(င)-နေပြည်တော်- ပန်းတင်-ချောင်းနက်လမ်းကို ယခုထက် ပိုမို၍ အန္တရာယ်ကင်းသော ကားလမ်း တစ်ခု ဖြစ်လာရေးအတွက် လိုအပ်ချက်များ ဖြည့် ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၀.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u min theinနေပြည်တော်-ပန်းတင်-ချောင်းနက်လမ်းဟာ ပဲခူးရိုးမကိုဖြတ်သန်းသွားရသည့် လက်ဝဲဘက် ကားလမ်းမ ဖြစ်သည့်အပြင် အကောက်အကွေ့ များပါကြောင်း၊ မိုးတွင်းကာလတွင် တောင်ပြိုခြင်း၊ ကမ်းပါးယံ ကြီးများပြိုကျခြင်း စသည်တို့ကြောင့် လမ်းပိတ်ဆို့မှုများ မကြာမကြာဖြစ်တတ်သည့် အပြင် လမ်းဘေးရှိ ပေတစ်ရာခန့် နက်သည့်ချောက်ကြီးများထဲသို့ ကားတစ်စင်းလုံး ပြုတ်ကျနိုင်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ဆောက်လုပ်ရေးက တောင်ပြိုသည့် လမ်းများအား ပြန်လည် ပြင်ဆင်ထားသော်လည်း ကတ္တရာလမ်း မခင်းရသေးသည့်အတွက် မိုးများပါက ကားများဘီးချော်ပြီး ဘေးသို့ ကျသွားနိုင်သည့် အခြအနေရှိပါကြောင်း၊ ဘေးနားတွင် ကပ်လျက် တည်ရှိသော တောင်ကမ်းပါးယံများသည် ပြိုကျလာမည်ဆိုပါက အနီးသို့ရောက်ရှိ နေသော ကားပေါ်ကိုပြုတ်ကျလာနိုင်ပါကြောင်း၊

မကွေးတိုင်းဒေသကြီး၏ တောင်ဘက်ခြမ်း မြို့များဖြစ်ကြသည် တောင်တွင်းကြီး- ဆင်ပေါင်ဝဲ-အောင်လံ-သရက်-ကမ္မ-မင်းတုန်းမြို့များသို့လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးမြောက်ခြမ်းမြို့ဖြစ် ကြသည့် ပြည်-ပေါက်ခေါင်း-ပေါင်းတလယ်-ပေါင်းတည်-သဲကုန်း-ပုတီးကုန်း- ရွှေတောင်-ပန်းတောင်းမြို့များသို့လည်းကောင်း သွားရလာရာတွင် အဆိုပါလမ်းကို အသုံးပြုရခြင်းဖြစ်ရသည့် အပြင် မော်တော်ယာဉ် လိုင်းပေါင်းစုံနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကားများ၊ တပ်မတော်ကားများ၊ ဆီ Boxer ကားများ၊ ဝါးကားများ၊ အုတ်ကားများသည်လည်း တစ်နေ့လျှင် ယာဉ်အစီးရေ ၁၀၀ နီးပါး မောင်းနှင် အသုံးပြုနေသွားရနေသည့် လမ်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်၏ အုပ်ချုပ်ရေးမြို့တော်အဝင်ပေါက်၊ အနောက်ဘက် ဝင်ပေါက်လမ်းဖြစ်သည့် အဆိုပါလမ်းကို ပို၍ အန္တရာယ်ကင်းသည့် လမ်းဖြစ်အောင် ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u kyaw linnနေပြည်တော်-တောင်ညို-ချောင်းနက်-တောင်တွင်းကြီးလမ်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးသို့ ဆက်သွယ်ထားသည့် လမ်း ဖြစ်ပါကြောင်း၊ နေပြည်တော်၊ ပျဉ်းမနားမြို့ မိုင် ဝ/၀ မှအစပြု၍ ချောင်းနက်အထိ ၆၆ မိုင် ၂ ဖာလုံအရှည်ရှိပြီး နေပြည်တော် အပိုင်းတွင် ၄၄ မိုင် ၂ ဖာလုံပါဝင်ပါကြောင်း၊ မိုင်တိုင် ၄၄/၂ မှ ၆၆/၂ ထိ ၂၂ မိုင်အပိုင်းသည် မကွေးတိုင်း အပိုင်းဖြစ်ပြီး တောင်တွင်းကြီးမြို့နယ်မှ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊

နေပြည်တော်ကောင်စီအပိုင်းဖြစ်သည့် မိုင် ဝ/၀ မှ ၁၂/၀ အထိကို နေပြည်တော်စည်ပင် သာယာရေး ကော်မတီမှလည်းကောင်း၊ မိုင် ၁၂/၀ မှ ၄၄/၂(နယ်စပ်)အထိကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှလည်းကောင်း တာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကုန်အထိ လမ်းအခြေအနေသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရသည့် လမ်းအပိုင်း၌ မိုင် ၁၂/၀ မှ ၁၇/၄ အထိ ၅ မိုင် ၄ ဖာလုံသည် ၄၈ ပေအကျယ် ကတ္တရာလမ်း၊ မိုင် ၁၇/၄ မှ ၂၅/၄ အထိ ၈ မိုင်သည် ၂၄ ပေအကျယ် ကွန်ကရိလမ်း၊ မိုင် ၂၅/၄ မှ ၂၉/၄ အထိ ၄ မိုင်သည် ၁၈ ပေ အကျယ်ကတ္တရာလမ်းနှင့် မိုင် ၂၉/၄ မှ ၄၄/၂ အထိ ၁၄ မိုင် ၆ ဖာလုံသည် ၁၂ ပေအကျယ် ကတ္တရာလမ်းအဖြစ် ပါဝင်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လိုအပ်သော နေရာများတွင် ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ရန်ပုံငွေတင်ပြ တောင်းခံခဲ့သော်လည်း ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေမရရှိခဲ့ပါသဖြင့် ဆောင်ရွက်နိုင် ခြင်းမရှိခဲ့ပါကြောင်း၊

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော် ကောင်စီအပိုင်းတွင် မိုးဒဏ်ကြောင့် လမ်းတာ ဘောင် ပြိုကျပျက်စီးခြင်းများကိုလည်း ပြည်ထောင်စု(မိုးဒဏ်) အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မျောခရစ်ရိုက်၍ လမ်း တာဘောင်ပြုပြင်ခြင်း၊ Guard Post များစိုက်ထူပေးခြင်း၊ ရေစီးရေလာ ကောင်းစေရန် လမ်းဘေးရေမြောင်းတူးပေးခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မိုင် ၃၃/၄ မှ မိုင် ၄၄/၁ အတွင်း ကျောက်ရိုးစီ မြေထိန်းနံရံ ခုနစ်ခုအား ဆောင်ရွက်နိုင်ရန်နှင့် ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းမူလ ၁၂ ပေမှ ၁၈ ပေအကျယ်ချဲ့ခြင်း လုပ်ငန်း၊ မိုင် ၂၉/၄ မှ ၃၄/၂ အထိ ၄ မိုင် ၆ ဖာလုံအရှည်နှင့် လိုအပ်သော နေရာများတွင် အကာအကွယ်သံတန်း(Guard Rail)များ တပ်ဆင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ထားရှိပြီး ပွင့်လင်းရာသီတွင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

၁၈ ပေအကျယ် လမ်းချဲ့ရန်ကျန်ရှိနေသည့် မိုင်တိုင် ၃၄/၂ မှ ၄၄/၂ အထိ ၁၀ မိုင်အတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းဖြည့်စွက် ရန်ပုံငွေနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။