(င)-လုပ်ငန်းခွင်တွင်အမျိုးသမီးများသည်အမျိုးသား များနှင့်တန်းတူအသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရန် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များ ကိုကျား/မတန်းတူသတ်မှတ်ပေးရန်အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

daw khin hinn thitယနေ့ မြန်မာနိုင်ငံသည် စနစ်သစ်သည် တိုင်းပြည်ကို ပြန်လည် တည်ဆောက် နေချိန်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လူ့စွမ်းအားအရင်း အမြစ်အရေးပါပုံကို ညွှန်ပြချက်အရ တိုင်းပြည်အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ဖို့၊ လူမှန်နေရာမှန်ဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများနေသည်ကို တွေ့မြင်နိုင်ပြီး လုပ်သားအင်အားတွင် အမျိုးသမီးလုပ်သားများပြား လျက်ရှိကြောင်းကို တွေ့ရှိနိုင်ပါကြောင်း၊ ထို့အပြင် ပထမအကြိမ်ထက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဆခွဲခန့်ပိုမို ပါဝင်လာသည်ကို တွေ့နိုင်ပါကြောင်း၊

မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများအရ အမျိုးသားနှင့် အမျိုးသမီး မည်သို့မျှခွဲခြား ထားခြင်းမရှိကြောင်းနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ချက်များကို တွေ့မြင်နိုင် ကြောင်း၊ သို့သော် မြန်မာ့ဓလေ့ထုံးတမ်းယဉ်ကျေးမှုများအရ အမျိုးသားများက ပိုမိုစွမ်းဆောင်နိုင်သလို ဖြစ်နေပါကြောင်း၊ ထိုသို့စွမ်းဆောင်နိုင်ပါသည်ဆိုသည့် အမျိုးသားများကို တက္ကသိုလ်ဝင်တန်းအမှတ်အချို့တွင် ခွဲခြားထားပြီး အမျိုးသမီးများ၏ တက္ကသိုလ်ဝင်မှတ်များသည် အမျိုးသားများထက် အမှတ်မြင့်နေဆဲဖြစ်ပါကြောင်း၊ အမျိုးသမီးများအနေဖြင့် အခွင့်အလမ်းကို မရနိုင်သည့်အတွက်ကြောင့် တိုင်းပြည်လည်း နစ်နာနိုင်ပါကြောင်းနှင့် ဘာသာရပ်ကို စိတ်ပါဝင်စားသူကသာ ထူးချွန် နိုင်သူဖြစ်မည်ဟု ဆိုနိုင်ပါကြောင်း၊

တည်ဆဲဥပဒေများ၊ CEDAW စာချုပ်တို့နှင့် ကွဲလွဲနေသော မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်များတွင် ခွဲခြားထားမှု အချို့ရှိနေသေးပါကြောင်း၊

