(င)-သမဝါယမ ချေးငွေများကို မည်သို့ ချေးထားပါ သနည်း၊ အသင်းသား၊ အသင်းသူသစ်များ ထပ်မံ တိုးချဲ့၍ ပွင့်လင်းမြင်သာစွာချေးပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၃.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u tun tunတရုတ်ပြည် Excel ဘဏ်မှ ချေးယူထားသောငွေများကို သမဝါယမဦးစီးဌာနက တာဝန်ယူ၍ ပြည်သူများထံ ချေးငှားထားပါကြောင်း၊ ချေးငှားသည့် နေရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိပါကြောင်း၊ ချေးငှားရသည့် ရည်ရွယ်ချက်က ဆင်းရဲ မွဲတေမှုများ လျော့ကျရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာရန် ချေးငှားခြင်းဖြစ်သော်လည်း အမှန်တကယ်ချေးငှားသည့်အခါ လက်သင့်ရာကိုသာ အဓိကထား ချေးငှားသည်ကို တွေ့ရှိရပါကြောင်း၊

ပြည်သူရွေးချယ်ထားသည့် အရပ်သားအစိုးရလက်ထက်တွင် ပွင့်လင်းမြင်သာပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရရှိလာသည့် တိုးနှုန်းများကို တိုင်းပြည်အတွက် မည်ကဲ့သို့သုံးစွဲမည်ကိုလည်း ပြည်သူအများသိရှိအောင် ချပြရန်လည်း လိုအပ်ပါ ကြောင်း၊ နိုင်ငံတကာချေးငွေများထဲတွင် ယခုချေးထားသည့် တရုတ်ချေးငွေသည် အတိုးနှုန်း အမြင့်ဆုံးဖြစ်သည့်အတွက် အကျိုးရှိရှိအသုံးချရန် လိုအပ်ပါကြောင်း၊ သမဝါယမချေးငွေများကို ပြန်လည်စိစစ်သုံးသပ်ပြီး ကျေးရွာရပ်ကွက်ရှိ အဖွဲ့အစည်းများကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ အခြေခံလူတန်းစားများဖြစ်သည့် ကျေးလက်နေပြည်သူလူထု ဆင်းရဲ မွဲတေမှုလျှော့ချရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရန်နှင့် ပြည်သူလူထုမှ ယုံကြည်သော ကော်မတီများ ဖွဲ့စည်း၍ပွင့်လင်းမြင်သာစွာ ချေးငှားပေးရန်အတွက် သမဝါယမ ချေးငွေများကို မည်သို့ချေးထားပါသနည်းနှင့် အသင်းသား/သူများကို ထပ်မံတိုးချဲ့၍ ပွင့်လင်းမြင်သာစွာ ချေးပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍတွင် လက်ရှိဆောင်ရွက် လျက်ရှိသော အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာသုံးစက်ကိရိယာနှင့် သွင်းအားစုများ အရစ်ကျ ရောင်းချရေး လုပ်ငန်းအပါအဝင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရေးအတွက် မူဝါဒချမှတ်အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊  သမဝါယမအသေးစား အရင်းအနှီးချေးငွေ လုပ်ငန်း၏ ရည်ရွယ်ချက်က ပြည်သူများပြင်ပမှ အတိုးကြီးပေးပြီး ငွေချေးနေမှုမှ သက်သာစေရန် နောင်လာမည့်နှစ်များတွင် ပြင်ပမှငွေချေးစရာမလိုဘဲ မိမိပိုင်ငွေကြေးဖြင့် ရပ်တည်လာနိုင်စေရန် မျှော်မှန်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သမဝါယမအသင်းသားများကို ချေးငွေထုတ်ချေးနေခြင်းဖြစ်ပြီး ငွေကျပ်တစ်သိန်းချေးမယ်ဆိုလျှင် ချေးငွေ၏ ၁၀ ရာခိုင်နှုန်းကို စုဆောင်းစေပြီး ခြောက်လတစ်ကြိမ် ပြန်ဆပ်သည့်စနစ်ကို ကျင့်သုံးစေလျက် ရှိပါကြောင်း၊ အသင်းသားများကို ချေးငွေထုတ်ပေးသည့် အတိုးနှုန်းကတစ်လတွင် တစ်ကျပ်ခွဲနှုန်း၊  တစ်နှစ်တွင် ၁၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အသင်းသား၏စုဆောင်းငွေကို တစ်နှစ်တွင် ၁၂ ရာခိုင်နှုန်း အတိုးခံစားခွင့်ပြု လျက်ရှိပါကြောင်း၊ သမဝါယမဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း ဆောင်ရွက်သည့်အခါ အသင်းသားတောင်သူ လယ်သမားများသည် ရာသီအလိုက်သီးနှံပေါ်ချိန်တွင် ခြောက်လတစ်ကြိမ် အရင်း/အတိုး ပြန်ဆပ်ရပါကြောင်း၊ ချေးငွေကျေသည်နှင့် တစ်ပြိုင်နက် နောက်ရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ပြန်လည်ထုတ်ချေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

သမဝါယမအသင်းသားအသစ်များ ထပ်မံတိုးချဲ့ဝင် ရောက်လိုပါက နီးစပ်ရာကျေးရွာ သမဝါယမ အသင်းများတွင် အဆိုပြုတင်ပြပြီး သတ်မှတ်ထားသည့် အစုငွေထည့်ဝင်၍ အသင်းသားအဖြစ် ဝင်ရောက်ဆောင်ရွက်နိုင်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ် ဖွံ့ဖြိုးရေးကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း ချေးငွေများ မဆုံးရှုံးစေရေးအတွက် သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ သမဝါယမအသင်းအဆင့်ဆင့်သည် စဉ်ဆက် မပြတ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမအသင်းသားအသစ်များ ထပ်မံတိုးချဲ့ပြီး ဝင်ရောက်လိုပါက ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေနှင့် ၂၀၁၃ ခုနှစ် သမဝါယမအသင်း နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ချေးငွေများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ထုတ်ချေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။