(ဃ)-ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာအုပ်စု၊ သာ ဂေါင်းရေသွယ်မြောင်းနှင့် ရေသွယ်လျှောက်ခေါင်း အားရေရှည်ခိုင်ခံ့မည့်ကျောက်ရိုးကွန်ကရစ်မြောင်း ပေါင်နှင့် ကွန်ကရစ်ရေသွယ်လျှောက်ခေါင်းတို့ကို အမြန်ဆုံးတည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၅.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u kyaw tinဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာအုပ်စုရှိ သာဂေါင်းရေသွယ်မြောင်းသည် ယောချောင်းမှ သစ်ဝါးများဖြင့် ဆည်တုတ်ပြီး နှစ်စဉ်ခက်ခက်ခဲခဲ ကိုယ်ထူကိုယ်ထဖြင့် ရေသွင်းနေရခြင်းဖြစ်ပါကြောင်း၊ မြောင်းအရှည် ၂ မိုင် နှင့် ၄ ဖာလုံရှိပြီး ရေသွယ်လျှောက်ခေါင်းတစ်ခုပါရှိသည့် ကွင်းအမှတ် (၁၂၈) မိုးကြိုစပါးစိုက်ဧက ၁၃၂ ဧကနှင့် ဆောင်းရာသီပါသီးနှံများ စိုက်ပျိုးနေရခြင်းဖြစ်ပါကြောင်း၊ အကယ်၍ မြောင်းပေါင်နှင့် ရေသွယ်လျှောက်ခေါင်းတို့ ခိုင်ခံ့ကောင်းမွန်ပါက တိုးချဲ့မြေဧက ၁၂၀ ကိုလည်း စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် မိုးကြီးခြင်းကြောင့် မြောင်းပေါင်များ ရေတိုက်စားခြင်း၊ သဲအိတ်များထပ်ကာ ရေသွင်းခြင်းများပြုလုပ်ခြင်း ရေတိုက်စားမှုသက်သာရန် ကျောက်တောင်ကို ယန္တရားဘတ်ဟိုးဖြင့် အသုံးပြုဖောက်လုပ်ရာတွင်လည်း ငွေအင်အားမတတ်နိုင်၍ လုပ်ငန်းရပ်နားထားရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် မေလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်သည့် MORA မုန်တိုင်းကြောင့် ယောချောင်းရေကြီး၍ သာဂေါင်းရေသွယ်မြောင်း ဆည်နှင့် ညောင်ပင်ကြီးဂွေ့တွင် မြေသားမြောင်းပေါင် ပေ ၅၀၀ ကျော် ပျက်စီးသွားပါကြောင်း၊ ထို့ကြောင့် အထက်ပါပျက်စီးသွားသော မြေသားမြောင်းပေါင်များအား ရေရှည်ခိုင်ခံ့သည့် ကျောက်ရိုးကွန်ကရစ် မြောင်းပေါင်များအဖြစ် အမြန်ဆုံးတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ၊ အရှည် ၁၈ ပေ၊ အမြင့် ၉ ပေရှိသော ရေသွယ်လျှောက်ခေါင်းကိုလည်း ကွန်ကရစ်ခေါင်းအဖြစ် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawမကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာအနီးမရှိ သာဂေါင်းရေသွယ်မြောင်းသည် ယောချောင်းက ရေကိုသွယ်ထားပြီး အလျား ၂.၅ မိုင်ခန့်ရှည်လျားပါကြောင်း၊  မိုးစပါးနှင့်ဆောင်းသီးနှံ ၁၃၂ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး အဆိုပါ ရေသွယ်မြောင်းသည် ဒေသခံလယ်သမားများ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားသော ရေသွယ်မြောင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလကုန်ခန့်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း (MORA) ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေသွယ်မြောင်းပေါင် အလျား ပေ၅၀၀ ခန့်သည် ကျိုးပေါက်ပျက်စီးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျိုးပေါက်ပျက်စီးခဲ့သော မြောင်းပေါင်နေရာကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ခဲ့သော်လည်း အခိုင်အမာဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ထပ်မံထိခိုက် ပျက်စီးနိုင်ပြီး စိုက်ပျိုးရေးအခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် အခိုင်အမာပြန်လည် ပြုပြင်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျိုးပေါက်ပျက်စီးခဲ့သည့် မြောင်းပေါင်းအလျား ပေ ၅၀၀ ခန့်ကို ကျောက်စီကွန်ကရစ် မြေထိန်းနံရံ တည်ဆောက်ပေးရမည့်အပြင် ရေပေးမြောင်းပေါ်ရှိ သာဂေါင်း (ကျောက်ကွဲ) ရေတံလျှောက်ကိုလည်း အသစ်ပြန်လည်တည်ဆောက်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၁.၀ သန်း ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် သာဂေါင်းရေသွယ်မြောင်းမှာ အလျား ပေ ၅၀၀ ခန့်ကို ကျောက်စီကွန်ကရစ် မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ကျောက်ကွဲရေတံလျှောက်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သည့်ရန်ပုံငွေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလရန်ပုံငွေတွင် ထည့်သွင်းတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။