(ဃ)-ရွှေကျင် ရေကာတာ တည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးသွားသည့်ဒေသခံပြည်သူများ၏ နစ်နာ ချက်များ ကိစ္စနှင့် တောင်သူများ နစ်နာမှုအတွက် ချ ထားပေးသည့်ဘဏ္ဍာငွေများအားမည်သည့်ကာလ တွင် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၇.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

saw thalay sawရွှေကျင်မြို့နယ်တွင် ရွှေကျင်ရေကာတာကြီး တည်ဆောက်လိုက်သည့်အတွက် ဧရိယာစတုရန်း ၄၄ မိုင် အကျယ်အဝန်း ရေနစ်မြုပ်ခဲ့ပါကြောင်း၊ ထိုရေမြုပ်ဧရိယာအတွင်း ဒေသခံများ၏ လယ်၊ ကိုင်း၊ ဥယျာဉ်၊ ခြံများ ပါသွားသည့်အတွက် များစွာနစ်နာခဲ့ရပါကြောင်း၊ နစ်နာမှုအပေါ် မည်သို့ဆောင်ရွက်ပေးမည်ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး  ပထမနေ့တွင် မေးခွန်းမေးမြန်းသည့်အခါ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ဝန်ကြီး ဌာနက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်လျာထားချက်တွင် ထည့်သွင်းလျာထားခဲ့ပါကြောင်း၊  ရေနစ်မြုပ် ခံရသည့်တောင်သူများအတွက် ချထားပေးသော ဘဏ္ဍာငွေများကို မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingရွှေကျင်ရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်းကျရောက်ခဲ့သည့် ဥယျာဉ်၊ ခြံမြေ၊ လယ်ယာ၊ ကိုင်းများ အတွက် အချက်အလက်များ ကောက်ယူစိစစ်၍ နစ်နာကြေးပေးနိုင်ရေး ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအဆင့်ရှိ ရပ်မိရပ်ဖများ၊ ဆက်စပ်ဝန်ကြီးဌာနများပါဝင်သော ပေါင်းစည်းအဖွဲ့အစည်းတစ်ခုဖွဲ့စည်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဦးစီးကြပ်မတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုဝန်ကြီးဌာနက စာဖြင့် ညှိနှိုင်းအကြောင်းကြားခဲ့သည့် အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၃၀-၁-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် စာရင်းဇယားများတိကျမှန်ကန်စွာရရှိရေး စိစစ်ကြီးကြပ် ရေးအဖွဲ့နှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ်နှင့် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် က အဖွဲ့ဝင်အဖြစ်ပါဝင်သော စာရင်းဇယားများ တိကျမှန်ကန်စွာရရှိစေရေး စိစစ်ပြုစုရေးအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပါ ကြောင်း၊ နစ်နာကြေးရသင့်သည်‌့သူများ နစ်နာကြေးရရှိရန်နှင့် နစ်နာကြေးရရှိရန်မသင့်တော်သူများ မမှန်မကန် တောင်းဆိုပြီး  နစ်နာကြေးတောင်းခံရယူသွားခဲ့ပါက နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်သည့်အတွက်  နစ်နာကြေးပေးရာတွင် မှန်ကန်သောစာရင်းဇယားများ၊ တိကျခိုင်မာသည့်အချက်အလက်များ ကို အခြေခံရရှိဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးစီးကြပ်မတ်မှုအပေါ် ဝန်ကြီးဌာနက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ 

စာရင်းဇယားများ တိကျမှန်ကန်စွာရရှိရေးစိစစ်ပြုစုရေးအဖွဲ့က စီမံကိန်း၏ရေဝပ်ဧရိယာအတွင်းကျရောက်ခဲ့သော ဥယျာဉ်၊ ခြံမြေ၊ လယ်ယာ၊ ကိုင်းများဆုံးရှုံးနစ်နာမှုအတွက် အမှန်တကယ် နစ်နာခဲ့သော စာရင်းဇယားများ ကောက်ခံရာတွင် ယခင်ကနယ်မြေအခြေအနေအရ ဌာနဆိုင်ရာဝန်ထမ်းများ သွားလာရန်ခက်ခဲခြင်း၊ ယခုအချိန်တွင် ရေဝပ်ဧရိယာအတွင်းကျရောက်နေသည့်အတွက် စာရင်းဇယားများ ကောက်ခံရရှိပြီးဖြစ်သော်လည်း ပိုင်ဆိုင်မှု အထောက်အထားများ အတိအကျအတည်ပြုနိုင်ရေးအတွက် စာရင်းဇယားများ တိကျမှန်ကန်စွာရရှိစေရေး စိစစ်ကြီးကြပ်ရေးအဖွဲ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်လည်စိစစ်လျက်ရှိပါကြောင်း၊

စာရင်းဇယားများအတိအကျရရှိခြင်း မရှိသေးသည့်တိုင်အောင် ဒေသခံပြည်သူများ၏နစ်နာမှုကို ဖြည့်ဆည်းပေးနိုင် ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင် နစ်နာကြေးပေးရန် ကျပ်သန်း ၁၂၀၀ ကျော်အား ပြည်ထောင်စုဝန်ကြီးဌာနက လျာထားပြီး အဆိုပါစစ်ဆေးရေးအဖွဲ့က စာရင်းဇယားများ တိကျခိုင်မာပြီး အတည်ပြု ပေးနိုင်ခဲ့ပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင်‌့အညီ စီမံဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။