ထို့ကြောင့် (၁) လုပ်ငန်းခွင်တွင် အမျိုးသားနှင့်တန်းတူ စွမ်းဆောင်နိုင်သော အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရန် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရလဒ်များတွင် ကျား/မတန်းတူသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၂) မူဝါဒချမှတ်ပြီး အစီအစဉ်ရှိနေသည်ဆိုပါက မည်သို့စီမံဆောင်ရွက်ထားသည်။ (၃) အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win maw tunတက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ နှစ်စဉ်ထုတ်ပြန် ထားသော တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အပိုင်း(က) အခန်း(၅) အပိုဒ် ၁၈တွင် အောက်ပါအစီအစဉ်များ ဖော်ပြထားရှိပါကြောင်း၊ (က) လျှောက်ထားသူ၏ သင်တန်းရွေးချယ်မှုကတ်ပြားကို အမှတ်အနည်းအများအလိုက် စဉ်ထားသည်။ (ခ) အမှတ်အများဆုံးရသည့် လျှောက်ထားသူ၏ ကတ်ပြားမှစ၍ အမှတ် အနည်းအများအလိုက် ကတ်ပြားတစ်ခုချင်းကို စိစစ်သည်။ (ဂ) သင်တန်း ရွေးချယ်မှု ကတ်ပြားတွင် ဖော်ပြသည့်အတိုင်း ဦးစားပေးအစီအစဉ်ကို စိစစ်သည်။ (ဃ) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက်၊ အထူးပြုဘာသာရပ်အလိုက် လက်ခံရန်သတ်မှတ်ထားသည့် သတ်မှတ်ဦးရေအတိုင်း ဝင်ခွင့်ပြုပါမည် ဟုပါရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်များဖြစ်သည့် စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်များတွင် အမျိုးသား၊ အမျိုးသမီးဦးရေလိုအပ်ချက်ကို အမျိုးသားဦးရေ ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သကဲ့သို့ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှာ တက္ကသိုလ်ဝင်တန်းအောင် အနိမ့်ဆုံးရမှတ်သတ်မှတ် ချက်အား အမျိုးသား၊ အမျိုးသမီးခွဲခြားသတ်မှတ်ခြင်းမရှိဘဲ လက်ခံနိုင်သည့် ဦးရေအရသာ ကျား/မ အမှတ်တန်းတူ ဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရစက်မှု လက်မှုသိပ္ပံများ တက်ရောက်ရေးအတွက် ဝင်ခွင့် လျှောက်လွှာများခေါ်ယူရာတွင် ကျား/မခွဲခြားသတ်မှတ်ခေါ်ယူခြင်း မရှိဘဲ ပညာရပ်အခြေခံဖြစ်သည့် သင်္ချာနှင့် အင်္ဂလိပ်စာ နှစ်ဘာသာစုစုပေါင်းရမှတ်အရသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်များအနေနှင့် လုပ်ငန်းခွင် အကြိုဆရာအတတ် ပညာ ဒီပလိုမာသင်တန်း(DTEd) နှစ်နှစ်သင်တန်းကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လျှောက်ထားသူများ၏ တက္ကသိုလ် ဝင်ခွင့်ရမှတန်ကြီးစဉ်အရသာ လက်ခံခဲ့ပါကြောင်း၊ ထိုသို့ တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်ကြီးစဉ်အရ ရွေးချယ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပညာရေးကောလိပ်များ၏ ဝင်ဆံ့အင်အားအရ ရွေးချယ်ခြင်း၊ ဘာသာရပ်အတွဲအလိုက် လျှောက်ထားသူအင်အားအပေါ် စိစစ်၍ အချိုးကျရွေးချယ်ခြင်း၊ နှစ်စဉ်ပညာရေးကောလိပ် တက်ရောက်ရန် လျှောက်ထားသူ အင်အားတွင် သင်တန်းသူ အမျိုးသမီးအင်အားသည် ပိုမိုများပြားသည့်အတွက် မ အင်အားသည် ပိုမိုဖြစ်နေခြင်းဖြစ်ပါကြောင်းနှင့် အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ဘာသာတွဲအလိုက် ရွေးချယ်ရမည့်အင်အား ပြည့်မီအောင် လျှောက်ထားနိုင်ခြင်း မရှိခြင်းကြောင့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များကို ကျား/မတန်းတူ သတ်မှတ်၍ မရနိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်မှုနှင့်စပ်လျဉ်းပြီး တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးပါက မိမိ၏အမှတ်ပေါင်း မည်မျှရရှိသည်ဖြစ်စေ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ တင်ပြပါသတ်မှတ်ချက်များအတိုင်း မည်သည်‌့တက္ကသိုလ်မဆို လျှောက်ထားခွင့်ရှိပါကြောင်း၊ ထိုသို့လျှောက်ထားရာတွင် မိမိနှင့်သင့်လျော်သည့် တက္ကသိုလ်များကို သေချာစဉ်းစားဆုံးဖြတ်ပြီး ဦးစားပေးအစီအစဉ်အတိုင်း ဖြည့်စွက် ဆောင်ရွက်ရပါကြောင်း၊ မိမိဦးစားပေးလျှောက်ထားသည့် တက္ကသိုလ်သို့ ဝင်ခွင့်ရခြင်း/မရခြင်းသည် လျှောက်ထားသူနှင့်မဆိုင်ဘဲ လျှောက်ထားသူများ၏ ရမှတ်အရသာ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က စိစစ် ရွေးချယ်ခဲ့ပါကြောင်း၊

