(ဂ)-နိုင်ငံ့ဝန်ထမ်းဆရာ/မများနှင့်ပညာရေးဝန်ထမ်း များအားလုံးအားနှစ်စဉ် ဝတ်စုံစရိတ်ချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr maung thinနိုင်ငံ့ဝန်ထမ်းဥပဒေ ၂၀၁၃ ၏ ပုဒ်မ ၁၁ တွင် ဝန်ထမ်းသည် အောက်ပါအခြေခံ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်ဟုပါရှိပြီး အထက်ပါ ဥပဒေပုဒ်မ ၁၁ အပိုဒ်ခွဲ (ဂ) တွင် လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့် ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းဥပဒေတွင် တာဝန်ထမ်းဆောင်ခွင့်နှင့် လျော်ညီသည် ဟုပါရှိသဖြင့် တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသော ဝတ်စုံများကို ဆရာ/မများဆင်မြန်းရပါကြောင်း၊ သို့အတွက်ကြောင့် ပုဒ်မ ၁၁ အပိုဒ်ခွဲ (ဂ) တွင် ပြဋ္ဌာန်းထားသော တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့် ထောက်ပံ့ကြေးနှင့်အခြားစရိတ် ခံစားခွင့်ဖြင့် ဝတ်စုံစရိတ်များကို ထုတ်ပေးမည်ဆိုလျှင် အကျုံးဝင်နိုင်သည်ဟု ယူဆမိပါကြောင်း၊

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မိမိတို့အစိုးရအနေဖြင့်လည်း မိမိတို့၏ဝန်ထမ်းများကို ဂရုတစိုက်စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည်ကို နားလည်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ သင့်လျော်မျှတသည့် လုပ်ခရရှိရေး၊ ကောင်းမွန်သည့် အထွေထွေခံစားခွင့်များ ရရှိခံစားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့၌ MICC-2 တွင် ကျင်းပသော မြန်မာနိုင်ငံနိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ချက်ကြေညာသည့် အခမ်းအနားတွင် စေတနာအပြည့်ဖြင့် ပြောကြားခဲ့ပါကြောင်း၊

မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က မေလ ၂၅ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လစာတိုးပေးရန် အစီအစဉ်မရှိကြောင်းနှင့် အခြားပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ၃၀ ရက်နေ့တွင် ဒေါ်ယဉ်မင်းလှိုင်၏ သူနာပြုလောက မြှင့်တင်ရေးအဆိုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တစ်နှစ်လျှင်သူနာပြုများအား ဝတ်စုံစရိတ်ကျပ်နှစ်သောင်းနှင့် လစာစရိတ်ချီးမြှင့်သွားရန် Cabinet အတည်ပြုချက် ရယူမည်ဖြစ်ကြောင်းကို လွှတ်တော်တွင် ဖြေကြားခဲ့ပါကြောင်း၊

