မေးခွန်း အကြောင်းအရာ
၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်မှစပြီး ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုများကို စတင်ခွင့်ပြုခဲ့သည့် အချိန်သည် ပြည်ပမှမော်တော်ယာဉ် တင်သွင်းမှုများကို ကန့်သတ်ထားသော အချိန်ဖြစ်ပြီး ပြည်တွင်းရှိ စစ်ကျန်ဂျစ်ကားများကို အင်ဂျင်နှင့် ကိုယ်ထည်အစိတ်အပိုင်းများ လဲလှယ်ပြုပြင် မွမ်းမံကာ လမ်းကြမ်းများတွင် အသုံးပြုခြင်းဖြင့် များစွာအဆင်ပြေနေချိန်လည်း ဖြစ်ပါကြောင်း၊ ကနဦးတွင် ဂျစ်ကားများကို ပြည်ပမှ တင်သွင်းလာသော အစိတ်အပိုင်းများနှင့် ပြည်တွင်းထုတ် ဘောင်ကိုယ်ထည်များ တွဲစပ်၍ စတင်ထုတ်လုပ်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်ခန့်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် စက်မှုဇုန်ထုတ်မော်တော်ကားပြပွဲများ ပြုလုပ်ပြီး ဂျစ်ကားများသာမက Pickup, Wagon, MPV, Mini Bus, Light-Truck နှင့် Truck ကားကြီးများ အထိ ထုတ်လုပ်ခွင့်ပေးခဲ့ပါကြောင်း၊ ရိုးရှင်းသောဂျစ်ကားများ၏ ကိုယ်ထည်ဘောင်များကို ပြည်တွင်းတွင် ထုတ်လုပ်ရန် လွယ်ကူသော်လည်း အဆင့်မြင့်ကားများ၏ ကိုယ်ထည်ဘောင် များကို အဆင့်မီထုတ်လုပ်နိုင်ခြင်းမရှိပါကြောင်း၊
ကားတင်သွင်းခွင့်ပိတ်ပင်ထားခြင်းကို အခွင့်ကောင်းယူပြီး စက်မှုဇုန်ထုတ် လက်ရိုက်ကိုယ်ထည် ဘောင်များဖြင့် တပ်ဆင်ထုတ်လုပ်ကာ ယာဉ်မှတ်ပုံတင်ခဲ့ပြီး ခွင့်ပြုပြီး စက်မှုဇုန်ကားမှ ဘောင်နှင့် ကိုယ်ထည်နံပါတ်များကို ဖြတ်ယူပြီး တရားမဝင် တင်သွင်း လာသော ပုံစံတူမော်တော်ယာဉ်များတွင် ဖြတ်၊ ဖောက်၊ ဆက်ပြုလုပ်ကာ ထုတ်လုပ်ရောင်းချသော ဈေးကွက်ကြီးပေါ်ပေါက်လာခဲ့ရပါကြောင်း၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထိုပြောင်းလဲမှုများကို ဒဏ်ကြေးပေးဆောင်စေပြီး RTA ကိုယ်ထည်ဘောင်နံပါတ်များ ရိုက်နှိပ်ပေးပြီး တရားဝင်ဖြစ်စေခဲ့ပါကြောင်း၊ ယာဉ်တင်သွင်းခွင့်ပါမစ်မလို၊ မည်သည့်အခွန်မှ မပေးဆောင်ရဘဲ ဂျပန်ကားများကို ထုတ်လုပ်ရောင်းဝယ်နိုင်ကာ အယောင်ဆောင်စက်မှုဇုန် ကားထုတ်လုပ်မှုဈေးကွက် ကြီးထွားလာခဲ့ရပါကြောင်း၊ ဂျပန် Van car, Wagon ကားများ၏ နောက်ခန်းအပေါ်ပိုင်းကို ဖြတ်ပြီး Pickup ကားအဖြစ် အသွင်ပြောင်းထုတ်လုပ်ခြင်း၊ စက်မှုဇုန်ကားထုတ်လုပ်မှုကို အယောင်ပြပြီး တရုတ်နိုင်ငံထုတ် ကားများကို ပြည်တွင်း၌ တပ်ဆင်ကာ အခွန်ရှောင်ထုတ်လုပ်ခြင်းများလည်း ပေါ်ပေါက်ခဲ့သည့် အကျိုးဆက်မှာ ပြည်တွင်းစက်မှုလုပ်ငန်းများ မှန်ကန်စွာဖွံ့ဖြိုးတိုးတက်လာမှု မရှိခြင်း၊ နိုင်ငံတော် အခွန်ဘဏ္ဍာများ နစ်နာဆုံးရှုံးခြင်း၊ သုံးစွဲသူများ အရည်အသွေးမမီ ဖြတ်၊ ဖောက်၊ ဆက်များကြောင့် ယာဉ်အန္တရာယ်များ ကြုံတွေ့ရခြင်းနှင့် သက်တမ်းမပြည့်မီ ယာဉ်အို၊ ယာဉ်အဟောင်းအဖြစ် ဖျက်သိမ်း လိုက်ရခြင်းများကို တွေ့ရပါကြောင်း၊ နိုင်ငံတော်၏ စက်မှုစီးပွားဖွံ့ဖြိုးမှုကို မည်သို့မျှအထောက်အကူမပြုသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊
