မေးခွန်း အကြောင်းအရာ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၃ ပုဒ်မခွဲ(က)အရ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြစေပြီး ပုဒ်မခွဲ(ဃ)အရ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသော ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖ့ွဲက လိုအပ်သလို ဆောင်ရွက် ရသည်ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ ပြည်ထောင်စုဘတ်ဂျက်ပါ ငွေလုံးငွေရင်းပါဝင်သော စီမံကိန်းလုပ်ငန်းများ ဖြစ်သော အဓိကကျောင်း၊ လမ်း၊ တံတား၊ ဆေးရုံနှင့် အခြားမီးလင်းရေးအဖွဲ့အပါအဝင်လုပ်ငန်းများကို ပွင့်လင်း မြင်သာစွာ တင်ဒါခေါ်ယူပြီး Contract စာချုပ်ချုပ်ဆိုပြီး စာချုပ်ပါစည်းကမ်း၊ စည်းမျဉ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ကိုင်စေရပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်အမှတ် (၁/၂၀၁၃) ၂၀၁၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် လိုက်နာရမည့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တိတိကျကျ လိုက်နာရမည်ဟု ညွှန်ကြားထားပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာရှိ တိုက်နယ်ဆေးရုံအဟောင်းတစ်လုံး ရှိပါကြောင်း၊ သို့သော် တိုက်နယ်ဆေးရုံအသစ်က ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုခဲ့ပြီး ၃၀-၄-၂၀၁၃ တွင် ကုမ္ပဏီတစ်ခုက စတင်ဆောက်လုပ်ခဲ့သည်မှာ ယခုထိပြီးပြတ်နိုင်ခြင်းမရှိသေးပါကြောင်း၊ ဌာနက ဖြည့်စွက်ပြင်ဆင်ပြီး အသုံးပြု နေရဆဲ ဖြစ်ပါကြောင်း၊ ရွာသစ်ကျေးရွာသည် အိမ်မဲ၊ မြောင်းမြ-ရန်ကုန်ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး လူဦးရေအလွန် ထူထပ်ပါကြောင်း၊ ကျေးရွာရှိ ပြည်သူလူထုများအနေဖြင့် ၎င်းဆေးရုံကြီးပြီးပြတ်မှုမရှိသေးသည့် အပေါ် စိုးရိမ်စိတ်ဖြင့် မိမိတို့ကို တင်ပြတောင်းဆိုခဲ့ကြပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ် တာဝန်စတင် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အဆိုပါဆေးရုံကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ်အစည်းအဝေးများပြုလုပ်ပြီး အကြိမ်ကြိမ်အကြောင်းကြားစာများ ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပါကြောင်း၊
ဆေးရုံ၏လမ်းများနှင့် တံခါးမကြီးများလည်း မပြီးစီးသေးပါကြောင်း၊ ဆေးရုံတစ်ရုံတွင် ရှိရမည့် ကွန်ကရစ်အုတ်နံရံအစား ဘုတ်ပြားကိုအစားထိုးပြီး ဆေးကိုညီအောင်သုတ်ခဲ့ပါကြောင်း၊ ဆေးရုံပတ်လည်တွင် ရေစီးရန်ရေမြောင်း အကုန်မရှိဘဲ ဆေးရုံ၏ဘေးကိုသာ ရေမြောင်းလေးပြုလုပ်ပေးထားပါကြောင်း၊ ဆေးရုံမှ ရင်ခွဲရုံကိုသွားသော လမ်းကိုလည်း အုတ်နီခဲသာ ခင်းထားပါကြောင်း၊ ဆေးရုံအနောက်ဘက်ဝင်ပေါက်တွင်လည်း တံခါးများတပ်ဆင် ထားခြင်း မရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာရေမြောင်းများကိုလည်း မပြုလုပ်ထားပါကြောင်း၊