တက္ကသိုလ်က လက်ခံနိုင်သော ကျောင်းသားဦးရေအထိ အမှတ်များရာမှာ နည်းရာသို့ စိစစ်ရွေးချယ်ပြီး လက်ခံနိုင်သည့် ဦးရေ ပြည့်မီသွားပါက ဝင်ခွင့်ပြုမည့်အရေအတွက် ပြီးဆုံးမည်ဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အမှတ်မည်မျှပင် ရရှိ စေကာမူ မိမိ၏ဦးစားပေး လျှောက်ထားမှု၊ ဦးစားပေး လျှောက်ထားသည့် တက္ကသိုလ် များ၏လက်ခံနိုင်သည့် ဦးရေ သတ်မှတ်မှု၊ အမှတ်များရာမှ နည်းရာသို့ အစဉ်လိုက် စိစစ်ရွေးချယ်ဝင်ခွင့်ပြုခြင်းဖြစ်သည့်အတွက် တက္ကသိုလ် တစ်ခုချင်းစီသို့ ဝင်ရောက်ခွင့် ရရှိရမှတ်များကို ပုံသေ သတ်မှတ်ထားခြင်းမရှိဘဲ ထိုသို့ ဝင်ခွင့်အမှတ် များခြင်း၊ နည်းခြင်းတို့ကို လျှောက်ထားသူအပေါ်မူတည်ပြီး ကြိုတင်မှန်းဆ၍မရပါကြောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်ကို ဆက်လက် တင်ပြမည်ဖြစ်ပါကြောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်မှာ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနအောက်မှာ ဖော်ပြပါ အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များ ဖွင့်လှစ်သင်ကြားလျက် ရှိပါကြောင်း၊ (က) ဆေးတက္ကသိုလ် ငါးခု၊ (ခ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နှစ်ခု၊ (ဂ) ဆေးဝါးတက္ကသိုလ် နှစ်ခု၊ (ဃ) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ နှစ်ခု၊ (င) သူနာပြုတက္ကသိုလ်များ နှစ်ခု၊ (စ) အခြေခံကျန်းမာရေးတက္ကသိုလ်တစ်ခုတို့ဖြစ်ပါကြောင်း၊

၂၀၁၆ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်များသို့ အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်း အချိုးတူညီစွာဖြင့်လည်းကောင်း၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်များသို့ အမျိုးသား ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ သူနာပြုတက္ကသိုလ်များသို့ အမျိုးသား ၁၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၉၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်များသို့ အမျိုးသား ၈၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၀ ရာခိုင်နှုန်းဖြင်‌့လည်းကောင်း ဝင်ခွင့်ပြုခဲ့ပြီး ဆေးဝါး တက္ကသိုလ်များနှင့် ဆေးဝါးဆိုင်ရာနည်းပညာတက္ကသိုလ်များသို့ အမျိုးသား၊ အမျိုးသမီး အချိုးခွဲခြားခြင်းမရှိဘဲ ဝင်ခွင့်ပြုခဲ့ပါကြောင်း၊

