မေးခွန်း အကြောင်းအရာ
ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဘက်အကျဆုံးတွင် တည်ရှိပြီး အလွန်ဝေးလံခက်ခဲသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ခရိုင်ရုံးစိုက်ရာ ပူတာအိုနှင့်မိုင်ပေါင်း ၁၃၀ ကျော် ကွာဝေးပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရာသီဥတုဆိုးရွားသော မြို့နယ်လည်း ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၁.၃၉ ကျယ်ဝန်းပြီး လူဦးရေပေါင်း ၁၅၀၀၀ ကျော် နေထိုင်သည့်မြို့နယ် ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် အခြေခံကျောင်းပေါင်း ၆၈ ကျောင်းရှိပြီး ယနေ့အသစ်တိုးမြှင့်ခွင့်ရရှိထားသည့် အ.ထ.က တစ်ကျောင်း၊ အ.လ.က ကျောင်း သုံးကျောင်းနှင့် ပေါင်းလိုက်ရင် အ.ထ.က နှစ်ကျောင်း၊ အ.လ.က လေးကျောင်းနှင့် အ.လ.က (ခွဲ) လေးကျောင်း၊ မူလွန်တစ်ကျောင်းနှင့် အ.မ.က ၅၇ ကျောင်းရှိပါကြောင်း၊ အဆိုပါကျောင်းများအနက် အ.လ.က (ခေါဘူဒဲ) ကျောင်းသည် ယခင်ဆောက်လုပ်ခဲ့သည့် ကျောင်းများဖြစ်ပြီး ပျဉ်ခင်း၊ ပျဉ်ကာဖြစ်သည့်အတွက် ရာသီဥတုကြောင့် စာသင်ဆောင်အချို့မှာ ပျက်စီးလျက်ရှိနေပါကြောင်း၊ အနီးအနားရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ကျောင်းသား/သူများ ပညာသင်ယူကြသည့် ကျောင်းလည်း ဖြစ်ပါကြောင်း၊ ယခုအခါ ကျောင်းသား/သူများပြားလာသည့်အတွက် လက်ရှိအသုံးပြုနေသည့် ကျောင်းဆောင်မှာ ကျောင်းသားအချိုးနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ အလားတူ အ.လ.က (ဒီးလာဝါဇီ) ကျောင်းမှာလည်း နီးစပ်ရာကျေးရွာပေါင်း ၁၅ ရွာကျော်မှ ကျောင်းသား/သူ ပညာသင်ယူနေကြသည့် ကျောင်းဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် အဆောင်မှာလည်း မိဘကျောင်းကော်မတီမှ တာဝန်ယူကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်ခြင်း၊ ပျဉ်ခင်းပျဉ်ကာဖြစ်ခြင်း၊ ရာသီဥတုဆိုးရွားခြင်းတို့ကြောင့် အန္တရာယ်ရှိအဆောင်များတွင် ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊
လက်ရှိအနေအထားအရ အဆိုပါ အ.လ.က ကျောင်း (၂) ကျောင်းတွင် တက်ရောက်ပညာသင် ကြားနေသည့် ကျောင်းသား/သူများအရေအတွက်နှင့် လက်ရှိအသုံးပြုနေသည့် ကျောင်းဆောင်မှာ မျှတမှုမရှိသည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် မိမိတို့က နီးကပ်ပြီးမှ၊ တစ်နေရာတည်းတွင် စုစည်းပြီး စာသင်နေသည့်အချိန်တွင် မလိုလားအပ်သည့် ကျန်းမာရေးပြဿနာလေးများ၊ ကူးစက်မှုများလည်း ရှိနေသည့်တွက် ကျောင်းသား/သူများ ပညာသင်ကြားရာတွင် အဆင်ပြေစွာပညာ သင်ကြားနိုင်ရန်အတွက် အ.လ.က (ခေါဘူဒဲ) နှင့် အ.လ.က (ဒီးလာဝါဇီ) ကျောင်းများတွင် အရေးတကြီး လိုအပ်သောကျောင်းဆောင် ၆ ခန်းတွဲ တစ်ထပ်ပျဉ်ကာ ပျဉ်ခင်းသွပ်မိုးအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ခေါင်လန်ဖူးမြို့နယ်အတွက် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ်သိန်းပေါင်း ၁၅၁၂ သိန်း ခွဲဝေပေးထားပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ခေါင်လန်ဖူးမြို့နယ်၊ ခေါဘူဒဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၁၂၀ ပေ ထ ၃၀ ပေ သွပ်မိုး၊ ပျဉ်ကာတစ်ထပ်ဆောင်၊ ၄၅ ပေ ထ ၂၄ ပေ သွပ်မိုး၊ ထရံ၊ ပျဉ်ကာတစ်ထပ်ဆောင် စုစုပေါင်းနှစ်ဆောင်ရှိပြီး ကျောင်းသား/သူဦးရေမှာ မူလတန်းအဆင့်တွင် ၄၁ ဦး၊ အလယ်တန်းအဆင့် တွင် ၃၃ ဦး စုစုပေါင်း ၇၄ ဦး ပညာသင်ကြားနေကြပါကြောင်း၊ ဒီးလာဝါဇီကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ၄၅ ပေ ထ ၂၈ ပေ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ်ဆောင်၊ သွပ်မိုး၊ ပျဉ်ကာ၊ ထရံတစ်ထပ်ဆောင် စုစုပေါင်း နှစ်ဆောင်ရှိပြီး ကျောင်းသား/သူ ဦးရေမှာ မူလတန်းအဆင့်တွင် ၅၂ ဦး၊ အလယ်တန်းအဆင့်တွင် ၇၆ ဦး စုစုပေါင်း ၁၂၈ ဦး ပညာသင်ကြားနေကြပါကြောင်း၊ မိမိတို့ ယခုလက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေခွဲဝေ ချထားမှုပြုရာတွင် ခေါင်လန်ဖူးမြို့နယ်အတွင်း ကျောင်းများကို ဦးစားပေးတန်းစီဇယားတွင် ခေါဘူဒဲကျေးရွာကျောင်း၊ ဒီးလာဝါဇီကျေးရွာ အခြေခံပညာအလယ် တန်းကျောင်းတို့အတွက် ရန်ပုံငွေလျာထားခဲ့ခြင်း မရှိပါကြောင်းနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားချက် ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာအာဏာပိုင်၊ ပညာရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျောင်းများကို ဦးစားပေးအစီအစဉ် ဆွဲသည့်အခါ ဦးစားပေးအစီအစဉ်အဖြစ် ပါရှိရေးဆောင်ရွက်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