ယခုကဲ့သို့ဖြစ်နေသောကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို စာပေးပို့ထားသော်လည်း လုံးဝပြန်ကြားစာမလာခဲ့ပါကြောင်း၊ ကုမ္ပဏီ၏မှတ်ပုံတင် စာချုပ်အရ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်ပါကြောင်း၊ ကုမ္ပဏီဒါရိုက်တာ လက်မှတ်နှင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် မြို့နယ်ကုသရေးဦးစီးမှူးထံ ၁၅-၁-၂၀၁၆ တွင် လာရောက်အပ်နှံမည်ဟု အကြောင်းကြားစာပေးပို့ သော်လည်း ပြန်လည်အကြောင်းကြားခြင်းလည်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံကိန်းလုပ်ငန်းများဖြစ်သည့် ပြည်ထောင်စုဘတ်ဂျက်မှ ချထားပေးသော လုပ်ငန်းများတွင် လုပ်ပိုင်ခွင့်ရကုမ္ပဏီများမှ စာချုပ်ပါအာမခံချက်များ၊ စည်းကမ်း၊ စည်းမျဉ်း၊ စံသတ်မှတ်ချက်မလိုက်နာမှုအပေါ် မည်ကဲ့သို့အရေးယူမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် စာချုပ်ပါအာမခံအချက်များ၊ စည်းကမ်း၊ စည်းမျဉ်း၊ စံသတ်မှတ်ချက် မလိုက်နာမှုအပေါ် အောက်ပါအတိုင်း ဆောင်ရွက်ပါကြောင်း၊ သတ်မှတ်ချက် Specification နှင့်မပြည့်စုံခြင်း၊ မကိုက်ညီခြင်းရှိပါက လက်ခံရန်ငြင်းဆန်ခြင်း၊ စာချုပ်ပါ စံသတ်မှတ်ချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်စေခြင်း၊ အဆိုပါ ဆောင်ရွက်မှုအတွက် ကုန်ကျမှုကို လုပ်ငန်းလက်ခံဆောင်ရွက်သူမှ ကျခံခြင်း၊ သတ်မှတ်ရက်ထက် နောက်ကျပါက နောက်ကျကာလအတွက် သတ်မှတ်ထားသော နောက်ကျကြေးကို ပေးသွင်းစေခြင်း၊ လုပ်ငန်း ပြီးစီးမှု နောက်သတ်မှတ်စံနှုန်းမကိုက်ညီသေးပါက ပေးသွင်းထားသော လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Guarantee စက်ပစ္စည်းကိရိယာ ဝယ်ယူသည့်လုပ်ငန်းဖြစ်လျှင် လုပ်ငန်းပမာဏ၏ ၁၀ ရာခိုင်နှုန်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းဖြစ်လျှင် လုပ်ငန်းပမာဏ၏ ၅ ရာခိုင်နှုန်းကို နိုင်ငံတော်၏ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်း၊ စာရင်းစစ်ဆေးပြီးနောက် စာရင်းစစ်အဖွဲ့၏ လုပ်ငန်းစစ်ဆေးမှုကွာခြားမှုရှိပါက ခြားနားငွေပမာဏကိုပြန်လည် ပေးသွင်းစေခြင်း၊ လုပ်ငန်းလက်ခံသူ၏ ဆောင်ရွက်ချက်သည် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းစံသတ်မှတ်ချက် အတိုင်း ဖောက်ဖျက်ကြောင်း ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့မှ ဆုံးဖြတ်လျှင် ကုမ္ပဏီအားအမည်မဲစာရင်း(Black List) သတ်မှတ်၍ ဌာနအားလုံးသို့ အသိပေးခြင်း၊ စာရင်းစစ်ဆေးပြီး စာရင်းစစ်အစီရင်ခံစာပေးပို့မှုအပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာတိုက်နယ်ဆေးရုံဆောက်လုပ်ခြင်း လုပ်ငန်းသည် ဖေဖော်ဝါရီ လ ၂၁ ရက် ၂၀၁၃ ခုနှစ်တွင် Top Creative Asia Co,Ltd ဒက္ခိဏတံခွန် နှင့် လုပ်ငန်းတန်ဖိုး ၄၃၅.