မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံတွင် တရားဥပဒေ၏ အပြစ်ပေးခြင်းကိုခံယူရန်အတွက် အချုပ်ခန်းများတွင် တရားခံများကို ဖမ်းဆီးချုပ်နှောင်ထားလေ့ရှိပါကြောင်း၊ ထိုသို့ိုဖမ်းဆီးခံရသော တရားခံများသည် ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူသည့်အခါ တရားခံများအတွက် ဆေးရုံ၊ဆေးခန်းများတွင် သီးခြားအခန်းများမရှိသည့် အတွက် ခြေထိပ်၊ လက်ထိပ် လုံခြုံရေးအပြည့်အဝဖြင့် ဆေးကုသမှုခံယူရသောကြောင့် ကုသရသောဆရာ၊ ဆရာမများနှင့် အခြားလူနာများအတွက် စိတ်မချမ်းမြေ့စရာ၊ စိတ်မသက်သာစရာ၊ စိတ်အနှောင့်အယှက် များဖြစ်ပေါ်ရခြင်း၊ လုံခြုံရေးအနေဖြင့် ရဲအင်အားများဖြင့် စောင့်ရှောက်ရခြင်း၊ အခန့်မသင့်လျှင် တရားခံများထွက်ပြေး တိမ်းရှောင်ခြင်းများ ဖြစ်ပေါ်သည်ကို တွေ့ရှိရပါကြောင်း၊
ဥပမာ မိမိတို့ မကွေးတိုင်းဒေသကြီးတွင် ခရိုင် ၅ ခု၊ မြို့နယ် ၂၅ မြို့နယ်ရှိသည့်အနက် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံတစ်ခုတည်းတွင်သာ ဆေးရုံအချုပ်ခန်းရှိပြီး ကျန် ၂၄ မြို့နယ်တွင် ဆေးရုံအချုပ်များ လုံးဝမရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်မြို့နယ်များအလိုက် အချုပ် တရားခံများ ဆေးကုသမှုခံယူသော စာရင်းတွင် ကျား ၉၄ ဦး၊ မ ၂၆ ဦး စုစုပေါင်း ၁၂၀ ဦး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူပါကြောင်း၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂၈ (ဃ) တွင် နိုင်ငံတော်သည် ပြည်သူများ၏ပညာရေးနှင့် ကျန်းမာရေးတိုးတက်စေရန်အတွက် အလေးထား ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ အခန်း(၈) ပုဒ်မ ၃၆၇ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်သော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်ဟု လည်းကောင်းပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးပြည်သူ့ဆေးရုံ၊ ခရိုင်ပြည်သူ့ဆေးရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင် အချုပ်တရားခံများ ဆေးကုသရန်အတွက် သီးခြားအခန်းများ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသော အချုပ်အကျဉ်းသားအဆောင်၊ လူနာဆောင် Gear Wart အခြေအနေအား ဆန်းစစ်ကာ လိုအပ်ချက်များအတွက် ဗဟိုအဆင့်ဆေးရုံများ၊ တိုင်းနှင့်ပြည်နယ်အဆင့် ဆေးရုံများနှင့် နေပြည်တော်ကုသရေးဦးစီးဌာနမှူးတို့ထံ ဆေးရုံများ၏လက်ရှိအခြေအနေ Gear Wart နှင့် ပတ်သက်ပြီး တင်ပြရန် ၅/၅-၂၇-၂၀၁၇ ခုနှစ် ရက်စွဲပါ စာအမှတ်၊ ကုသရေး (QOC) ၂၀၁၇ ခုနှစ် ၆/၆-၅ ဖြင့် အကြောင်းကြားကာ ကနဦးလေ့လာဆန်းစစ်မှုပြုလုပ်ခဲ့ပြီး အရေးကြီးလိုအပ်လျက်ရှိသော ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနလက်အောက်ရှိ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲများရှိ ပြည်သူ့ဆေးရုံများတွင် အချုပ်အကျဉ်းသားဆောင် Gear Wart သီးသန့်ဆောက်လုပ်ပေးရန် ခရိုင်အင်ဂျင်နီယာများဖြင့် တွက်ချက်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကုသရေးဦးစီးဌာနအနေဖြင့် အကျဉ်းထောင်ရှိသည့်မြို့များရှိ ပြည်သူ့ဆေးရုံများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အချုပ်အကျဉ်းသားလူနာဆောင် ပြုပြင်မွမ်းမံရန် လိုအပ်သည့် ဗဟိုအဆင့် အကျဉ်းထောင်များဖြစ်သော အင်းစိန်အကျဉ်းထောင်ကြီး၊ မန္တလေးအကျဉ်းထောင်ကြီးနှင့် သာယာဝတီထောင်တို့ရှိ အချုပ်အကျဉ်းသားလူနာများ လွှဲပြောင်းလက်ခံရာ ဆေးရုံကြီးများတွင် အချုပ် အကျဉ်းသားလူနာဆောင် သီးခြားရှိပြီးဖြစ်သည့်အတွက် လိုအပ်ချက်ပေါ်မူတည်၍ ပြုပြင်မွမ်းမံရန် ယခုဘဏ္ဍာနှစ် ၂၀၁၇-၁၈ အတွင်း ကုသရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေမှ ပြင်ဆင်ကျခံသုံးစွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ က-အဆင့်ရှိ အကျဉ်းထောင်များရှိရာ မြို့ကြီးများရှိဆေးရုံများအနက် အချုပ်အကျဉ်းသားလူနာဆောင် Gear Wart သီးခြားရှိပြီးဖြစ်သော လွှဲပြောင်းလက်ခံသည့် ဆေးရုံကြီး ၁၃ ရုံအား ယခုဘဏ္ဍာနှစ် ၂၀၁၇-၁၈ အတွင်း ခွင့်ပြုရန်ပုံငွေ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်မှ ကျခံသုံးစွဲပြီး ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
မကွေးတိုင်းဒေသကြီးတွင် ခုတင် (၁၀၀) ရှိသည့် သရက်မြို့၌ Gear Wart ရှိသော်လည်း ခုတင်(၂၀၀)ရှိသည့် ပခုက္ကူမြို့တွင် Gear Wart မရှိပါကြောင်း၊ အချုပ်၊အကျဉ်းသား လူနာဆောင်သီးခြားမရှိသည့် က-အဆင့်အကျဉ်းထောင်များတည်ရှိရာ မြို့ကြီးများရှိ ကျန်ဆေးရုံများအား လူနာလွှဲပြောင်းလက်ခံရန် အဆောင်သစ် ဆောက်လုပ်နိုင်ရေးကို လာမည့်ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက် စီမံကိန်းများချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