အခြေခံဆရာ/မများသည် လုံခြည်စိမ်းနှင့် အင်္ကျီဖြူကိုဝတ်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ နီးပါးခန့်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝတ်စုံစရိတ်ထုတ်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ လုံခြုံရေးဝန်ထမ်းများ၊ နယ်မြေဝန်ထမ်းများကိုသာ ဝတ်စုံစရိတ်ထုတ်ပေးခဲ့ပါကြောင်း၊ ယခုအခါတွင် မူလတန်းကျောင်းသားများကို နိုင်ငံတော်က ဝတ်စုံများထောက်ပံ့နေပြီး ဆရာ/မများကို မြန်မာ့လူ့အဖွဲ့အစည်းတွင် အနန္တောအနန္တ ဂိုဏ်းဝင်များဖြစ်ရုံသာမက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက သတ်မှတ်ထားသော မြင့်မြတ်သည့် အသက်မွေးဝမ်းကျောင်းမှုကို ပြုနေသည့် Nobel Professional ဆရာ/မများ ဖြစ်သည့်အတွက် လူနေမှုဘဝ မနိမ့်ကျသင့်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်ဘတ်ဂျက်အခြေအနေအရ ဆရာ/မများအတွက် စားဝတ်နေရေးနှင့် အခြားကောင်းမွန်သော အထွေထွေစရိတ် မဖော်ဆောင်‌သေးမည့် ကာလအတွင်း အလုပ်ဂုဏ်သိက္ခာကို ဖော်ညွှန်းသည့် ဆရာ/မများ၏ အဝတ်အစားမြှင့်တင်နိုင်စေရန်အတွက် နှစ်စဉ်ဝတ်စုံစရိတ် ဖြည့်ဆည်းပေးရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ စေတနာကို အကောင်အထည်ဖော်လိုသည့်အတွက် အထက်ပါမေးခွန်းကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ထားသော သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်မှ ဝတ်စုံစရိတ် ၀၃-၁၂ ခေါင်းစဉ်အောက်တွင် နှစ်စဉ်ထည့်သွင်းလျာထားလျက်ရှိပါကြောင်း၊ သို့သော် ဆရာ/မများဟုဆိုသော်လည်း ရုံးအကူ၊ စာပို့ဝန်ထမ်းနှင့် ရုံးလုလင်များ၏ အသုံးအဆောင်အဖြစ် အဝတ်အထည်၊ ထီး၊ မိုးကာ စသည်တို့အပါအဝင် တစ်ယောက်ကို နှစ်သောင်းနှုန်း သတ်မှတ်ခံစားခွင့်ပြုရန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်မှလည်း လမ်းညွှန်ထားခြင်းရှိသဖြင့် ဆရာ/မဝန်ထမ်းများကို သင့်တင့်သော ထောက်ပံ့မှု ဆောင်ရွက်ပေးရန် ညွှန်ကြားချက် ရှိသည့်အတွက် ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်တွင် ဦးစီးဌာနအဖွဲ့အစည်းပေါင်း ၁၂ ခု ရှိသည့်အပြင် သင်ကြားရေးဆရာ/မများရှိသည့် အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနုအတွင်းရှိ သင်ကြားရေးဆရာ/မများအတွက်ပါ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၎င်း ဦးစီးဌာနအတွင်းရှိ ဆရာ/မများအနေဖြင့် စုစုပေါင်း ၃၉၆၄၄၅ ဦး ရှိသည့်အတွက် တစ်ဦးလျှင် ဝတ်စုံတစ်စုံ ငွေကျပ် ၁၀၀၀၀ နှုန်းနှင့် ထောက်ပံ့ရန်အတွက် ခွင့်ပြုရန်ပုံငွေကျပ် ၃.၉၆၄ ဘီလီယံသုံးစွဲခွင့် ပြုပါရန်နှင့် ဝတ်စုံများ ထုတ်လုပ်ခြင်းအတွက် စက်မှုဝန်ကြီးဌာနတွင် အပ်နှံ၍ ပူးပေါင်းဆောင်ရွက်ခွင့်ပြုပါရန် နိုင်ငံတော်သမ္မတရုံးသို့ ၃၀-၃-၂၀၁၇ ရက်နေ့တွင် တင်ပြခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတရုံးမှလည်း ၅-၄-၂၀၁၇ ရက်နေ့တွင် စီးပွားရေးကော်မတီသို့ ဆက်လက်တင်ပြရန် ညွှန်ကြားခဲ့ပါကြောင်း၊ စီးပွားရေးကော်မတီမှလည်း ၂-၆-၂၀၁၇ ရက်နေ့တွင် အထက်တင်ပြခဲ့သည့် ဝတ်စုံစရိတ်ကိစ္စနှင့် ပတ်သက်ပြီးခွင့်ပြုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ ခွင့်ပြုချက်ရယူတင်ပြ ဆောင်ရွက်ရန် ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် တင်ပြပါဦးစီးဌာနသုံးခုရှိ သင်ကြားရေးဝန်ထမ်း ဆရာ/မများအတွက် ဝတ်စုံစရိတ်ထောက်ပံ့ရန်ကိစ္စကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့်အတူ ၂၀၁၇ ၂၈-၇-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ပါကြောင်း၊ ခွင့်ပြုမိန့်ရရှိပြီးလျှင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း ဘဏ္ဍာငွေလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သူနာပြုများအတွက် တစ်နှစ်ကို ကျပ် နှစ်သောင်းနှင့် စားစရိတ်များကို ထောက်ပံ့ရန် စီစဉ်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မိမိတို့ပညာရေး ဆရာ/မများအတွက် တစ်သောင်းဆိုသည်မှာ နည်းလွန်းသည့်အတွက် ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ငွေများ လျာထားရာတွင် နိုင်ငံတော်မှသတ်မှတ်ထားသည့် ရငွေသုံးငွေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ ယခုဆောင်ရွက်ပေးနေသော တစ်သောင်းမှ နှစ်သောင်းသို့ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရငွေသုံးငွေ ဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက် ပါမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။