၃ သန်းကျသင့်ပြီး ဧရာဝတီတိုင်းဦးစီးဌာနမှူးနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့သောလုပ်ငန်းဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက် ၂၀၁၃ ရက်နေတွင်စ၍ မတ်လ ၃၀ ရက်နေ့ ၂၀၁၅ ရက်နေ့အထိ စုစုပေါင်းရန်ပုံငွေ သန်း ၄၀၀ ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီမှ စာချုပ်ပါကျန်ငွေများကို ယနေ့အထိ ထပ်မံတောင်းခံထားခြင်းလည်း မရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး ကုသရေးဌာနဦးစီး၏ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၆ နှင့် မတ်လ ၁၅ ရက် ၂၀၁၇ အဖွဲ့များဖွဲ့၍ စုံစမ်းစစ်ဆေးပေးရန် လမ်းညွှန်ချက်အရ အဖွဲ့ဝင်သုံးဦးပါသော ရှေးဦးကနဦးစုံစမ်းအဖွဲ့ဖွဲ့၍ စုံစမ်းမှု ပြုလုပ် ခဲ့ပါကြောင်း၊ ရှေးဦးစုံစမ်းမှုအဖွဲ့၏ အစီရင်ခံစာတင်ပြချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၏ တင်ပြချက်အရ ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၆ ရက်နေ့တွင် ရွာသီတိုက်နယ်ဆေးရုံကြီးကြပ်မှုကော်မတီ နှင့် ကုမ္ပဏီ Project Engineer တို့ညှိနှိုင်း၍ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပြီး ယခုအခါဆေးရုံ လုပ်ငန်းများကို ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊
အိမ်မဲမြို့နယ် ရွာသစ်တိုက်နယ်ဆေးရုံ တည်ဆောက်ခဲ့သည့် Top Creative Asia Co,Ltd ဒက္ခိဏတံခွန် အား စာရင်းစစ်ဆေးပြီး စာရင်းစစ်အစီရင်ခံစာပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် ၎င်းဆေးရုံကို တစ်ပတ်အတွင်း အင်ဂျင်နီယာနှင့်အဖွဲ့ဖွဲ့ပြီး ဆက်လက်ပြီး အရေးယူသင့်သည်ကို အရေးယူမည် ဖြစ်ပါကြောင်း၊ မည်ကဲ့သို့ အရေးယူကြောင်းကိုလည်း မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးကို တရားဝင်စာဖြင့် ပြန်လည်ပြောကြားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဒေါ်သန္တာ (အိမ်မဲမဲဆန္ဒနယ်) က ဆက်စပ် မေးခွန်းမေးမြန်းပါသည်။
ယခုကျန်းမာရေးဝန်ကြီးက ဖြေသွားရာတွင် အလွန်ပြည့်စုံပါကြောင်း၊ အရေးယူမည့်အချက်များကိုလည်း တွေ့ ပါကြောင်း၊ အမှန်တကယ်တွင် အမည်မဲစာရင်းလုပ်သည်မှာ ထိရောက်မှုမရှိပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများ အလွန်ကုန်ကျရသည်နှင့်အညီ သက်ဆိုင်ရာဌာနက ပြန်ပြီးလုပ်ရမည်ဆိုပါက နှစ်ခါထပ်ကုန်သကဲ့သို့ ဖြစ်သည့် အတွက် သက်ဆိုင်ရာကုမ္ပဏီကို အရေးယူခြင်းအပြင် ကုမ္ပဏီကပေးသွင်းထားသော အဆောက်အဦဖိုးများ၊ ဘဏ္ဍာငွေများကို သိမ်းယူခြင်းတို့သည် အလွန်ကောင်းပါကြောင်း၊ မိမိတို့အင်မတန် ကြိုဆိုပါကြောင်း၊ သက်ဆိုင်ရာ ဆေးရုံပတ်ဝန်းကျင်က ကျေးရွာများနှင့် ဆေးရုံကော်မတီများကို ပွင့်လင်းမြင်သာစွာဖြင့် ပြောပြရန် အစီအစဉ် ရှိပါသနည်းကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မိမိတို့က စံချိန်၊ စံညွှန်း သတ်မှတ်ချက်များနှင့်မညီပါက ပြန်လည်၍ လုံးဝလျော်ခိုင်းမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်ကြီးကိုသာမက ပတ်ဝန်းကျင်ရှိ လူများ၊ ကော်မတီများ အားလုံးကိုလည်း အကြောင်းကြားမည် ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စသည် အထူးအရေးကြီးသည့် အတွက် မိမိတို့အနေဖြင့် သေသေချာချာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
