မေးခွန်း အကြောင်းအရာ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၈ အခန်း ပုဒ်မ ၂၃ တွင် နိုင်ငံတော်သည် တောင်သူ လယ်သမားများ၏ (က) အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်မည်။ (ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီ ဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထိုပြဋ္ဌာန်းချက်(က)အရ ရေးဆွဲထားသော တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အခန်း(၂) ပုဒ်မ ၃ ပုဒ်မခွဲ (က) တွင်လည်း လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက် ရရှိရေးတို့အတွက် တောင်သူလယ်သမားများကို ကူညီဆောင်ရွက်ရန်ဟု ပါရှိသည့်အပြင် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုးတက်မှုမှာ လယ်ယာကဏ္ဍအတွက် ၄.၀ ရာခိုင်နှုန်းတိုးတက်ဖြစ်ပေါ်ရန် လျာထားပါကြောင်း၊
နိုင်ငံတော်မှ တောင်သူလယ်သမားများ၏ အခွင့်အရေး၊ လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဥပဒေလုပ်ထုံး၊ လုပ်နည်းများဖြင့် ကာကွယ်သည့်အပြင် စိုက်ပျိုးစရိတ်ချေးငွေ၊ သွင်းအားစုများ၊ သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်မှုအတွက် ကုစားမှုအစီအစဉ်များဖြင့် ပံ့ပိုးနေသော်လည်း အောက်ခြေ တောင်သူလယ်သမားများ၏ မြေပြင်အခြေအနေတွင် နှစ်စဉ်ကြုံတွေ့နေကြရသည့် သဘာဝဘေး၊ သီးနှံ ဖျက်ပိုးမွှားများဘေးအပြင် ရာသီအလိုက်ထွက်ပေါ်လာသော စပါး၊ ပဲမျိုးစုံရောင်းဝယ်ရာတွင် အလေး၊ ချိန်ခွင်၊ တင်းတောင်းစံကိုက်မညီမှုများကို နှစ်စဉ်နီးပါး တွေ့ကြုံခံစားနေရပါကြောင်း၊
အနည်းငယ်သော တောင်သူအချို့၏ စပါး၊ ပဲ၊ နှမ်းတို့ကို အလေးချိန်စီးစေရန် ရေဖြန်း၊ သဲ၊ ခဲရောသည်ကို အကြောင်းပြု၍ အလေး၊ ချိန်ခွင်၊ တင်းတောင်းများ ကွာဟသည်ဆိုသည့် အကြောင်းပြချက်များကိုလည်း ကြားသိနေရပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စပါးတစ်တင်း ၄၆ ပေါင်ကို စံအလေးချိန်ဖြင့် သတ်မှတ်ဝယ်ယူရန် စည်းကမ်းသတ်မှတ်ထားသော်လည်း လက်ရှိအချိန်တွင် ကုန်သည်များ၊ ဆန်စက်များမှ ပိုင်သည့် စိုထိုင်းဆတိုင်းကရိယာနှင့် စစ်ဆေးပြီး သူတို့ပိုင်သည့် ကတ္တားများနှင့် နေလှန်းပြီးသား စပါးအခြောက်ကို တစ်တင်းလျှင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြတွင် ပေါင် ၅၀ နှင့် ချိန်တွယ်ပြီး အိမ်မဲမြို့နယ်တွင် ၅၁ ပေါင်၊ ၅၂ ပေါင်၊ အခြားဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ်များတွင်လည်း ၅၂ ပေါင်နှုန်း ခန့်ထိ ဝယ်ယူနေကြသည်ကို တွေ့မြင်နေရပါကြောင်း၊ မြန်မာနိုင်ငံဒေသတစ်ခုနှင့်တစ်ခု မတူဘဲ မြန်မာ ပြည်အထက်ပိုင်း မကွေးတိုင်းဒေသကြီးများတွင် ၁၈ ပြည် တစ်တင်းနှုန်းဖြင့် ဝယ်ယူနေကြခြင်းများ တွေ့ရှိရ သကဲ့သို့ ပြည် ၂၀ ဆံ့သည့် တင်းတောင်းများနှင့် ဝယ်ယူမှုများလည်းရှိနေပါကြောင်း၊ တောင်သူလယ်သမား များမှာလည်း သဘာဝဘေး၊ ပိုးမွှားဘေးဒဏ်ကြောင့် ဆန်စပါး၊ ပဲ၊ နှမ်း အထွက် နှုန်းနည်းပါးမှုများကို တွေ့ကြုံ နေရပါကြောင်း၊ တောင်သူများလက်ထဲတွင် စပါး၊ ပဲ၊ နှမ်းများရှိနေသည့်အချိန်တွင် စပါးဈေးနှိမ် ဝယ်ယူခြင်းကို ကျော်လွှားနိုင်ရန်အတွက် အချိန်ကောင်းစောင့်ပြီး မရောင်းနိုင်သည့်အခြေအနေများက အစိုးရချေးငွေဖြစ်သည့် စိုက်ပျိုးစရိတ်ချေးငွေ၊ မြစိမ်းရောင်ချေးငွေ၊ သမဝါယမချေးငွေများအပြင် တခြားအပြင်မှ NGO ကချေးသည့် ချေးငွေများဖြင့်လည်း အကြွေးသံသရာလည်နေခြင်းကို အခွင့်ကောင်းယူပြီး ကုန်သည်များ တောင်သူလက်ထဲမှ သီးနှံပေါ်ချိန်တွင် ဈေးနှိမ်ခြင်း၊ အလေးချိန်တင်းတောင်း မှန်ကန်မှုမရှိဘဲ ဝယ်ယူခြင်းများကို ကျူးလွန် နေကြပါကြောင်း၊