လူဦးရေ ၅၂ သန်းရှိပြီး ဒေသတွင်းအချက်အချာကျသော တည်နေရာတွင်ရှိနေသည့် မိမိတို့နိုင်ငံတွင် မော်တော်ယာဉ်နှင့် အစိတ်အပိုင်းထုတ်လုပ်သော စက်မှုလုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ များစွာရှိနေပါကြောင်း၊ မှန်ကန်သော မူဝါဒများဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှု(Global Supply Change) ဝင်ရောက်ရင်းနှီးမြှုပ်နှံစေရေး၊ ပြည်တွင်းထုတ်လုပ်မှုအချိုးအစား(Localization)အားဖြင့် အဆင့် လိုက် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ပါဝင်စေရေး၊ ပြည်တွင်းလုပ်ငန်းရှင်များ အရင်းအနှီး၊ နည်းပညာများ ရယူပြီးတော့ ထုတ်လုပ်မှုကွင်းဆက်များ ပါဝင်ခွင့်ရှိစေခြင်းဖြင့် မှန်ကန်သော စက်မှု ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ပြည်တွင်းစက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်မှု ပြန်လည်ထုတ်လုပ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်မှာ (၁) ထုတ်လုပ်ခွင့်ပြုသည့် စုစုပေါင်း မော်တော်ယာဉ်အရေအတွက်နှင့် ကိုယ်ထည်အမျိုးအစားများ၊ (၂) ပြည်တွင်းတွင်ထုတ်လုပ်သည့် အစိတ်အပိုင်းနှင့် ပြည်ပမှတင်သွင်းသည့် အစိတ်အပိုင်းအချိုး၊ (၃) အရည်အသွေးစံသတ်မှတ်ချက်များ၊ ဥပမာ အစိတ်အပိုင်းသစ်များ သို့မဟုတ် အသုံးပြုပြီးအစိတ်အပိုင်းများ၊ ကာဗွန်ထုတ်လွှင့်မှု စံသတ်မှတ်ချက်(Imaging Standard)၊ ဘယ်မောင်း သို့မဟုတ် ညာမောင်း၊ (၄) ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ (၅) ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေး(Road Safety Test)၊ အထက်ပါအချက်များနှင့်ပတ်သက်၍ မည်ကဲ့သို့ သတ်မှတ်၊ စမ်းသပ်၊ စစ်ဆေး၊ ကြပ်မတ် ဆောင်ရွက်နေကြောင်းနှင့် ယခင်ကာလများကဲ့သို့ ပြည်တွင်းစက်မှုဇုန်ထုတ် အမည်ခံ အယောင်ပြ၍ ပြည်ပမှ တရားမဝင်တင်သွင်းလာသော မော်တော်ယာဉ်များအား ကိုယ်ထည် နံပါတ်များ ဖြတ်၊ ဖောက်၊ ဆက်ပြုလုပ်၍လည်းကောင်း၊ RTA နံပါတ်ထုခွင့်ပြု၍ လည်းကောင်း၊ ယာဉ်မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခုအစိုးရသစ် လက်ထက်တွင် ယခင်စက်မှုဇုန်များမှ မော်တော်ယာဉ်ထုတ်လုပ်မှုများအတွက် ဆက်လက်၍ ထုတ်လုပ်ခွင့်ပြုပေးခဲ့ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ ယခင်အစိုးရလက်ထက်က ထုတ်လုပ်ခွင့်ရရှိခဲ့သော စက်မှုဇုန်များက သွင်းကုန်လိုင်စင်နှင့် တရားဝင်တင်သွင်းခဲ့သော အစိတ်အပိုင်းများ၊ ကားပစ္စည်းအဟောင်းများနှင့် ၎င်းတို့အလုပ်ရုံထုတ် ပစ္စည်းများနှင့် တပ်ဆင် ထုတ်လုပ်ခဲ့သည့် လက်ကျန်များအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အစစ်ဆေးခံနိုင်သော မော်တော်ယာဉ် ၂၇၄ စီးကိုသာ မူဝါဒနှင့်အညီ စစ်ဆေးပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ လက်ရှိတွင် ယခင်စက်မှုဇုန်ခေတ်က ပစ္စည်းအဟောင်းများနှင့် မော်တော်ယာဉ် ထုတ်လုပ်ခဲ့သော စနစ်ကို ဆက်လက်ခွင့်မပြုတော့ဘဲ နိုင်ငံတကာမှ ပညာရှင်များနှင့်ပူးပေါင်းပြီး နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မည့် Brand new မော်တော်ယာဉ် အသစ်များကိုသာ SKD စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး ထုတ်လုပ်မှုစရိတ် သက်သာစေရန် အတွက် MIC ၏ ခွင့်ပြုချက်ဖြင့် ပထမသုံးနှစ်အတွင်း သွင်းကုန်အခွန်ကင်းလွတ်ခွင့်ရရှိမည်ဟု သိရှိရပါကြောင်း၊ အဆိုပါ မော်တော်ယာဉ်အသစ်များကို မူလထုတ်လုပ်သူများ၏ နည်းပညာ၊ စက်ကိရိယာများနှင့် အင်ဂျင်နီယာများက စနစ်တကျတပ်ဆင်ထုပ်လုပ်သောယာဉ်များ၏ စစ်ဆေး အတည်ပြုချက် လက်မှတ်(Inspection Certificate) များကို သက်ဆိုင်ရာဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ထပ်ဆင့်အတည်ပြုချက် (Certificate of approval) ထုတ်ပေးပြီးနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာန (ကညန)က တရားဝင် မှတ်ပုံတင်လိုင်စင် ထုတ်ပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စက်မှုဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းစက်မှုဇုန်ထုတ်အရောင်းပြု၍ တရားမဝင်ကားများကို မှတ်ပုံတင်ခွင့် (လုံးဝ)ခွင့်မပြုဘဲ စက်မှုဇုန်များတွင် အင်ဂျင်ဟောင်းများ၊ စက်ပစ္စည်းအစိတ်အပိုင်းဟောင်းများ အသုံးပြု၍ မော်တော်ယာဉ်ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားပြီးဖြစ်သဖြင့် ယခုအချိန်တွင် ဆက်လက် ထုတ်လုပ်ခွင့်မပေးတော့ပါကြောင်းနှင့် မော်တော်ယာဉ်အသစ်များကိုသာ မူဝါဒနှင့် အညီ ထုတ်လုပ်ခွင့်ပြုလျက်ရှိနေပါကြောင်း၊
ဒုတိယမေးခွန်းဖြစ်သော ယခင်ကာလများကဲ့သို့ ပြည်တွင်းစက်မှုဇုန်ထုတ်အမည်ခံအယောင်ပြ၍ ပြည်ပမှတရားမဝင်တင်သွင်းလာသော မော်တော်ယာဉ်များအား ကိုယ်ထည်နံပါတ်ဖြတ်၊ ဖောက်၊ ဆက်ပြုလုပ်၍လည်းကောင်း၊ RTA ကိုယ်ထည်နံပါတ် ထုခွင့်ပြု၍လည်းကောင်း၊ ယာဉ်မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ ကညနက စက်မှုဇုန်ထုတ်ယာဉ်များကို ကနဦးယာဉ်စစ်ဆေးခဲ့ရာတွင် သံဘောင်တွင် Z Code သင်္ကေတနှင့် ကိုယ်ထည်တွင် RTA အမှတ်များ သတ်မှတ်ရိုက်နှိပ်ပေးခဲ့ပါကြောင်း၊ ပြည်တွင်းစက်မှုဇုန်များ ၂၀၀၁-၀၂ ခုနှစ်ကစပြီး ကားများ စတင်ထုတ်လုပ်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ယာဉ်စီးရေပေါင်း ၁၀၈၃၀၉ စီး မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင်က ကညနတွင် မှတ်ပုံတင်ထားသော ပြည်တွင်းစက်မှုဇုန်ထုတ်ယာဉ်များ ကနဦးမှတ်ပုံတင် သက်တမ်းတစ်နှစ်ပြည့်ပြီး နှစ်လဲသက်တမ်း တိုးဆောင်ရွက်ရာတွင် ကိုယ်ထည်၊ သံဘောင်၊ ဦးခေါင်းစသော အစိတ်အပိုင်းများ မမှန်မကန်ပြောင်းလဲသည်ကို စစ်ဆေးတွေ့ရှိရပါက အမှုတွဲ တစ်ခုချင်းအလိုက် ကညန(ရုံးချုပ်)သို့ တင်ပြရန်ညွှန်ကြားပေးခဲ့သော်လည်း ယာဉ်ပိုင်ရှင်များ ကြုံတွေ့ရသောအခက်အခဲများကို ဖြေလျော့ပေးရေးနှင့် လုပ်ငန်းများ မြန်ဆန်ချောမွေ့စေရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင် ဦးစီးမှူးများအနေဖြင့် တာဝန်ယူစိစစ် ခွင့်ပြုပြီး ပြောင်းလဲသော အစိတ်အပိုင်းများအတွက် သတ်မှတ်ဒဏ်ကြေးများကောက်ခံပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ စက်မှုဇုန်ထုတ်ယာဉ်များကို ဒဏ်ကြေးကောက်ခံပြီး ပြည်နယ်/တိုင်းဒေသကြီး/ခရိုင် ရုံးများ၌ သက်တမ်းတိုးဆောင်ရွက်ပေးခဲ့သော်လည်း ပြောင်းလဲတပ်ဆင်မှုများသည် လျော့နည်း လာခြင်းမရှိဘဲ အစိတ်အပိုင်းမမှန်မကန် ပြောင်းလဲခြင်း များနှင့်ဆက်စပ်ပြီး လုပ်ငန်းများရှုပ်ထွေး စေသည့်အတွက် ကနဦးယာဉ်စစ် ဆေးစဉ်က အတည်ပြု ထားသော အစိတ်အပိုင်းများအတိုင်းသာ နှစ်လဲသက်တမ်းတိုး ဆောင်ရွက်ပေးရန်နှင့် ပြောင်းလဲခြင်းများကို လုံးဝခွင့်မပြုခြင်းမရှိဘဲ မှတ်ပုံတင်ဖျက်သိမ်းမည်ဖြစ်ကြောင်း စာသားကို မှတ်တမ်းကတ်နှင့် ယာဉ်မှတ်ပုံတင်စာအုပ်များတွင် အနီရောင်တံဆိပ်တုံး ရိုက်နှိပ်ပြီး ၂၀၁၄ ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊
သို့သော်လည်း ပြည်တွင်းစက်မှုဇုန်ထုတ်ယာဉ်များ၏ အစိတ်အပိုင်းများကို ပြည်ပစက်ရုံထုတ်ပုံစံ အစားထိုးပြောင်းလဲပြုပြင်ခြင်း ယာဉ်မှတ်ပုံတင်လုပ်ငန်းများ လာရောက် ဆောင်ရွက်နေဆဲ ဖြစ်သည်ကို စိစစ်တွေ့ရှိရသည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ၏ ၂၀၁၆ ခုနှစ် ဇူလိုင်လ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၆)က ပြည်တွင်းစက်မှုဇုန် ထုတ်ယာဉ်များ၏ အစိတ်အပိုင်းများကို ပြည်ပစက်ရုံထုတ်ပုံစံဖြင့် အစားထိုးပြောင်းလဲပြုပြင်ခြင်း များကို လက်ခံဆောင်ရွက်ပေးခြင်းမပြုရေးကို တိကျစွာလိုက်နာ ကျင့်သုံးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် ပြည်တွင်းစက်မှုဇုန်ထုတ်ယာဉ်များ၏ အစိတ်အပိုင်းများကို ပြည်ပစက်ရုံ ထုတ်ပုံစံဖြင့် အစားထိုး ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက် ပေးခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးခြင်း မပြုပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းထွဋ်(ဖျာပုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဖြေကြားချက်များအရ ယခင်နှစ်ကျန် ၂၇၄ စီးကို ခွင့်ပြုထားသည်ဟု သိရှိရပါကြောင်း၊ မိမိအနေဖြင့် မေးမြန်းလိုသည်မှာ (၁) ပြည်တွင်းစက်မှုဇုန်မော်တော်ယာဉ် ထုတ်လုပ်မှုများကို ခေတ္တရပ်ဆိုင်းထားသည့်အခါ ထုတ်လုပ်ခွင့်ပြုရန် ကျန်ရှိနေသော ယာဉ်အစီးရေ ၂၀၀၀ ခန့်ထဲမှ အစီးရေ ၁၆၀၀ ခန့်ကို ထုတ်လုပ်ခွင့်ပြုထားခြင်းရှိ/မရှိ၊ (၂) စက်မှုဝန်ကြီးဌာန၊ မော်တော်ယာဉ်နှင့် လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအဖွဲ့အနေဖြင့် ယာဉ် စစ်ဆေးခံရန် စည်းကမ်းချက်များတွင် ဒဏ်ကြေးပေးဆောင်စေပြီး ဖြေလျှော့ပေးထားသော အချက်များမှာ Cast Frame Body များကို Original ဖြစ်ပါက အောက်ပါအတိုင်း ဒဏ်ကြေးပေးဆောင်ရမည်ဆိုပြီး ဒဏ်ကြေးကောက်ခံထားပါကြောင်း၊ Original 1 Ton Light Truck တစ်စီးကို Original Cast ဖြစ်ပါက ၁၀ သိန်း၊ Original Frame ဖြစ်ပါက တစ်သိန်း၊ Original Body ဖြစ်ပါက တစ်သိန်း၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော တင်သွင်းမှုများ ဖြစ်ပါက တစ်သိန်း စုစုပေါင်း ၁၃ သိန်းဖြစ်ပါကြောင်း၊ 2 Ton နှင့် 2.5 Ton Truck များကိုလည်း ထိုနည်းတူစွာ ဒဏ်ကြေး ၁၄ သိန်း သတ်မှတ်ထားပါကြောင်း၊ ပြည်တွင်းဖြစ် Cast Frame ဖြစ်ပါက ၎င်းဒဏ်ကြေးများကို ပေးသွင်းရန်မလိုဟု စည်းကမ်းချက်များ ထုတ်ပြန်ထားပါကြောင်း၊ စက်မှုဇုန်ကားထုတ်လုပ်မှုတွင် ပြည်တွင်းက အမှန်တကယ်ထုတ်လုပ်နိုင်သည်မှာ Cast၊ Body နှင့် Frame များဖြစ်ပါကြောင်း၊ ၎င်း Cast Frame Body များကို ဖြေလျော့ပြီး ဒဏ်ကြေးများ ပေးဆောင်ခိုင်းခြင်းအားဖြင့် ပြည်တွင်းထုတ်လုပ်မှု မပါသကဲ့သို့ဖြစ်ပြီး ပြည်ပကတရားမဝင် တင်သွင်းသည့် ကားများကို စက်မှုဇုန်အဖြစ် အသွင်းပြောင်းရန်အတွက် ခွင့်ပြုပေးမည့် အနေအထားမျိုးကို တွေ့ရှိရသည့်အတွက် ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းလိုသည်မှာ ကျန်ရှိသည့် ကားများကို ယခုကဲ့သို့ စစ်ဆေးခွင့်ပြုချက်ပေးသည့်နေရာတွင် မူလသတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်းဖြစ်နှင့် ပြည်ပတင်သွင်းမှုအချိုးကို စနစ်တကျစိစစ်ပြီး အခြားသတ်မှတ်ချက်များကိုလည်း စနစ်တကျစိစစ် ကြပ်မတ်ပြီး ထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
စက်မှုဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြေကြားရသည့်အတွက် သေချာစိစစ်ပြီး ဆောင်ရွက်ပေးသည်ဟု ဖော်ပြထားပါကြောင်း၊ အစစ်ဆေးခံနိုင်သည့် မော်တော်ယာဉ် ၂၇၄ စီးကိုသာ စစ်ဆေးပေးခဲ့သည်ဟုလည်း ဖြေကြားထားခြင်းဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာန၏ အခန်းကဏ္ဍဖြစ်သည့်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုယ်စားဖြေကြား၍ မရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
