်ကြရမည်၊ Learning to be enterprise မည်ကဲ့သို့ ုစွန့်စားရဲရမည်၊ Learning to be critical မည်ကဲ့သို့တီထွင်ကြံဆရမည်၊ Learning to be creative မည်ကဲ့သို့ကြံစည် တွေးတောရမည် တို့ကို သိရှိလာမည်ဖြစ်သည့်အတွက်  ၎င်းတို့ကို လမ်းညွှန်ပေးမည့် ဆရာ၊ ဆရာမများ လိုအပ်ပါ ကြောင်း၊ အဟောင်းကိုပစ်၍ အသစ်ကိုရှာ ရေသာများ၍ ငါးမတွေ့၊ ကျောင်းစာကြည့်တိုက်ကိုပစ်ပယ်၍ ဖုန်းပွတ်လာ အချိန်သာကုန်လှ အကျိုးမရများကို လမ်းညွှန်ပေးမည့့်် ဆရာ၊ ဆရာမလိုအပ်ပါသဖြင့် ကျောင်းစာကြည့်တိုက် များတွင် ကျောင်းစာကြည့်တိုက်တာဝန်ခံ ဆရာ၊ ဆရာမများခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tunအခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ လေ့လာကြည့်ရှုရန် တည်ထောင်ပြီးဖြစ်သော ကျောင်း စာကြည့်တိုက်များ၏ အရေအတွက်သည် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၂၁၃၄ ကျောင်း၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) ၈၆၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁၄၅၄ ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)ပေါင်း ၁၅၉၁ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၄၂၅ ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း ၉၂၆၀ ကျောင်းနှင့် အ‌ခြေခံပညာမူလတန်းကျောင်း(ခွဲ)ပေါင်း ၂၇၆ ကျောင်း စုစုပေါင်း စာကြည့်တိုက် ၁၇၀၀၇ ခုရှိပြီး နှစ်စဉ်အလိုက် ဘဏ္ဍာငွေခွင့်ပြုချက်နှင့်အညီ စာကြည့်တိုက်များ တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းစာကြည့်တိုက်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့တွင် သင်ကြားရေးဆရာဆရာမများထဲမှ တစ်ဦးကိုရွေးချယ်၍ တာဝန်ခံအဖြစ်ထားရှိပြီး ကျန်သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းကောင်စီအဖွဲ့မှ အသင်းခေါင်းဆောင်များသည် စာကြည့်တိုက်အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက် အဖွဲ့အနေဖြင့် ကျောင်းသားကျောင်းသူများအတွက် စာအုပ်၊ စာပေလေ့လာဖတ်ရှုခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်း၊ ပြန်လည်အပ်နှံခြင်းစသည့် စာကြည့်တိုက်ဝတ္တရားများကို အလှည့်ကျတာဝန်ယူသည့်စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လတ်တလောတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်သော သင်ကြားရေးဆရာ၊ ဆရာမများကို ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးဆောင်ရွက်လျက်ရှိသည့်အတွက် အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းစာကြည့်တိုက်များအတွက် စာကြည့်တိုက်တာဝန်ခံဆရာမ သို့မဟုတ် ကျောင်းစာကြည့်တိုက်ဆရာ၊ ဆရာမများအဖြစ် သီးသန့်ခန့်ထား ပေးနိုင်ပါရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။