(ဂ)-ပြင်ဦးလွင်မြို့နယ်၊ ပြင်စာ၊ ရေငယ်၊ ရွှေသင်း အ.ထ.က(ခွဲ)ကျောင်းနှင့် ဟိုလိပ်၊ ကံဗျူး၊ ပြင်ကြီး၊ ပိန္နဲကုန်း အ.လ.က(ခွဲ)များကို၂၀၁၇-၂၀၁၈ပညာ သင်နှစ်တွင် အသီးသီးအဆင့်တိုးမြှင့်ရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၄.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr aung khinပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသည် အနီးစခန်း အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုးမိုင်ဝေးပြီး ပြင်စာရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၁၉ ရွာ၊ လူဦးရေ နှစ်သောင်းခွဲကျော်ခန့်နှင့် ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်လည်း ပါဝင်ပါကြောင်း၊ ကျောင်းသား/သူများသည် အထက်တန်းအဆင့် ပညာသင်ကြားရာကျောင်းဖြစ်ပါကြောင်း၊ ကျောင်းဝန်းမြေ ဧရိယာ ၅.၂၁ ဧကမြေစာရင်းဂရန်ပေါက်ပြီးလည်း ဖြစ်ပါကြောင်း၊ တစ်ထပ်ကျောင်းဆောင် လေးဆောင်၊ နှစ်ထပ်ကျောင်းဆောင် နှစ်ဆောင်၊ သိပ္ပံလက်တွေ့ဆောင် တစ်ဆောင် စုစုပေါင်း  ခုနစ်ဆောင်ရှိပြီး ၁၆ ခန်း ပါသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ တစ်ခုရှိခြင်းအားဖြင့် မိဘပြည်သူများနှင့် အလှူရှင်များပူးပေါင်းပြီး ဆောက်လုပ်လှူဒါန်းထားသည့်အတွက် ပညာရေးကို စိတ်ဝင်စားပါကြောင်း ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅၈၀ ရှိပြီး အထက်တန်းကျောင်းသားဦးရေ ၉၃ ဦး၊ ၂၀၁၇-၁၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၆၀၅ ဦး၊ အထက်တန်းကျောင်းသားဦးရေ ၁၀၇ ဦးရှိပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျေးလက်နေပြည်သူများ၊ ကျောင်းသူကျောင်းသားများသည် ပညာရေးကို စိတ်ဝင်စားပြီး ကျောင်းအဆင့်တိုးမြှင့်မှုကို လိုလားသည့်အတွက် အထက်တန်းကျောင်းအဆင့် တိုးပေးစေလို ပါကြောင်း၊ ထို့အတူ အထက်တန်းကျောင်းခွဲများတွင် အထက်တန်းကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်နှင့်လည်း ညီညွတ်ပြီး ကျောင်းပရိဘောဂများလည်း လုံလုံလောက်လောက်ရှိပါကြောင်း၊ အထက်ပါကျေးရွာများနှင့် ပတ်ဝန်းကျင်တွင်ရှိသည့် လူဦးရေပိုမိုများပြားလာပြီး ကျောင်းအဆင့်တိုးမြှင်‌့ရန် လိုအပ်လျက်ရှိပါကြောင်း၊ ၂-၁-၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ ၁၉-၄-၂၀၁၇ ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၏ ခရီးစဉ်တွင် ပညာရေးအဆင့် မြှင့်တင်ပေးမည်ဟုပြောသည့်အတွက် ယခုလို ပြင်ဦးလွင်မြို့နယ် သက်ဆိုင်ရာ ပတ်ဝန်းကျင်များမှ ကျောင်းများကို အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း လူငယ်လူရွယ်များအားလုံး ပညာသင်အခွင့်အလမ်း ပြည့်ဝစွာ ရရှိရေးအတွက် သက်ဆိုင်ရာကျောင်းများ အဆင့်မြှင့်တင်ရေးကို ခွင့်ပြုဘဏ္ဍာငွေဘောင်အတွင်းမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်အတွင်း ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ပြည့်မီသည့် အခြေခံပညာ ၄၁၂ ကျောင်းရှိသော်လည်း ဝေးလံသည့်နေရာများ၊ ကျောင်းသားများ ပညာသင်မှုအခွင့်အလမ်း ပိုမိုရရှိရန်ရည်ရွယ်ပြီး အဆင့်တိုးမြှင့်ပေးခဲ့သည့် ကျောင်းများ လေးထောင်ကျော် ဖြစ်သည့်အတွက် ကျောင်းပေါင်း ၅၀၉၉ ကျောင်း အဆင်‌့မြှင့်ပေးခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်နေရာတွင် ပြင်ဦးလွင်မြို့နယ်မှ အခြေခံပညာမူလတန်းကျောင်း သုံးကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း သုံးကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ ခုနစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ကိုးကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ဦးစားပေးအစီအစဉ်များအရ ပြည်လည်စိစစ်သည့်အခါ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ပြင်စာကျေးရွာ၊ ရေငယ်ကျေးရွာ၊ ရွှေသင်း ကျေးရွာတို့သည် သတ်မှတ်ဦးရေအရ ကျောင်းသားဦးရေ ပြည့်မီခြင်းမရှိသည့်အပြင် အခြေခံပညာ အထက်တန်းကျောင်းခွဲအဆင့် ရရှိပြီးဖြစ်သည့်အတွက် အခြေခံပညာအထက်တန်း သင်ယူနိုင်မှုအခွင့်အလမ်း ရရှိပြီးဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် နောင်လာမည့် တိုးမြှင့်ပေးခြင်းအစီအစဉ်များတွင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ကျန်သည့်ကျောင်းများဖြစ်သည့် ပြင်ဦးလွင်မြို့နယ် ဟိုလမ့်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၊ ကံဗျူးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ပြင်ကြီးကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲနှင့် ပိန္နဲကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲများကို ပြီးခဲ့သည့်မေလအတွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲများအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့်တစ်ဝှမ်း ပညာသင်နိုင်မှုအခွင့်အလမ်းရရှိစေရေးအတွက် ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ရေးလုပ်ငန်းများကို ဘဏ္ဍာငွေခွင့်ပြုချက်ရရှိသည်နှင့်အမျှ တိုးမြှင့် ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။