မေးခွန်း အကြောင်းအရာ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လားရှိုး-မယ်ဟန်-မိုင်းရယ်-ကျေးသီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၉၀.၆၂၅ သန်းဖြင့် ၁၈ ပေ အကျယ် ကတ္တရာလမ်းခင်းခြင်း ၇ မိုင် ၄ ဖာလုံကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပျက်စီးနေသောလမ်းအပိုင်းကို အထူးပြင်ဆင်ထိန်သိမ်းခြင်း ရန်ပုံငွေနှင့် ပြင်ဆင်ထိန်းသိမ်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိသော ၇၁ မိုင် ၁ ဖာလုံကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊
မယ်ဟန်-မိုင်းရယ်ကားလမ်းအပိုင်းသည် လူစီးယာဉ်၊ ကုန်တင်ယာဉ်များနှင့် နေ့စဉ် အစီး ၃၅၀ ခန့် အများအပြား ဖြတ်သန်းသွားလာအသုံးပြုနေရသည့်အတွက် ၁၈ ပေအကျယ် ကားလမ်းဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ အချို့လမ်းအပိုင်းများတွင် ကျဉ်းမြောင်းပြီး ယာဉ်တစ်စီးနှင့်တစ်စီး တိမ်းရှောင်ရန်ခက်ခဲ၍ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်းများရှိသည့်အတွက် အမြန်ပြုပြင်ဆောင်ရွက်ပေးရန် တောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ ယခုတင်ပြသောလမ်းအပိုင်းကို တိုးချဲ့ ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ရန်ပုံငွေ အနည်းငယ်သာ ချထားပေးသည့်အတွက် ကောင်းမွန်သော လမ်းတစ်ခုရရှိရန် နှစ်ချီစောင့်ဆိုင်းနေရပါကြောင်း၊ ထို့ကြောင့် မယ်ဟန်-မိုင်းရယ်လမ်းအပိုင်း ပြုပြင်ခြင်းလုပ်ငန်းများကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းပြီး နှစ်အလိုက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်၍ လာမည့့်် ဘဏ္ဍာရေးနှစ်အတွင်း အပြီး ဆောင်ရွက်ပေးနိုင်ရန်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးပြီး ဘဏ္ဍာရန်ပုံငွေများကို လုံလောက် စွာ ခွဲဝေချထားပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်ကတစ်ဆင့် တင်ပြခဲ့သော်လည်း ရန်ပုံငွေများ ခွဲဝေလျာထားခြင်းကို မတွေ့ရှိရသည့်အတွက် ယခု လွှတ်တော်တွင်ထပ်မံတင်ပြ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မယ်ဟန်-မိုင်းရယ်ကားလမ်းအပိုင်းရှိ ပျက်စီးနေသော ကားလမ်းအပိုင်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲတင်ပြပေးမည်ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းလျာထားချက်တွင်း မရှိသည်ကိုလည်း သိရှိလိုပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသော လမ်း၊ တံတား လုပ်ငန်းများအတွက် ရန်ပုံငွေခွဲဝေလျာထားရာတွင် ဒေသအလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး မျှတစွာရန်ပုံငွေခွဲဝေ လျာထား သည်ကို မတွေ့ရသည့်အတွက် မည်သို့သောမူဝါဒများနှင့် မည်ကဲ့သို့ရန်ပုံငွေခွဲဝေချထားသည်ကို သိရှိလိုပါကြောင်းနှင့် မယ်ဟန်-မိုင်းရယ် ကားလမ်းအပိုင်းတွင် အမှန်တကယ် လမ်းအဆင့်မြှင့်တင် တိုးချဲ့ပေးရန် ကျန်ရှိနေသောလမ်းအပိုင်း အချို့အား မည်သည့်ကာလတွင် အပြီးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းသည် ပြည်နယ်အစိုးရမှ စီမံခန့်ခွဲလျက်ရှိသော လမ်းဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် (တောင်ပိုင်း) ကို ဆက်သွယ်ထားသော အရေးကြီးသောလမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ လားရှိုးမြို့အဝင် မိုင်တိုင်(ဝ/၀) မယ်ဟန်ကျေးရွာမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် (တောင်ပိုင်း)နယ်စပ် နမ့်လောင်းကျေးရွာအထိ လမ်းအရှည် ၇၁ မိုင် ရှိသည့်အနက် ၁၈ ပေအကျယ် ကတ္တရာလမ်း ၁၉ မိုင် ၇ ဖာလုံရှိပြီး ကျန် ၅၁ မိုင် ၁ ဖာလုံသည် ၁၂ ပေ အကျယ် ကတ္တရာလမ်းများ ဖြစ်ပါကြောင်း၊
