မေးခွန်း အကြောင်းအရာ
ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အကျဆုံးတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍများတွင် နောက်ကျကျန်နေသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပူတာအို၊ မဂွေစ၊ ငါ့လုံဒမ်နှင့် မြစ်ဝမ်ကောင်၊ ရီဒန်း၊ ထလားလော်နှင့် ခေါင်လန်ဖူးမြို့နယ်အထိ လမ်းအရှည်မိုင်ပေါင်း ၁၃၀ ကျော်ကွာဝေးပြီး ယခင်ခေတ်အဆက်ဆက်တွင် အဆိုပါလမ်းပေါ်၌ ကြားစခန်းများထားရှိပြီး အစောင့်များထားရှိကာ ခရီးသွားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသူ/သားများ အဆင်ပြေစွာသွားလာပြီး ညအိပ်ညနား တည်းခိုနေကြရပါကြောင်း၊ ယခုအခါ ပူတာအိုမှ မဂွေစ ထိုမှတစ်ဆင့် နောင်မွန်မြို့အထိ ကားများသွားလာနိုင်ပြီ ဖြစ်သည့်အတွက် ကြားစခန်းအစောင့်များ ထားရှိခြင်းမပြုခဲ့ပါကြောင်း၊ သို့သော် မဂွေစမှ ခေါင်လန်ဖူးလမ်းအတွင်း နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် ကြားစခန်းများအတွက် အစောင့်များထားရှိသည်မှာ ယနေ့အထိ ဖြစ်ပါကြောင်း၊ သို့သော် ရပ်ဘော- ငါ့လုံဒမ်-ခေါင်လန်ဖူးလမ်းအရှည် ၆၅ မိုင် ၄ ဖာလုံရှိပြီး ၎င်းလမ်းပေါ်တွင် ကြားစခန်းလေးခု ရှိပါကြောင်း၊ ၎င်း ကြားစခန်းလေးခုအနေဖြင့် မိုင်တိုင် (၂၆/ဝ) မိုင်တွင် ငါ့လုံဒမ်ကြားစခန်း၊ မိုင်တိုင်အမှတ် (၃၄၈/၄) မိုင်တွင် နုဝမ်ကောင်ကြားစခန်း၊ မိုင်တိုင်အမှတ် (၄၄/၄) တွင် ရီဒန်းကြားစခန်း၊ မိုင်တိုင်အမှတ် (၅၄/ဝ) မိုင်တွင် ထလားလော်ကြားစခန်းစသဖြင့် ကြားစခန်းလေးခု ရှိပါကြောင်း၊ မိုင်တိုင်အမှတ် (၂၆/ဝ) မိုင် ငါ့လုံဒမ်ကြားစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် အိုအားဖြီးဆိုသူသည် ကြားစခန်းစောင့်အဖြစ် ၁၂ နှစ်၊ မိုင်တိုင်အမှတ် (၃၈/၄) မိုင်တွင် နုဝမ်ကောင် ကြားစခန်းအတွက် တာဝန်ထမ်းဆောင်နေသည့် ဦးဟဲစာခီမှာ ကြားစခန်းစောင့်အဖြစ် နှစ်ပေါင်း ၃၀၊ မိုင်တိုင်အမှတ် (၄၄/၄) ရီဒန်းတွင် ကြားစခန်းစောင့်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးစတုတ္ထဇေက ကြားစခန်းစောင့်အဖြစ် ၂၈ နှစ်၊ မိုင်တိုင်အမှတ် (၅၄/ဝ) မိုင် ထလားလော်တွင် ဦးအားရော်က ကြားစခန်းစောင့်အဖြစ် ၁၈ နှစ် အသီးသီး တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သော်လည်း ယနေ့အချိန်အထိ အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးခြင်း မရှိဘဲ ယာယီနေ့စား အဖြစ်သာ ခန့်ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယာယီနေ့စားအဖြစ် ခန့်အပ်သည်ဆိုသော်လည်း တချို့လများတွင် လစာရရှိခြင်းမရှိပါကြောင်း၊ ကြားစခန်းစောင့်များသည် ဌာနအကျိုးပြု လုပ်ငန်းဆောင်ရွက်နေသည့်အတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ ရပိုင်ခွင့်များ မဆုံးရှုံးစေရန်အတွက် ဌာနမှဆောင်ရွက် ပေးရမည်ဖြစ်သော်လည်း ယနေ့အထိ ထိုက်သင့်သည့် ခံစားခွင့်မရှိသည့်အတွက် သင့်တော်သည့် ခံစားခွင့်ရရှိစေရန် အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးခြင်းနှင့် ဝန်ထမ်းလစာအတိုင်းပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရပ်ဘော့- ငါ့လုံဒမ်- ခေါင်လန်ဖူးလမ်းသည် အရှည် ၆၅ မိုင် ၄ ဖာလုံရှိပြီး ၎င်းလမ်းပေါ်တွင် ကြားစခန်းများအနေဖြင့် မိုင်တိုင်အမှတ် ၂၆ မှာ ငါ့လုံဒမ်စခန်း၊ မိုင်တိုင်အမှတ် ၃၈ မိုင် ၄ ဖာလုံတွင် နုဝမ်ကောင်စခန်း၊ မိုင်တိုင်အမှတ် ၄၄ မိုင် ၄ ဖာလုံတွင် ရီဒန်းစခန်းနှင့် မိုင်တိုင်အမှတ် ၅၄ မှာ ထလားလော်စခန်း စုစုပေါင်း လမ်းစခန်း ၄ ခုရှိပါကြောင်း၊ ၎င်းစခန်း ၄ ခုလုံးက လမ်းဖောက်လုပ်သည့် အင်ဂျင်နီယာများ၊ လမ်းလုပ်သားများ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန်အတွက် ထားရှိသည့် ယာယီစခန်း ၄ ခုသာ ဖြစ်ပါကြောင်း၊
ကချင်ပြည်နယ်သာမကဘဲ ကျန်တိုင်းဒေသကြီး/ပြည်နယ်ရှိ လမ်းများအားလုံးတွင် လမ်းစခန်းများ ရှိပါကြောင်း၊ ၎င်းလမ်းစခန်းများ လမ်းဖောက်လုပ်သည့် အချိန်တွင် လမ်းလုပ်သားများ၏ ပစ္စည်များ ဖြစ်သည့် တောင်း၊ ဝါး၊ ပေါက်တူး၊ ပေါက်ချွန်းများ၊ ကတ္တရာပုံးများ စသဖြင့် ၎င်းပစ္စည်းများကို ယာယီသိမ်းဆည်းထားသည့် စခန်းများဖြစ်ပြီး ၎င်း လမ်းလုပ်ငန်းများပြီးသွားလျှင် မိမိတို့ အစောင့်များ ထားရှိမည်မဟုတ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အလားတူ မိုးတွင်းကာလတွင် မြေပြိုနိုင်သည့် နေရာတွင် အစောင့်များ ထားရှိရပါကြောင်း၊ ၎င်းတို့အားလုံးသည် ယာယီစခန်းများသာ ဖြစ်ပါကြောင်း၊ လမ်းလုပ်ငန်းခွင် ကြားစခန်းများသည် ယာယီစခန်းများသာဖြစ်ပြီး အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် ဖွဲ့စည်းပုံပါဝင်ခြင်း မရှိပါသဖြင့် လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး ယာယီနေ့စားဝန်ထမ်းအဖြစ်သာ ခန့်ထားဆောင်ရွက် လျက်ရှိပြီး အဆိုပါ ကြားစခန်းအစောင့်များအား အမြဲတမ်းဝန်ထမ်းခန့်ထားပေးရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအာမိုးဆီ (ခေါင်လန်ဖူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သို့သော် တချို့ကြားစခန်းအစောင့်များက မိမိတို့မကြာခင် ပင်စင်ရတော့မည် ဟုပြောကြားပါကြောင်း၊ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး ယာယီနေ့စားနှင့် ခန့်ထားပေးသည်ဆိုသည်မှာ ဌာနများတွင် တွေ့ရှိခြင်းမရှိပါကြောင်း၊ ထို့ကြောင့် နေ့စားဖြင့် ခန့်မည်ဆိုပါက စခန့်ကတည်းက ကာယကံရှင်များ သိရှိခြင်းရှိ/မရှိ ကာယကံရှင်များ ကျေနပ်ခြင်းရှိ/မရှိ စသည့် သူတို့၏ အခွင့်အရေးများ မဆုံးရှုံးစေရန် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီစဉ်ဆောင်ရွက် ပေးမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ကချင်ပြည်နယ်သာမက ချင်းပြည်နယ်တွင် မြေပြိုနိုင်သည့် နေရာများကို ပိုပြီးဂရုစိုက်ရပါကြောင်း၊ မြေပြိုလျှင် ချက်ချင်းသတင်းပို့ပါ စသဖြင့် ၎င်းကိစ္စမျိုးတွင် မိမိတို့က လစာပေးထားရပါကြောင်း၊ လစာဆိုသည်မှာ နေ့စားလစာဖြစ်ပါကြောင်း၊ မိုးတွင်းကာလကုန်သွားလျှင် သူတို့၏တာဝန် မရှိတော့ပါကြောင်း၊ အလားတူ ရေကျော်နိုင်သည့် နေရာများကိုလည်း စောင့်ကြည့်ရန် ဒေသခံများကို ကျွန်တော်တို့က တာဝန်ပေးရပါကြောင်း၊ ယခုလို ယာယီစခန်းများသည် တစ်နိုင်ငံလုံးအနှံ့ ရှိသည့်အတွက် ယာယီအဖြစ်သာ အသုံးပြုခြင်းဖြစ်သည့်အတွက် လောလောဆယ် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