တိုင်းရင်းဆေးတက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရာတွင် အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ တန်းတူလျှောက်ထားခွင့်ရှိပြီး အခြားဆေးဘက် ဆိုင်ရာ နှီးနွယ်တက္ကသိုလ်များကဲ့သို့ ဝင်ခွင့်လျှောက်ထားသူများနှင့် ရမှတ်အနည်းအများအလိုက် လက်ခံနိုင်သည့် ဦးရေအတိုင်းအတာ ရွေးချယ်ခဲ့ပြီး လက်ခံနိုင်သည့် ကျောင်းသား အရေအတွက် ပြည့်ချိန်တွင် အမျိုးသမီးများ၏ရမှတ်က မြင့်တက်လာခြင်း ဖြစ်ပါကြောင်း၊ ဆေးပညာနှင့် နှီးနွယ်ပညာရပ်များသည် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်ပြီး နိုင်ငံတော်၏လိုအပ်ချက်နှင့် ပညာရပ်များ၏ သဘောသဘာဝ၊ ကျောင်းသူ ကျောင်းသားများ၏မူလအရည်အချင်း၊ ကြိုးစားအားထုတ်မှု အပေါ်မူတည်ပြီး ရွေးချယ်ဝင်ရောက်ခွင့်ပြုခြင်းဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နောက် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့်သတ်မှတ် ရာမှာ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် အမျိုးသား၊ အမျိုးသမီး အချိုး သတ်မှတ်ထားခြင်းအား လတ်တလောတွင် ပြင်ဆင်ရန်အစီအစဉ် မရှိသေးပါကြောင်း၊ နောက်တစ်ချိန် ပြဋ္ဌာန်ပြီးဖြစ်သည် အမျိုးသားပညာရေးဥပဒေ၊ အဆင့်မြင့် ပညာရေးဥပဒေ၊ တက္ကသိုလ်အသီးသီး၏ တက္ကသိုလ်ပဋိညာဉ် စာတမ်းများ ဆောင်ရွက်ပြီးပါက အမျိုးသား၊ အမျိုးသမီး အချိုးသတ်မှတ်ချက်ကို ပြန်လည် စိစစ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်‌ခင်နှင်းသစ်(ပန်းတောင်း) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ယခုမေးခွန်းအပေါ် ပြန်လည်ဖြေကြားချက်များအရ အထူးပြု ဘာသာတွဲအလိုက် လက်ခံရမည့် ဦးရေသည် ကျား ၅၀ ရာခိုင်နှုန်း၊ မ ၅၀ ရာခိုင်နှုန်း ဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ ထိုသို့ဖော်ပြချက်မျိုးသည်ပင်လျင် အမှတ်အလိုက်၊ ကြိုးစား အားထုတ်မှုအလိုက်လည်း မဟုတ်ဘဲ ကျားနှင့် မက ခွဲခြားလိုက်ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ခွဲခြားလိုက်ခြင်းသည်ပင် တည်ဆဲဥပဒေအရဖြစ်စေ၊ နိုင်ငံတကာ စာချုပ်တွေ အရဖြစ်စေ ဝန်ကြီးဌာနအနေဖြင့် လွဲမှားစွာဆောင်ရွက်ချက်ဖြစ်သည်ဟု ထောက်ပြလို ပါကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ပညာရေးအစီအစဉ်များကို မည်သည့်အချိန်တွင် ပြုပြင်ပြောင်းလဲရန်  အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

 ကျား ၅၀ ရာခိုင်နှုန်း၊ မ ၅၀ ရာခိုင်နှုန်းသည် ကျား/မ တန်းတူ အခွင့်အရေး ရှိသည့်အနေဖြင့် သတ်မှတ်ခြင်းဖြစ်ပြီး လုပ်ငန်းခွင်၏ သဘာဝ၊ နိုင်ငံတော်၏ လူ့ စွမ်းအားအရင်းအမြစ်စီမံကိန်းနှင့်အညီ သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကျား၊မ သီးခြားဖော်ပြသတ်မှတ်ရန် လိုအပ်ခြင်း ရှိ/မရှိကို အမျိုးသား ပညာရေးဥပဒေ၊ အဆင့်မြင့်ပညာရေးဥပဒေ၊ တက္ကသိုလ် ပဋိညာဉ်စာတမ်းများ၊ တက္ကသိုလ်ပညာရေးအဖွဲ့များနှင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။