မေးခွန်း အကြောင်းအရာ
မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်အတွင်း ပြည်သူများနှင့် သွားရောက်တွေ့ဆုံသည့်အခါ၌လည်းကောင်း၊ ဌာနဆိုင်ရာပုံမှန်အစည်းအဝေး များ၌လည်းကောင်း ကျေးလက်နေပြည်သူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးလက်မီးလင်းရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုလာလျှပ်စစ်မီးများ တပ်ဆင်ပေးမည်ဟုဆိုကာ သတ်မှတ်ငွေကြေးများ ကောက်ခံထားသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ဆိုလာလျှပ်စစ်မီး ဖြန့်ဖြူးတပ်ဆင်ပေးခြင်း မရှိသည်မှာ မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးခြင်းမရှိသည်ကို သိရှိလိုပါကြောင်း၊ ဌာနကကောက်ခံထားသော ငွေကြေးများ သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP) ကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နေရာများမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ကျေးရွာပေါင်း ၅၄၅ ရွာ၊ အိမ်ခြေပေါင်း ၂၀၁၉၈ အိမ်၊ စာသင်ကျောင်းပေါင်း ၂၃၅ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၂၈၈ ခု၊ ကျန်းမာရေးအဆောက်အဦ ၇၁ ခုနှင့် လမ်းမီးတိုင်ပေါင်း ၂၇၂၅ တိုင်တို့ကို စုစုပေါင်းရန်ပုံငွေကျပ် ၆၂၀၃ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းကျေးရွာများမှာရှိသည့် အိမ်သုံးဆိုလာလုပ်ငန်းများအတွက် ပြည်သူကကုန်ကျငွေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ထည့်ဝင်ခြင်းဖြစ်ပြီး အများသုံးအဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ကျန်းမာရေး၊ ဘာသာရေးနှင့် လမ်းမီးတိုင်တို့ကို စီမံကိန်းရန်ပုံငွေမှ ၁၀၀ ရာခိုင်နှုန်းကျခံဆောင်ရွက်သွားခြင်း ဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၈ ရွာတွင် ဆိုလာ ၃၀ ဝပ် အိမ်ခြေ ၇၄၅ အိမ်၊ ဆိုလာ ၄၅ ဝပ် အိမ်ခြေ ၂၀၄ အိမ်နှင့် ဆိုလာ ၆၀ ဝပ် အိမ်ခြေ ၃၄၂ အိမ်နှင့် စာသင်ကျောင်း ၁၇ ကျောင်း၊ ကျန်းမာရေးဆေးပေးခန်းလေးခု၊ ဘာသာရေးကျောင်း ၁၂ ကျောင်းနှင့် လမ်းမီးတိုင် ၁၉၀ တိုင်တို့ကို ဆောင်ရွက်သွားရန် အစီအစဉ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ သဘောတူညီချက်အရ လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း တင်ဒါခေါ်ယူခဲ့ပြီး မေလတွင် တင်ဒါဖွင့်ဖောက်ခဲ့ပါကြောင်း၊ တင်ဒါခေါ်ယူရေး၊ စိစစ်ရွေးချယ်ရေး လုပ်ငန်းများကို ဆောင်ရွက်သည့်နေရာတွင် ကမ္ဘာ့ဘဏ်၏ ဝယ်ယူရေးလမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာမှ ပါဝင်ယှဉ်ပြိုင်ရသည့် စနစ်ဖြစ်သည့် ICB Method (International Competitive Bidding) ဖြင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ICB စနစ်အရ နိုင်ငံတကာ နည်းပညာစံချိန်စံညွှန်းနှင့် ကိုက်ညီပြီး အရည်အသွေးအာမခံချက်ပေးနိုင်မှုနှင့် ဈေးနှုန်းအနည်းဆုံး တင်သွင်းသူကို ရွေးချယ်ရသည့်အတွက်ကြောင့် သတင်းစာများတွင် ကြော်ငြာထည့်သည့်နေမှစပြီး စိစစ်ရွေးချယ်ပြီးသည်အထိ ကိုးလကြာ ဆောင်ရွက်ခဲ့ရပါကြောင်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီများမှ ပစ္စည်းမတင်သွင်းမီ နမူနာပစ္စည်း၏ အရည်အသွေး၊ စံချိန်စံညွှန်းများကိုလည်း စစ်ဆေးအတည်ပြုရပါကြောင်း၊ တပ်ဆင်သည့် စနစ်မှန်ကန်မှုရှိစေရန် အတွက်လည်း တပ်ဆင်သည့်နောက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမှန်အသုံးပြုနိုင်မှုရှိ/မရှိ အားကိုသိရှိနိုင်ရန် Pilot Installation ကိုလည်း ဆောင်ရွက်ရပါကြောင်း၊ Pilot တပ်ဆင်ပြီးမှသာ ပစ္စည်းများတင်သွင်းခြင်း၊ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်ပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအရ ပစ္စည်းတင်သွင်းခြင်းတပ်ဆင်ခြင်းတို့ကို စာချုပ်ချုပ်ဆိုပြီးနောက် အချိန်ကိုးလ ထပ်မံပေးရသည့်အတွက်ကြောင့် အချိန်ကာလကြာမြင့်နေရခြင်း ဖြစ်ပါကြောင်း၊
ယခုအခါ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသမီးလင်းရေး လုပ်ငန်းအတွက် ဆိုလာပစ္စည်းများ တင်ဒါအောင်မြင်ထားသည့် LEMI Co.,Ltd ကနေပြီး ရန်ကုန်မြို့ပစ္စည်းသိုလှောင်ရုံကို မေလအတွင်းက တင်သွင်းရောက်ရှိပြီးဖြစ်ပါကြောင်း၊ ဇွန်လမှစပြီး မြို့နယ်များကို ပစ္စည်းများ အရောက်ပို့ဆောင် သွားခြင်းဖြစ်ပြီး ကျေးရွာများတွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ပါကြောင်း၊ NEP စီမံကိန်းအရ Management Information System (MIS) နှင့် အချက်အလက်များ ကောက်ယူမှု ပုံစံပါဝင်ပြီး Installation ပြုလုပ်သည့်အချိန်နှင့် တပ်ဆင်ပြီးစီးချိန်တွင် အရည်အသွေးစိစစ် အကဲဖြတ်ခြင်းကိုလည်း Inspection and Verification Agent (IVA) စနစ်ဖြင့် စနစ်တကျစိစစ်ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ပြည်သူများမှလည်း အရည်အသွေးပြည့်ဝပြီး အာမခံချက်ရှိသည့် ပစ္စည်းများ သုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးရွာသူ ကျေးရွာသားများ ဆိုလာပစ္စည်းများ စနစ်တကျသုံးစွဲတတ်စေရန်အတွက် အသုံးပြုသည့် လက်စွဲစာအုပ်၊ ပြင်ဆင်ထိန်းသိမ်းခြင်းလက်စွဲစာအုပ်၊ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်များ အတွက် နံရံကပ်စာစောင်များ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး သုံးစွဲပုံနည်းစနစ်များကိုလည်း သင်တန်းပေးရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၈ ရွာအတွက် ဆိုလာပစ္စည်းများကို ယခု ၂၀၁၇ ခုနှစ် ဇွန်လမှစပြီး ပေးပို့ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျေးရွာအရောက်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းများကို သြဂုတ်လနောက်ဆုံးထားပြီး အပြီးသတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
