(စ)-ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များခရီးသွားလာရေးလွယ်ကူ စေရန် ခေါင်လန်ဖူးမြို့နယ်၊ ဒဟပ်ဘိုတဲနှင့် ခေါင် လန်ဖူးမြို့အကြား လမ်းတံတား ပျက်စီးမှုအား ပြု ပြင်ထိန်းသိမ်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၀.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

r moe seခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး ခရိုင်ရုံးစိုက်ရာ ပူတာအိုမြို့မှ မိုင်ပေါင်း ၁၃၀ ကျော်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်များစွာ နောက်ကျကျန်နေသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ ပေ တည်ရှိပြီး ၂၀၈၁.၃၉ စတုရန်းမိုင် ကျယ်ဝန်းပြီး ပူတာအိုမှ နောင်မွန်းအထိ ကားများသွားလာနိုင်ပြီဖြစ်သော်လည်း မဂွေဇ လမ်းခွဲမှ ခေါင်လန်ဖူးမြို့နယ်အထိ လမ်းပိုင်းများမှာ သွားလာရခက်ခဲသည့် ဒေသဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရန် တာဝန်ယူဖောက်လုပ်နေသည့်အတွက် လာမည့်နှစ်နှစ်၊ သုံးနှစ်အတွင်း ကားများသွားလာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖောက်လုပ်နေသည့် လမ်းအပိုင်းသည် ခက်ခဲသည့်အချိန်တွင် ၎င်းလမ်းကို အသုံးပြုနေရသည့်အတွက် သွားလာရပြတ်တောက်နေသည့် လမ်းပိုင်းများ ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာပူးပေါင်းပြီး ဆောင်ရွက်နေရသည့် လမ်းအပိုင်းဖြစ်ပြီး ပြုပြင်ရန် လိုအပ်နေသည့် လမ်းအပိုင်းလေးများ ဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီနှင့် မိုးတွင်းတွင် လားကို အသုံးပြုပြီးမှ ရိက္ခာများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ရိက္ခာပို့နေသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ မဂွေဇ-ဆန်းဝါ-ဒဟပ်-ငါ့လုံဒမ်း-ညီးဝါကောင်နှင့် ခေါင်လန်ဖူးလမ်းအပိုင်း ၆၅ မိုင် ၄ ဖာလုံရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်ပြုပြင်ထိန်းသိမ်း စရိတ်လျာထားဆောင်ရွက်ပေးနေသော်လည်း မိုးများပြီး ရာသီဥတုဆိုးရွားမှုကြောင့် လမ်းများ၊ တံတားများ ပျက်စီးနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းသည် ခေါင်လန်ဖူးမြို့၏မျက်နှာစာလမ်းဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသူ/သားများ၊ အားကိုးအားထားရာလမ်းဖြစ်သည့်အပြင် လုပ်ငန်းကိစ္စဆောင်ရွက်ရန်အတွက် နောင်မွန်းမြို့နယ်သို့ လည်းကောင်း၊ ပူတာအိုမြို့နယ်သို့လည်းကောင်း ဆက်သွယ်သွားလာနေရသည့် အဓိကလမ်းလည်း ဖြစ်ပါကြောင်း၊ နိုင်ငံနှင့်အဝန်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းများဖောက်လုပ်ခြင်း၊ တံတားများ တည်ဆောက်ခြင်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့နည်းတူစွာ ခေါင်လန်ဖူးမြို့နယ်ကိုလည်း အခြားမြို့နယ်များနည်းတူ လူမှုဘဝတိုးတက်မြင့်မားလာပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် သက်ဆိုင်ရာမှ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပေးသည့်အတိုင်း အဆိုပါလမ်းအပိုင်းဖြစ်သည့် ငါ့လုံဒမ်းမှ ခေါင်လန်ဖူးကြား သွားလာရခက်ခဲသည့် လမ်းတံတားပြုပြင်ထိန်းသိမ်း စရိတ်ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u kyaw linnကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မဂွေဇ-ဆန်းဝါ-ဒဟပ်-ငါ့လုံဒမ်း-ညီးဝါကောင်နှင့် ခေါင်လန်ဖူးလမ်းသည် လမ်းဦးစီးဌာနပိုင်လမ်း ရပ်ဘော့-ငါ့လုံဒမ်း-ခေါင်လန်ဖူးလမ်း ဖြစ်ပြီး လမ်းအရှည် ၆၅ မိုင် ၄ ဖာလုံကို ၃၁-၃-၂၀၁၇ ရက်နေ့ရှိ လမ်းအမျိုးအစားမှာ ၁၂ ပေ အကျယ် ကျောက်လမ်း တစ်မိုင်၊ ၆ ပေ အကျယ်မြေသားလမ်း နှစ်မိုင်၊ ၁၂ ပေအကျယ် မြေသားလမ်း ၆၂ မိုင် ၄ ဖာလုံဖြစ်ပါကြောင်း၊ တံတားများအနေဖြင့် ဘေလီတံတားတစ်စင်း၊ ကွန်ကရစ်တံတားခြောက်စင်း၊ လူကူး/လားကူးတံတား ၆၉ စင်း၊ ၆ ပေအကျယ် ၁၈၀ ပေ အောက်ကြိုးတံတားခုနစ်စင်း၊ ၆ ပေအကျယ် ၁၈၀ ပေအထက်ကြိုးတံတားသုံးစင်း စုစုပေါင်း တံတား ၈၆ စင်းရှိပါကြောင်း၊ ရပ်ဘော့-ငါ့လုံဒမ်း-ခေါင်လန်ဖူးလမ်းသည် လူများ/လားများသာ သွားလာနိုင်သည့် လမ်းဖြစ်ပြီး ပွင့်လင်းရာသီတွင် မဂွေဇစခန်း မိုင်တိုင်(ဝ)မှ ငါ့လုံဒမ်းစခန်း ၂၅ မိုင် ၄ ဖာလုံအထိနှင့် ထလားလော်ရွာ မိုင်(၅၄/ဝ)မှ ခေါင်လန်ဖူးမြို့ ၆၅ မိုင် ၄ ဖာလုံအထိ မော်တော်ဆိုင်ကယ်များသွားလာနိုင်ပါကြောင်း၊

ရပ်ဘော့-ငါ့လုံဒမ်း-ခေါင်လန်ဖူးလမ်း (နောင်မွန်းမြို့နယ်အပိုင်း) အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ မိုင်တိုင် (ဝ/၀) မဂွေဇစခန်းမှ မိုင် (၂၅/၄) ငါ့လုံဒမ်းစခန်းအထိ (ဒဟပ်ဘိုတဲ ၁၆ မိုင် ၆ ဖာလုံ အပါအဝင်) ၂၅ မိုင် ၄ ဖာလုံအား ၂၈ ပေအကျယ် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ရေပြွန်များ ဆောက်လုပ်ရန် ရန်ပုံငွေရရှိထားပြီး ၂၆-၁၂-၂၀၁၆ ရက်နေ့မှစပြီး လပြည့်ဝန်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိရာ တစ်ကြောင်းထိုးဖောက်လုပ်ခြင်းလုပ်ငန်းမှာ ငါ့လုံဒမ်းစခန်းအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းလမ်းတစ်လမ်းလုံးအား နယ်စပ်ရေးရာဝန်ကြီးဌာနရန်ပုံငွေဖြင့် ဆက်လက်ဖောက်လုပ် မည်ဖြစ်ပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဂွေဇ- ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံကို ဆောင်ရွက်ရန်အတွက် စီမံချက်ရေးဆွဲထားပြီး မဂွေဇ-ငါ့လုံဒမ်း အပိုင်း ၂၅ မိုင် ၄ ဖာလုံသည် ယခုဘဏ္ဍာရေးနှစ်တွင် လမ်းဖောက်လုပ်ခြင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ တစ်ကြောင်းထိုးလမ်း ဖောက်လုပ်ပြီးဖြစ်ပါကြောင်း၊ လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငါ့လုံဒမ်းမှ ရီဒမ်းအထိ ၁၉ မိုင် အပိုင်းအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ရီဒမ်း-ခေါင်လန်ဖူးလမ်းပိုင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ သုံးနှစ်အတွင်း ကားလမ်းဖောက်လုပ်ရန် စီမံချက်ရေးဆွဲထားပါကြောင်း၊ ရပ်ဘော့-ငါ့လုံဒမ်း-ခေါင်လန်ဖူးလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူပြီး စီမံချက်ချဖောက်လုပ်နေပြီ ဖြစ်ပါ၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနမှ ရန်ပုံငွေထည့်သွင်းလျာထားခြင်းမရှိပါသော်လည်း တောင်ပြိုမြေဖယ်ရှားခြင်း၊ ကြိုးတံတားများ ပြုပြင်ထိန်းသိမ်းခြင်း၊ ခြုံခုတ်တောရှင်းခြင်းစသည့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်မှုမရှိသည့် အပိုင်းများအား ပြည်နယ်သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေခွင့်ပြုပြီး ကချင်ပြည်နယ်၊ လမ်းဦးစီးဌာနမှ ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။