မေးခွန်း အကြောင်းအရာ
ပန်းတောင်းမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်ရှိပြီး မြေဧရိယာ ၉၆၈ စတုရန်းမိုင် ကျယ်ဝန်းပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့ဖြင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့ဖြစ်ပါကြောင်း၊ မြို့နယ်လူဦးရေ တစ်သိန်းခွဲခန့်ရှိပြီး ပြည်ခရိုင်တွင် အကျယ်ဆုံးမြို့ဖြစ်သော်လည်း စီးပွားရေးအရကြည့်မည် ဆိုပါက လူတစ်ဦးချင်း၏ဝင်ငွေမှာ ခရိုင်အတွင်း မြို့နယ်များနှင့်ယှဉ်ရင် အနိမ့်ဆုံးဖြစ်ပြီး ဝင်ငွေကွာဟချက် များပြားလှပါကြောင်း၊ ထို့အပြင် ပန်းတောင်းမြို့နယ်၏ ပညာရေးသည်လည်း လူမှုဘဝနိမ့်ကျလွန်းသဖြင့် သား/သမီများကို မပျိုးထောင်နိုင်သည့် အခြေအနေကြောင့် နှစ်စဉ်အောင်ချက် နိမ့်ကျခဲ့ပြီး ၁၃ ရာခိုင်နှုန်းသာအောင်မြင်သည့်အတွက် မြန်မာတစ်ပြည်လုံး အနိမ့်ဆုံးအောင်မြင်သည်ဆိုသော ပြည်နယ်မှ ၁၇ ရာခိုင်နှုန်းထက်ပင် နိမ့်ကျလျက်ရှိပါကြောင်း၊
ပန်းတောင်းမြို့နယ်အတွင်းရှိ မြေဧရိယာများအနက် ၁၁ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ပြီး မြေလွတ်မြေရိုင်း များစွာရှိသော မြို့ဖြစ်ပါကြောင်း၊ ပန်းတောင်းမြို့နယ်တွင် ဆက်သွယ်ရေးလမ်းကြီးများ ကောင်းခြင်း၊ လျှပ်စစ်မီး အထိုက်အလျောက်ရှိခြင်း၊ လူဦးရေလည်းရှိခြင်း၊ အသုံးပြုနိုင်သည့်မြေနေရာများလည်း ရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ စီမံကိန်းအသစ်များ၊ လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ရန် အဆင်ပြေကောင်းမွန်သည့် ဒေသဟုလည်း ဆိုနိုင်ပါကြောင်း၊ သို့သော်ကျေးလက်နှင့် မြို့ငယ်လေးများတွင် အလုပ်အကိုင် အခွင့်အလမ်းများမရှိ၊ ဘဝရပ်တည်၍မရသဖြင့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများအား ပြောင်းရွှေ့လုပ်ကိုင် ရခြင်းကြောင့် လူမှုဒုက္ခမျိုးစုံ ကြုံတွေ့နေရပါကြောင်း၊
မြန်မာနိုင်ငံအတွက် သုတေသနပြုချက်အရ မြို့နှင့်တောဝင်ငွေကွာဟမှုသည် ၁၆ ဆအထိကွာဟလျက် ရှိပါကြောင်း၊ ၎င်းသုတေသနပြုချက်သည် မြေပြင်ပကတိအခြေအနေအရ အမှန်တကယ်ကွာဟနေသည့် လူမှုဘဝများကို မြင်တွေ့နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိ၏မဲဆန္ဒ နယ်မြေအပါအဝင် မြန်မာတစ်ပြည်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်နိုင်ရန် မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပန်းတောင်းမြို့နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကျပ် ၆၉၅ သန်းနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ် ၂၆၈၆ သန်းတို့ဖြင့် စီမံကိန်းအသစ်များ ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အဆိုပါ လျာထားရန်ပုံငွေကျပ် ၃၃၈၁ သန်းဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဥသျှစ်ပင်မြို့ အုပ်ချုပ်ရေးမှူးနေအိမ် ၁ လုံးနှင့် ပန်းတောင်းမြို့နယ် ရုံးခန်းများဆောက်လုပ်ခြင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်အမှုတွဲခန်း ဆောက်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတိုးချဲ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် အစားထိုးရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆) ခု တို့အတွက် စုစုပေါင်းငွေကျပ် ၁၇၃ သန်း အားလည်းကောင်း၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂၃) အကြီးစား စက်ရုံမှ စက်နှင့်စက်ပစ္စည်းများ တပ်ဆင်စရိတ်နှင့် ပညာရှင်စရိတ်တို့အတွက် စုစုပေါင်းငွေကျပ် ၇.၀၇ သန်း အားလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ အန္တရာယ်ရှိကျောင်းဆောင်များ ဖျက်သိမ်း၍ ကျောင်းအသစ် (၉) ကျောင်းဆောက်လုပ်ခြင်း၊ ဥပဓိရုပ်မကောင်းသော ကျောင်းတစ်ကျောင်းအသစ် ဆောက်လုပ်ခြင်း၊ အန္တရာယ် ရှိသော အဆောင်ဟောင်းအား ဖျက်သိမ်း၍ အသစ်တစ်ကျောင်း ဆောက်လုပ်ခြင်းနှင့် အ.ထ.က (ခွဲ) ကပစ-၁၆ တွင် ဆရာ/မများနေထိုင်ရန် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း အပါအဝင် စုစုပေါင်းလုပ်ငန်း ၁၂ ခု ဆောက်လုပ်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ထုံးဘိုတိုက်နယ် ဆေးရုံဆောက်လုပ်ခြင်း၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် စုစုပေါင်းရန်ပုံငွေ ကျပ် ၂၅၀ သန်းနှင့် လမ်းဦးစီးဌာနမှ ပန်းတောင်း-တောင်ကုတ်လမ်း ဖောက်လုပ်ခြင်း၊ ကံမ-ပြည်လမ်းအတွက် ငွေကျပ် ၁၁၉၁ သန်း စုစုပေါင်း ကျပ် ၂၄၉၁ သန်းအားလည်းကောင်း လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊
