(စ)-ပဲခူးမြို့နယ်၊ ဇောင်းတူတိုက်နယ် ဆေးရုံ ဝန် ထမ်း အိမ်ရာများအား ပြုပြင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၇.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr shwe poneပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ ဇောင်းတူတိုက်နယ်ဆေးရုံကို ၁၉၃၆ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ပြီး ဒေသတွင်းရှိ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုကို ပေးခဲ့ပါကြောင်း၊ ထို့နောက် ၁၉၆၅ ခုနှစ်တွင် အစိုးရတိုက်နယ်ဆေးရုံအဖြစ် အသစ်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဇောင်းတူ တိုက်နယ်ဆေးရုံသည် ကျေးရွာပေါင်း ၂၃ ရွာရှိ ပြည်သူ ၃၀၀၀၀ ကျော်ခန့်အပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပါကြောင်း၊ ယခင်တာဝန်ကျသော ဆရာဝန်များ၊ သူနာပြုများသည် တာဝန်ကျသည့် ကာလအပြည့် တာဝန်ထမ်းဆောင်ခဲ့ကြ၍ ဒေသခံများ အားကိုးရသော တိုက်နယ်ဆေးရုံတစ်ရုံ ဖြစ်ပါကြောင်း၊ ယခုအခါ လိုအပ်သောထောက်ပံ့မှုများ၊ လုပ်ဆောင်ပေးမှုများ မရှိသည်မှာ ကြာပြီဖြစ်ပြီး ဝန်ထမ်းများနေထိုင်ရာ အဆောက်အဦလည်း မရှိသည့်အတွက် တာဝန်ချထားခြင်း ခံရသော ဝန်ထမ်းများ နုတ်ထွက်သွားသည့်အထိ ဖြစ်ခဲ့ရပါကြောင်း၊ ယခုလက်ရှိတွင် ကျန်းမာရေးဝန်ထမ်း သုံးဦး၊ Blue Staff တစ်ဦး၊ Train Nurse နှစ်ဦးတို့ဖြင့် တာဝန်ယူပေးနေပါကြောင်း၊ ဖွဲ့စည်းပုံအရ ဆရာဝန် နှစ်ဦး၊ Blue Staff နှစ်ဦးနှင့် Train Nurse လေးဦးရှိရမည် ဖြစ်ပါကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်  နှစ်နှစ်ကာလ တာဝန်ကျခဲ့သော ဆရာဝန်တစ်ဦးလက်ထက်တွင် အတွင်းလူနာ ၁၁၅၇ ဦး၊ ပြင်ပလူနာ ၂၉၃၁ ဦးထိ ကုသပေးနိုင်ခဲ့ပြီး ယင်းဆရာဝန်ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ပဲခူးဆေးရုံကြီးမှ အလှည့်ကျဆရာဝန်များ လွှတ်ပေးခဲ့ရာ အတွင်းလူနာ ၄၁၉ ဦးနှင့် ပြင်ပ လူနာ ၁၄၁၃ ဦးကို ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ ယခုဆရာဝန်မရှိသည့်အချိန်တွင် တစ်လလျှင် အတွင်းလူနာ ၃၀ ဦးနှင့် ပြင်ပလူနာ ၁၀၀ ကျော်ခန့် လာရောက်ကုသနေပါကြောင်း၊

သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်၊ ဇောင်းတူတိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာများအား ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဇောင်းတူ တိုက်နယ်ဆေးရုံတွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကုသရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် ဦးစားပေးဆောင်ရွက်တောင်းခံသွားမည်ဖြစ်ပြီး လက်ရှိဆေးရုံအဆောက်အဦနှင့် ပြင်ဆင်စရာရှိသည်များကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပြင်ဆင် ထိန်းသိမ်းစရိတ်ရန်ပုံငွေမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မည်သည့်အရာများကို ပြင်ဆင်ရမည်ကို အင်ဂျင်နီယာ အမြန်ဆုံးစေလွှတ် ကြည့်ရှုပြီး ချက်ချင်းပြင်ဆင်ရန် ပိုက်ဆံထုတ်ပေးမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဆေးရုံသုံးပစ္စည်းများနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်တွင် ကိုးမျိုး၊ ၂၀၁၆ ခုနှစ်တွင် သုံးမျိုး ထောက်ပံ့ပေးထားပါသော်လည်း  လတ်တလော လိုအပ်လျက်ရှိသော ဆေးရုံသုံးပစ္စည်းဆေးများကိုလည်း ဦးစားပေးအနေဖြင့် ချက်ချင်း အမြန်ဆုံးနှစ်ပတ်ခန့် အတွင်း  ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ ဆရာဝန်မရှိသည့်ကိစ္စကိုလည်း ဆောင်ရွက်ပေးမည့်အပြင် သူနာပြုကို လည်း ဒီဇင်ဘာလတွင် ထွက်ပေါ်လာမည့် သူနာပြုများခန့်အပ်သည့်အခါတွင် ဇောင်းတူဆေးရုံကို ဦးစားပေး အစီအစဉ်ဖြင့် တာဝန်ချထားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။