မေးခွန်း အကြောင်းအရာ
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကို ၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းဆက်စပ်နီးကပ်စွာ တည်ရှိနေသည့် နယ်စပ်မြို့တစ်မြို့ဖြစ်သောကြောင့် နိုင်ငံတော်အတွက် စီးပွားရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်စပ်ဒေသကုန်သွယ်ရေးအရ အရေးပါပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၈.၂ သန်းအထိ တိုးတက်ဆောင်ရွက်လာနိုင်ပါကြောင်း၊ ပို့ကုန်များအဖြစ် ကွမ်းသီး၊ ဆေးလိပ်၊ ပန်းသီး၊ ဖိနပ်အစရှိသည်တို့ကို အဓိကထားတင်ပို့ပါကြောင်း၊ မြန်မာနိုင်ငံဘက်က တားမြစ်ကုန်စည်များကလွဲ၍ အားလုံးခွင့်ပြုထားပြီး အိန္ဒိယနိုင်ငံမှ ကုန်စည် ၆၂ မျိုးအား ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊
နိုင်ငံတော်သမ္မတ၏ ၂၇-၈-၂၀၁၆ ရက်နေ့ အိန္ဒိယနိုင်ငံခရီးစဉ်တွင် တမူးနယ်စပ်ဒေသနှင့် ပတ်သက်နေသော သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တမူး-ကျီကုန်း-ကလေးဝ လမ်းပိုင်းများရှိ တံတားများနှင့် ချဉ်းကပ်လမ်းများ တည်ဆောက်ရေး၊ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ ကလေးဝ-ရာကြီးလမ်းပိုင်းတည်ဆောက်ရေး အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာများနှင့်အညီ နယ်စပ်ဒေသ၌ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုံးစုံဖော်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှစ်ဘက်သဘောတူညီနိုင်ခဲ့ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိထားပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁၆-၁၀-၂၀၁၆ ရက်နေ့ အိန္ဒိယနိုင်ငံခရီးစဉ်တွင်လည်း နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ပိုမိုအရှိန်မြှင့်တင် အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ တမူး-စစ်တောင်း-ပင်လယ်ဘူး-ထီးချိုင့်-မံစီ-နမ့်ခမ်း-မူဆယ် မဟာဗျူဟာလမ်းမကြီး MAR 22 လမ်းမကြီးသည်လည်း တည်ဆောက်သွားရန် Future Plan အနေဖြင့် ရှိနေပြီဖြစ်ပါကြောင်း၊
ယခုကဲ့သို့ အခြေခံကောင်းများရှိနေသော အကြီးမားဆုံးဈေးကွက်ကြီးကိုရရှိထားပြီး နိုင်ငံတော်အတွက် တစ်နှစ်လျှင်အခွန်ငွေဒေါ်လာ သန်းဆယ်ချီပေးဆောင်နေသော်လည်း မိမိတို့နယ်စပ်ဒေသကုန်သွယ်ရေးတွင် လက်ရှိရောင်းဝယ်နေကြသော ကုန်သည်များက ကုန်ပစ္စည်းများသိုလှောင်ရန် တစ်ဘက်နိုင်ငံနှင့် ခြေတစ်လှမ်းသာ ဝေးကွာသည့်နေရာတွင် ဂိုဒေါင်ကိုဆောက်လုပ်ရခြင်း၊ လမ်းခင်းရခြင်း၊ လျှပ်စစ်မီး၊ ရေရရှိရေးများအတွက် မိမိဘာသာစီစဉ်ဆောင်ရွက်နေရပါကြောင်း၊ ဂိုဒေါင်စုစုပေါင်း ၅၃ လုံး ရှိပါကြောင်း၊ ကုန်သွယ်ရေးဇုန် တည်ဆောက်ရန်မြေနေရာ ဧက ၆၀ လျာထားပြီးဖြစ်ပါကြောင်း၊ ကုန်သွယ်ရေးဇုန်ကို ဆောက်လုပ်နိုင်ပါက ဂိုဒေါင်များ၊ ကုန်စည်ဒိုင်များ၊ အရောင်းပြခန်းများနှင့် လုံခြုံမှုများအပြင် ဈေးကွက်အသာစီးရရှိလာမည် ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးပမာဏကိုလည်း မြင့်တက်လာစေမည် ဖြစ်ပါကြောင်း၊ Future Plan အနေဖြင့် တည်ဆောက်မည့် တမူး-ဖောင်းပြင်-ပင်လယ်ဘူး-ထီးချိုင့်-နမ့်ခမ်း-မူဆယ် မဟာဗျူဟာလမ်းမကြီးသည် ၅၅၈ ကီလိုမီတာသာ ရှိပါကြောင်း၊ လက်ရှိ တမူးမှ မန္တလေး-လားရှိုး-မူဆယ်ကို သွားမည်ဆိုပါက ၁၀၃၃ ကီလိုမီတာကွာဝေးပါကြောင်း၊ ကီလိုမီတာ ၅၀၀ ခန့်သက်သာပြီး အိန္ဒိယနှင့်တရုတ်ပြည်ကို ချိတ်ဆက်ပေးမည့် ဗျူဟာလမ်းမကြီးဖြစ်ပါကြောင်း၊
