မေးခွန်း အကြောင်းအရာ
နိုင်ငံတော်က မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်အမျိုးသားစာပေဆုများ ချီးမြှင့်လျက်ရှိသည့်ဆုများသည် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတပဒေသာ၊ ဘာသာပြန်၊ ကလေးစာပေ၊ ပြဇာတ်စာပေ၊ နိုင်ငံရေးစာပေစသည်တို့ဖြစ်ပါကြောင်း၊
ကဗျာသည် ရသစာပေ၏အညွန့်အဖူး၊ ကောက်စိုက်တေးများ၊ စစ်ချီတေးများနှင့် သားချော့တေးများက ဆင်းသက်လာသော လူထုတေးသံဖြစ်ပါကြောင်း၊ ကဗျာဆရာ များသည် ကဗျာကိုလက်နက်သဖွယ် ကိုင်စွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး စသည့်တိုက်ပွဲများတွင် ပါဝင်ခဲ့ကြပါကြောင်း၊
စာပေနှင့်ဘာသာစကားသည် မည်သည့်အခါမျှရပ်တန့်မသွားပါကြောင်း၊ မြန်မာစာပေသည်လည်း အမြဲရှင်သန်ဖွံ့ဖြိုး တိုးတက်နေရာတွင် စကားပြေဘက်တွင် ပြောင်းလဲတိုးတက်မှုများရှိသကဲ့သို့ ကဗျာဘက်တွင်လည်း တိုးတက်ပြောင်းလဲမှုများရှိပါကြောင်း၊ ၁၉၇၀ ခုနှစ်ခန့်ကစပြီး ကဗျာဟောင်း များထဲမှ ကဗျာသစ်များခွဲထွက်လာပါကြောင်း၊ တော်လှန်ကဗျာ၊ လွတ်လပ်ကာရံကဗျာ၊ ခေတ်ပေါ်ကဗျာ များ အစပျိုးခဲ့ပါကြောင်း၊ ယခုအခါ မြန်မာစာပေလောကတွင် ခေတ်ပေါ်ကဗျာ၏အခန်းကဏ္ဍက အလွန်ကြီးမားကျယ်ပြန့်လာပါကြောင်း၊ လူထု၏ဘဝကိုလည်း များစွာထင်ဟပ်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့တွင် ကဗျာဆရာများသမဂ္ဂက ထုတ်ပြန်ကြေညာချက်တွင် ခေတ်ပေါ် ကဗျာများကို အမျိုးသားစာပေဆု ချီးမြှင့်ရန် တိုက်တွန်းထားပါကြောင်း၊ အမျိုးသားစာပေဆု ရွေးချယ်ရေး ကော်မတီ၏ မှားယွင်းမှု၊ ကော်မတီ၏ ပေါ်လစီမှားယွင်းမှုတို့ကြောင့် လူတစ်ယောက်တည်းက ကဗျာဆုကို ထပ်ခါထပ်ခါရနေခြင်းမှာမဖြစ်သင့်ပါကြောင်း၊ ကဗျာဆုရွေးချယ်ရာတွင် စကားလုံး၊ အတွေး၊ အာရုံခံစားမှု၊ လင်္ကာမြောက်မှုစသည့် အချက်များထည့်သွင်းပြီး ရွေးမှသာလျှင် ပြည်သူလူထုနှင့် မကင်းကွာသည့် ကဗျာများပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ မြန်မာစာတိုးတက်ဖွံ့ဖြိုးရန်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ရာတွင် အစဉ်အလာ ကဗျာများနည်းတူ ခေတ်ပေါ်ကဗျာများကိုလည်း ထည့်သွင်းချီးမြှင့်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာစာပေဖွံ့ဖြိုး တိုးတက် ရေးနှင့် စာကောင်းပေမွန်များထွက်ရှိရေးအတွက် ၁၉၄၈ ခုနှစ်ကစပြီး စာပေဆုများကို ချီးမြှင့်လျက်ရှိပါ ကြောင်း၊ အမျိုးသားစာပေဆုများ ချီးမြှင့်ရာတွင် ကဗျာပေါင်းချုပ်ဘာသာရပ်အပါအဝင် စာပေအမျိုးအစား ဘာသာရပ် ၁၆ မျိုး ချီးမြှင့်လျက်ရှိပါကြောင်း၊
ယခုအခါ ပြောင်းလဲလာသော ဒီမိုကရေစီနိုင်ငံတစ်ခု၏ အခင်းအကျင်းများနှင့်အညီ အမျိုးသားစာပေဆု ရွေးချယ်ရေးကို ပိုမိုလွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိစေရေး၊ ရသင့်ရထိုက်သောသူ ဆုရရှိစေရေးနှင့် ဆုနှင့်သင့်လျော်သော အဆင့်မီစာအုပ်များကို ဆုရွေးချယ်ချီးမြှင့်ပေးနိုင်ရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းများ မပါဝင်စေဘဲ မြန်မာ့စာနယ်ဇင်းလောကတွင် သြဇာတိက္ကမကြီးမားပြီး အများပြည်သူအသိအမှတ်ပြုခံ ရသော စာပေပညာရှင်ကြီးများ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဖြင့် ဖွဲ့စည်းစိစစ်ရွေးချယ်ပေးလျက် ရှိပါကြောင်း၊
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို ၁၇-၂-၂၀၁၇ ရက်နေ့တွင် အဖွဲ့ဝင် ၇၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၄-၄-၂၀၁၇ ရက်နေ့တွင်ကျင်းပခဲ့သော ဥက္ကဋ္ဌအဖွဲ့နှင့် ဘာသာရပ်အလိုက် အဖွဲ့ခေါင်းဆောင်များပါဝင်သော ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇) တွင် ကဗျာပေါင်းချုပ်ဆုဘာသာရပ်တွင် အစဉ်အလာကဗျာစာအုပ်ဖြစ်စေ၊ ခေတ်ပေါ်ကဗျာစာအုပ်ဖြစ်စေ ကဗျာပေါင်းချုပ်အဖွဲ့ငယ်က ဆုချီးမြှင့်ရန် ထိုက်တန်သည်ဟု စိစစ်ရွေးချယ်သောစာအုပ်တစ်အုပ်ကို ယခင်နှစ်များနည်းတူဆုချီးမြှင့်ရန် ဆွေးနွေး လျာထားခဲ့ကြပါကြောင်း၊ အဆိုပါဆွေးနွေးချက်ကို စိစစ်ရွေးချယ်ရေးကော်မတီဝင်အားလုံးပါဝင်သည့် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ကြီး အစည်းအဝေး (၂/၂၀၁၇) တွင် အတည်ပြုပြီး ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ယခုနှစ်အမျိုးသားစာပေဆုချီးမြှင့်ရာ ကဗျာပေါင်းချုပ်ဘာသာရပ်တွင် ခေတ်ပေါ် ကဗျာစာပေဆု ဆိုပြီး သီးခြားဆုချီးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် အထက်မှာတင်ပြခဲ့သကဲ့သို့ အစဉ်အလာ ကဗျာဖြစ်စေ၊ ခေတ်ပေါ်ကဗျာဖြစ်စေ ထည့်သွင်းစဉ်းစားပြီး ကဗျာပေါင်းချုပ်ဆုအဖြစ် ရွေးချယ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
