မေးခွန်း အကြောင်းအရာ
ရိခေါဒါရ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏လစာနှင့် အခြားစရိတ်များ ထုတ်ယူရာတွင်လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ငွေလုံးငွေရင်းခွင့်ပြုငွေများထုတ်ယူရာတွင် လည်းကောင်း၊ တခြားမြို့ဖြစ် သည့် ဖလမ်း၊ ဟားခါး၊ တီးတိန်နှင့် ကလေးမြို့များရှိ ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်ရပါသဖြင့် ကုန်ကျစရိတ်များပြားခြင်း၊ အချိန်ကြန့်ကြာခြင်း၊ လမ်းခရီးတွင် လုံခြုံမှုမရှိခြင်းစသည့် အခက်အခဲများ နှင့် ကြုံတွေ့နေရပါကြောင်း၊ ရိခေါဒါရ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ သို့မဟုတ် ဘဏ်ငွေတိုက်ခွဲ ဖွင့်လှစ်ပေးပါက ဌာနဆိုင်ရာများ၏ လစာနှင့်စရိတ်များအနက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ ရရှိလာသောငွေကြေးများအတွက် ပိုမိုလုံခြုံမှုရရှိလာမှာဖြစ်ပါကြောင်း၊ ထို့အပြင် ရိခေါဒါရ်မြို့အနီး ကျေးရွာများရှိ အငြိမ်စားဝန်ထမ်းများအတွက် ပင်စင်လစာနှင့် ဆုငွေများကိုလည်း အချိန်နှင့်ငွေကုန် သက်သာစွာ ထုတ်နိုင်မည်ဖြစ်သည့်အပြင် လူမှုအဖွဲ့အစည်းများ၏ ရန်ပုံငွေများကို လုံခြုံစိတ်ချစွာ စာရင်းဖွင့်အပ်နှံနိုင်ခြင်း၊ ပြည်သူများအနေဖြင့် ငွေစုစာအုပ် ဖွင့်လှစ်စုဆောင်းလာနိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိလာမည်ဖြစ်သည့်အတွက် ချင်းပြည်နယ်၊ ဖလန်းမြို့နယ် ရိခေါဒါရ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ သို့မဟုတ် ဘဏ်ငွေတိုက်ခွဲဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် ရုံးချုပ်ဌာနကြီးခြောက်ခုအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ရုံး ၁၄ ခု၊ ခရိုင်ကွပ်ကဲဘဏ်ခွဲ ၇၆ ခု၊ မြို့နယ်ဘဏ်ခွဲ ၂၁၅ ခု၊ ဘဏ်ငွေတိုက်ခွဲ ၁၈ ခု၊ ကိုယ်စားလှယ် ရုံးခွဲ ၆ ခု စုစုပေါင်းဘဏ်ခွဲ ၃၃၅ ခုရှိပါကြောင်း၊ ချင်းပြည်နယ်တွင် ပြည်နယ်ရုံးတစ်ခု၊ ခရိုင်ဘဏ်ခွဲသုံးခု၊ မြို့နယ်ဘဏ်ခွဲခြောက်ခုနှင့် ငွေတိုက်ခွဲတစ်ခု စုစုပေါင်း ၁၁ ခု ဖွင့်လှစ်ထားရှိပြီး ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ရိခေါဒါရ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ငွေလက်ခံ ကောင်တာဖွင့်လှစ်ရရှိ၍ ဘဏ်ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဘဏ်ဝန်ဆောင်ခ(Service Charges) ကျပ်သိန်းပေါင်း ၂၂၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေ နှစ်လ တွင် ကျပ်သန်း ၅၀ ရရှိထားပါကြောင်း၊ လျှပ်စစ်မီးအနေဖြင့် အိန္ဒိယနိုင်ငံဘက်က ၂၄ နာရီ မီးဝယ်ယူသုံးစွဲ ရပါကြောင်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းထံမှ တစ်ရက်လျှင် သုံးနာရီ မီးရရှိပါကြောင်း၊ ရိခေါဒါရ်မြို့တွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများရှိသည့် အတွက် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲအဆင့်ဖွင့်လှစ်မည်ဆိုပါက လက်ရှိနယ်စပ်ကုန်သွယ်ရေး ငွေလက်ခံကောင်တာဖွင့်လှစ်ခြင်းထက် ဝင်ငွေပိုမိုရရှိလာနိုင်ပြီး ရိခေါဒါရ်မြို့တွင် မြန်မာ့စီးပွားရေး ဘဏ်ငွေတိုက်ခွဲဖွင့်လှစ်နိုင်ရေးအတွက် ရိခေါဒါရ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြေနေရာ လျာထားပြီးဖြစ်ပါကြောင်း၊ လုံခြုံရေးအတွက် ရဲစခန်းရှိခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာရုံးများရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိခြင်း စသည့်အချက်များကြောင့် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲဖွင့်လှစ်ရန် သင့်လျော်ပါသည့်အတွက် မြေနေရာအဆင်ပြေမှုရှိပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ငွေတိုက်ခွဲ ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