အခြေခံကောင်းများရှိနေသော မိမိတို့နယ်စပ်ဒေသတွင် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏သတင်းနှင့် နည်းပညာဆိုင်ရာ စက်မှုထုတ်ကုန်များကိုလည်း မိမိတို့နှင့်ဆက်သွယ်ဆောင်ရွက်ရန် ဦးတည်ကြိုးပမ်းနေပါကြောင်း၊ သို့ဖြစ်ပါ၍ အခွင့်အလမ်းကောင်းများကို အချိန်ကိုက်အသုံးချနိုင်ရန် တမူးမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးအား ကုန်သွယ်မှုပမာဏမြှင့်တင်ပေးနိုင်ရန် ကုန်သွယ်ရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်ရေးဇုန်များကိုထူထောင်ရာတွင် မိမိနိုင်ငံဘက်မှ ဈေးကွက်ဖြစ်ပေါ်စေရေး၊ မိမိနိုင်ငံထွက်ကုန်ပစ္စည်းများကို ကြိုက်နှစ်သက်သည့်ဈေးဖြင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ မိမိနိုင်ငံထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်(Value Added) ပြုပြင်ရေးတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေပိုမိုတိုးတက်ရရှိစေရေး၊ နယ်စပ်ဒေသန္တရ ကုန်သွယ်ရေး (Border area local trade) မှ နှစ်နိုင်ငံပုံမှန်ကုန်သွယ်ရေး (Normal Bilateral Trade) သို့ စနစ်တကျကူးပြောင်းနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
လက်ရှိမြန်မာနိုင်ငံတွင် ကုန်သွယ်ရေးဇုန်နှစ်ခုကို ထူထောင်ထားရှိရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကို မြေဧရိယာ ၃၇၀.၈၃ ဧကဖြင့်လည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်ကို မြေဧရိယာ ၄၆၆ ဧကဖြင့် လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ကုန်သွယ်မှုတစ်ခုလုံး၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇.၇၇ ဘီလီယံရှိခဲ့ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံရှိခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်နိုင်ခဲ့ပြီး မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဝ.၉၃ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်မှု၏ ၁၂ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊
တမူးကုန်သွယ်ရေးစခန်းကို တမူးမြို့ဈေးတန်းရပ်ကွက်တွင် မြေဧရိယာ ၁၆.၀၉ ဧကအပေါ်တွင် ၁၂-၄-၁၉၉၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှုအခြေအနေမှာ နှစ်စဉ်အမေရိကန် ဒေါ်လာ ၄၅ သန်း ခန့်သာရှိပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုတစ်ခုလုံး၏ ဝ.၆ ရာခိုင်နှုန်းကိုသာ ဆောင်ရွက်နိုင်သေးပါကြောင်း၊ တမူးမြို့၏မြို့ပြစီမံကိန်း (Town Plan) အရ မဟူရာလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာရှိ ကံကြီးဝတံတားအနီး အနာဂတ်တွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို အခြေပြုသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေဧရိယာ ၆၀ ဧက ခန့်ကို စီမံသတ်မှတ်ထားရှိပါကြောင်း၊
သို့သော်လည်း တမူးမြို့တွင် ကုန်သွယ်ရေးဇုန်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာဘက်ခြမ်းရှိ ကလေးဝ-ကျီကုန်း-တမူးကားလမ်းကို ယခုထက်ပိုမိုကောင်းမွန် အောင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အိန္ဒိယဘက်ခြမ်းရှိ တမူးခရိုင်နှင့်ထိစပ်လျက်ရှိသော မဏိပူရပြည်နယ်၊ မိုရေးမြို့နယ်အတွင်း လက်ရှိအချိန်အနေတွင် တည်ငြိမ်မှုမရှိသဖြင့် လုံခြုံရေးပိုမိုကောင်းမွန်သည့် အချိန်မှသာ ကုန်သွယ်ရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သဘောထား ပေးပို့ထားပါကြောင်း၊
တမူးဒေသတွင် နယ်စပ်ကုန်သွယ်မှုဇုန် ထူထောင်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ဖွံ့ဖြိုးခြင်း၊ နယ်မြေဒေသအေးချမ်းလုံခြုံခြင်း၊ လမ်း၊ တံတားကောင်းမွန်ခြင်း၊ လက်ရှိမူဆယ်နှင့်မြဝတီ ကုန်သွယ်ရေးဇုန်များကဲ့သို့ ကုန်သွယ်မှုအလားအလာတိုးမြင့်လာရန် လိုအပ်ခြင်းစသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ပေးရမည်ဖြစ်ပြီး ကုန်သွယ်ရေးဇုန်ထူထောင်နိုင်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းသဘောတူညီခြင်း၊ အပြန်အလှန်နယ်စပ်ဖြတ်ကျော် သွားလာကူးသန်းရောင်းဝယ်ရန် ပြည်ဝင်ခွင့်ဗီဇာအစီအမံများပြုလုပ်ခြင်းနှင့် ငွေပေးချေမှုပြုလုပ်ရန် နှစ်နိုင်ငံဘဏ်များ အချိတ်အဆက်ထူထောင်ခြင်းစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ကုန်သွယ်ရေးဇုန်တစ်ရပ် ထူထောင်ရန် အခြေခံလိုအပ်ချက်များ ပြည့်စုံမှုမရှိသေးခြင်း၊ ကုန်သွယ်မှုအလားအလာ နည်းပါးနေသေးခြင်းတို့ကြောင့် ကုန်သွယ်ရေးဇုန်တစ်ရပ် အကောင်အထည်ဖော်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