အထက်ဖော်ပြပါ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများအပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ နဝဒေးတံတားမှ ရွှေဘုံသာ မုနိဘုရားကြားတွင် Tourism Attractive Zone အဖြစ် သတ်မှတ်ပြီး ခရီးသွားလုပ်ငန်းအတွက် Hotel Zone များ ဖော်ဆောင်နိုင်ရန် ခန့်မှန်းမြေဧရိယာ ဧက ၂၀၀ ခန့်ကို လျာထားပြီး ပထမဦးစွာတိုင်းတာမှုများ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တိုင်းတာမှုများဆောင်ရွက်ပြီးနောက်ပိုင်း ပြည်သူလူထုကို ချပြ၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး စီမံကိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် နိုင်ရန် လျာထားပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်နှင်းသစ် (ပန်းတောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပန်းတောင်းမြို့နယ်အပါအဝင် အခြားဒေသများ၌ တူညီမျှတစွာ ဆောင်ရွက်ပေးရန် အစီအစဉ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ မိမိတို့ပန်းတောင်းမြို့နယ်အတွက် မည်သည့်စီမံကိန်းများ ရှိပါနည်း၊ မည်ကဲ့သို့ မျိုးရန်ပုံငွေများ ချထားပေးသည်ဆိုသော်လည်း မေးခွန်းထဲတွင်ပါဝင်သည့် အခြားဒေသများနှင့် တူညီမျှတစွာဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိလည်း ပါဝင်သည့်အတွက်ကြောင့် လိုအပ်သည့်အပိုင်းကို ဆက်လက်ဖြေကြားစေလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
မိမိတို့ပြည်ထောင်စုဝန်ကြီးအနေဖြင့် ကဏ္ဍအလိုက် စီမံကိန်းများကို Sectorial Plan များ ချမှတ်ပြီး ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းနေရာတွင်လည်း တူရာတူရာဝန်ကြီးဌာနများက Clusters များစုပြီး စီမံကိန်းကို ဝိုင်းဝန်းအကောင်အထည်ဖော်သည့် စီမံကိန်းများလည်းရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက Regional Development Plan ကို ရေးဆွဲပြီးမှ ဒေသအလိုက် အားသာချက်များ၊ အခွင့်အလမ်းများကို စုစည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအလိုက် အကောင်အထည်ဖော်ပါကြောင်း၊ မိမိတို့နိုင်ငံတော်အနေဖြင့် Regional Growth Centre များအဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို အခြေပြုပြီးမှ ထားဝယ် Accesses ၊ သီလဝါ Accesses နှင့်ကျောက်ဖြူ Accesses များကို အခြေပြုပြီး နိုင်ငံတော်အလိုက် Sea Wealth Zone စီမံကိန်းကြီးများ၊ Regional Growth Centre များဖြစ်သည့် တိုင်းဒေသကြီးပြည်နယ်၏ အားသာချက်ရှိသော မြို့ကြီးများအခြေပြုသည့် စီမံကိန်းကြီးများ၊ နောက်တစ်ခါ Special Function Growth Centre များအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို အခြေပြုသည့် စီမံကိန်းကြီးများ၊ နယ်စပ်ကုန်သွယ်ရေးကို အခြေပြုသည့် စီမံကိန်းကြီးများ၊ နောက်လယ်ယာ စိုက်ပျိုးရေး ကဏ္ဍကိုအခြေပြုသည့် စီမံကိန်းကြီးများစသဖြင့် နိုင်ငံတော်အလိုက် တစ်နိုင်ငံလုံးတွင် အစိုးရအနေဖြင့် ဖွံ့ဖြိုးရန်အတွက်ကို စီမံကိန်းကြီးများ ချမှတ်ဆောင်ရွက်လျက် ရှိခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းများကို ဒေသအနှံ့တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအလိုက်၊ ကဏ္ဍအလိုက် ဆောင်ရွက်ကြပါကြောင်း၊ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးဌာနများ ယခုလို အကောင်အထည်ဖော်ခြင်း ဖြစ်သည့်အတွက် ကိုယ်စားလှယ်တော် ကြီးအနေဖြင့် မည်သည့်ကဏ္ဍကို အသေးစိတ်သိလိုခြင်း သို့မဟုတ် မည်သည့်ဒေသကို အသေးစိတ်သိလိုပါကြောင်းကို သီးခြားမေးမြန်းမည်ဆိုပါက မိမိတို့ဘက်မှလည်း အသေးစိတ်ဖြေကြားသွားမည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။