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် မေးမြန်းခဲ့သော ကြယ်ပွင့်မပြမေးခွန်းအား မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းသည် ပြည်နယ်အစိုးရက စီမံခန့်ခွဲသော လမ်းဖြစ်သည့်အလျောက် ငါးနှစ်စီမံကိန်းတွင် ထည့်သွင်း လျာထားပြီး ပြည်နယ်ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ နှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ပါကြောင်း၊
ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်း ကတိပေးထားသော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင်မပါရှိရခြင်းမှာ အဆိုပါလမ်းသည် ပြည်နယ်အစိုးရမှစီမံခန့်ခွဲသောလမ်းဖြစ်သည့်အတွက် ပြည်ထောင်စုရန်ပုံငွေတွင် မပါရှိခြင်းသာ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအတွက် ရန်ပုံငွေ ၁၄၇၆.၆၆ သန်း ရရှိပြီးဖြစ်ပါကြောင်း၊ အဓိကရှင်းလင်းတင်ပြလိုသည်မှာ ပြည်ထောင်စုဝန်ကြီးမှ ကတိပေးဖြေကြားခဲ့သည့် အတွက် ပြည်နယ်မှစီမံခန့်ခွဲသောလမ်းဖြစ်၍ ပြည်နယ်ရန်ပုံငွေအဖြစ်ထည့်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊
အဆိုပါ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအား ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အောက်ပါ အတိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းသည် နေ့စဉ်ယာဉ် ဖြတ်သန်းမှု ၃၅၀ စီးရှိပြီး မယ်ဟန်-မိုင်းရယ်အထိ လက်ရှိ ၁၂ ပေအကျယ် ကတ္တရာလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရက စီမံခန့်ခွဲသောလမ်းဖြစ်သဖြင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၄၇၆.၆၆ သန်း ဖြင့် ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ခြောက်မိုင်၊ မြေသားတာဘောင်ချဲ့ခြင်း တစ်မိုင် လေးဖာလုံနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း နှစ်မိုင် ငါးဖာလုံတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသော ၁၂ ပေအကျယ် ကတ္တရာလမ်းကိုလည်း ပြုပြင်ထိန်းသိမ်းရင်း ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် နှစ်စဉ်တိုးတက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရသော လမ်း၊ တံတားလုပ်ငန်းများအတွက် ရန်ပုံငွေခွဲဝေလျာထားရာတွင် မူဝါဒများချမှတ်၍ ဒေသအလိုက်လိုအပ်ချက်ပေါ်မူတည်ပြီး ခွဲဝေချထားလျက် ရှိပါကြောင်း၊ ဒေသအားလုံးတစ်ပြေးညီ တိုးတက်စေရန်နှင့် ဒေသခံပြည်သူတို့၏ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်အတွက် မိုးရာသီကာလသွားလာခြင်းမပြုနိုင်သော မြေသားလမ်းများအား ရာသီမရွေး သွားလာ နိုင်သော အမာခံလမ်း၊ ကျောက်လမ်းအဖြစ်သို့လည်းကောင်း၊ ဒေသထွက်ကုန်များ လျင်မြန် ချော့မွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် အမာခံလမ်းကျောက်လမ်းများအား နှစ်အလိုက်ကတ္တရာလမ်း အဆင့်သို့ လည်းကောင်း၊ ဦးစားပေးအစီအစဉ်များဖြင့် အောက်ပါအတိုင်း ရန်ပုံငွေများကို ခွဲဝေချထားလျက် ရှိပါကြောင်း၊ (၁) လွှတ်တော်အသီးသီးရဲ့ ကတိကဝတ်များ၊ (၂) နိုင်ငံတော်၏ လိုအပ်ချက်အရ ဆောင်ရွက်ရန်လမ်း/တံတားများနှင့် (၃) ပုံမှန်ဆောင်ရွက်ရန်ရှိသော လမ်းလုပ်ငန်းများ အစရှိ သည်ဖြင့် ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
မယ်ဟန်-မိုင်းရယ်လမ်းအပိုင်းတွင် ကျန်ရှိသော ၁၂ ပေ အကျယ် ကတ္တရာလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၂၈ မိုင် ၁ ဖာလုံကျန်ရှိနေပါသဖြင့် ၎င်းကျန်ရှိလမ်းပိုင်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင် ၉ မိုင် ၁ ဖာလုံ၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၉ မိုင်၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ၁၀ မိုင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်နယ်ရန်ပုံငွေဖြင့် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး အထက်လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