တောင်သူလယ်သမားများအတွက် နိုင်ငံတော်က ချမှတ်ပေးထားသော်လည်း မှန်ကန်သည့် စိုထိုင်းဆတိုင်း ကရိယာမရှိခြင်း၊ မှန်ကန်သည့် ကတ္တားမရှိခြင်းများကြောင့် တောင်သူလယ်သမားများ စပါးဝယ်ယူရာတွင် အလေးချိန်တင်းတောင်းစံချိန် မကိုက်ညီမှုများကို မည်သို့ပြင်ဆင်သတ်မှတ် အရေးယူခြင်းများ ပြုလုပ်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အလေးချိန်၊ တင်းတောင်းစံသတ်မှတ်ချက်များနှင့် ပေါင်အလေးချိန် သတ်မှတ်ချက်များကို ထုတ်ပြန်ထားနိုင်ခြင်း မရှိသေးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ဆန်တင်းတောင်းအပါအဝင် အတိုင်းအတာယူနစ်များ၊ အလေးချိန်ယူနစ်စနစ်များကို တပြေးညီသတ်မှတ်နိုင်ရေးအတွက် တိကျစွာ တိုင်းတာခြင်းဥပဒေ (Law of Metrology) ကို ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့မဟုတ်သော အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများပါဝင်ပြီး ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုရေးဆွဲထားသည့် တိကျစွာတိုင်းတာခြင်း ဥပဒေ (Law of Metrology) မူကြမ်းကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဥပဒေတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိကျစွာတိုင်းတာခြင်းဥပဒေ (Law of Metrology) ပြဋ္ဌာန်းပြီးချိန်တွင် လက်ရှိ အသုံးပြုလျက်ရှိသည့် တင်းတောင်း၊ အခြင်အတွယ်များ၊ အလေးချိန်များနှင့် စပ်လျဉ်းပြီး တောင်သူလယ် သမားများအပါအဝင် ရောင်းသူ/ဝယ်သူနှစ်ဖက်စလုံး နစ်နာမှုမရှိစေရေး၊ အငြင်းပွားမှုမရှိစေရေး၊ မျှတသော ကုန်သွယ်မှုဖြစ်စေရေးတို့အတွက် စံသတ်မှတ်ချက်များကို ယင်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စပါးအဝယ်ဒိုင်များတွင် အသုံးပြုနေသည့် စပါးစိုထိုင်းဆ တိုင်းတာသည့် ကိရိယာများကို စံကိုက်စစ်ဆေးသတ်မှတ်ခြင်း ပြုလုပ်သည့် ဓာတ်ခန်းကိုလည်း ထူထောင်နိုင်ရန် စီစဉ် ဆောင်ရွက်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်သန္တာ (အိမ်မဲ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးအနေဖြင့် ၎င်းဥပဒေပြဋ္ဌာန်းနိုင်ရေး၊ စိုထိုင်းဆကရိယာအတွက် ဓာတ်ခွဲခန်းများကို မည်သည့် အချိန်တွင် စတင်အကောင်အထည်ဖော်နိုင်မည်နှင့် မည်သည့်အချိန်ခန့်တွင် ပြီးစီးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
တိကျစွာတိုင်းတာခြင်းဥပဒေ(Law of Metrology)ပြဋ္ဌာန်းနိုင်ရေး၊ စိုထိုင်းဆကရိယာအတွက် ဓာတ်ခွဲခန်းများကို ဖွင့်လှစ်နိုင်ရေးတို့အတွက် ပြင်ဆင်ပြီးဖြစ်ပါကြောင်းနှင့် အဆင့်ဆင့်လွှတ်တော်ကို ဆက်လက်တင်ပြရန် အခြေ အနေရှိပါကြောင်း၊ အမျိုးသားဓာတ်ခွဲခန်းက ဆောင်ရွက်ဆဲလုပ်ငန်းဖြစ်ပါကြောင်း၊ နောင်လာမည့် ဘတ်ဂျက်နှစ်တွင် တချို့သောလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
