မေးခွန်း အကြောင်းအရာ
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားသည့် မိန့်ခွန်းတွင် တိုင်းရင်းဆေးပညာလောက ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည့်အတွက် တိုင်းရင်းဆေးလောက တိုးတက်လာမည်ကို ဝမ်းသာကြိုဆိုပါကြောင်း၊ သင့်တော်သော နည်းဗျူဟာများကိုသုံးပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေး နယ်ပယ်ကိုလည်း ပိုမိုထောက်ပံ့ပေးပြီး အဆင့်မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည့်အတွက် ခရိုင်မြို့ဖြစ်သော ပြင်ဦးလွင်ကို တိုင်းရင်း ဆေးဌာန ခရိုင်အဆင့်တိုးမြှင့်လျက် တိုင်းရင်းဆေးတိုးတက် ပြန့်ပွားစေရန် ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ယခုအခြေအနေတွင် ပြင်ဦးလွင်ရှိ တိုင်းရင်းဆေးဌာနသည် မြို့နယ်အဆင့်သာ ရှိနေ သေးပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သုံးကြသည့် ဖြည့်စွက်ဆေးဝါးအများ အပြားသည် သဘာဝ တိုင်းရင်းဆေးများကို အခြေခံထားခြင်းဖြစ်သည့်အတွက် ပြင်ဦးလွင်ခရိုင် အဆင့်မြင့် တိုင်းရင်းဆေး ဌာနရှိပါကAlternative Medicine အနေဖြင့်ဒေသခံပြည်သူများအတွက် ဆေးကုရခြင်း ပိုကောင်း မည်ဟု ယူဆပါကြောင်း၊ ပြင်ဦးလွင်မြို့သည် တိုင်းရင်းဆေးဌာနအတွက် ၃.၈ ဧကရှိသည့် မြေနေရာကိုလည်း စီစဉ်ထားပါကြောင်း၊ ခရိုင်ဦးစီးဌာနအနေဖြင့် အသုံးပြုနိုသည့်အပြင် သဘာဝ ပရဆေးဥယျာဉ်အဖြစ်လည်း ဆေးဘက်ဝင်အပင်များကို စိုက်ပျိုး တိုးချဲ့ ဆောင်ရွက်နိုင် ပါကြောင်း၊
ပြည်ထောင်စုဝန်ကြီးအနေဖြင့် တိုင်းရင်းဆေးဝါးနှင့်ပတ်သက်သည့် အခြေခံသုတေသန၊ ဆေးကုသမှုဆိုင်ရာ သုတေသနများ ဆောင်ရွက်ရန် ပံ့ပိုးသွားမည်ဆိုသည်ကိုလည်း သိရသည့်အတွက် ပြင်ဦးလွင်မြို့တွင် တိုင်းရင်းဆေးကဏ္ဍအဆင့် တိုးမြှင့်စေလိုပါကြောင်း၊ တိုင်းရင်းဆေးဝါးများကို ပြည်သူများ စိတ်ချ ဘေးကင်းစွာ သုံးစွဲနိုင်ရန်လည်း အရေးပါသည့် သုတေသနဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့သည် တိုးတက်မြင့်မားပြန့်ပွားစေရန် ဆောင်ရွက်နိုင်သည့်အတွက် မိမိတို့မြန်မာနိုင်ငံတွင်လည်း မြန်မာ့တိုင်းရင်းဆေးကို ပြည်သူ့ဆေးရုံကြီးနှင့် တွဲဖက်ပြီး ဆောင်ရွက်မည်ဆိုပါက ပြည်သူများသည်လည်း တိုင်းရင်းဆေးကို ယုံယုံကြည်ကြည် အားကိုးလာမည်ဟု ယုံကြည်မိပါကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့သည် ခရိုင်မြို့ဖြစ်သော်လည်း ခရိုင်တိုင်းရင်းဆေးဦးစီးဌာနအဆင့် မရှိသေးသည့်အတွက် ခရိုင်အဆင့်တိုးမြှင့်လျက် တိုင်းရင်းဆေး ကဏ္ဍတိုးတက်ပြန့်ပွားရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံရှိပါကြောင်း၊ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသုံးခုကိုလည်း တည်ဆောက်ဖွင့်လှစ်သွားရန် အစီအစဉ်လည်းရှိပါကြောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ ညောင်ဦးနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှစ်ရုံအတွက် ပျော်ဘွယ်၊ မိုးကုတ် တို့တွင် ဖွဲ့စည်းပုံရရှိရေးကို ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ခြောက်ခုဖြစ်သည့် မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေး၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ညောင်ဦးတို့ တွင် ခရိုင်တိုင်းရင်းဆေးဦးစီးဌာနအဖြစ်ရှိပြီး မေမြို့တွင်မရှိသေးပါကြောင်း၊ တိုင်းရင်းဆေးလောက တိုးတက်ရန်အတွက် Technical Advisory Group On Traditional Medicine ဆိုပြီးမကြာခင်က ဖွဲ့စည်းထားပါကြောင်း၊ ၎င်း အဖွဲ့တွင်ပါဝင်သည့် မြန်မာတိုင်းရင်းဆေးဆရာကြီးအသင်းများက ပုဂ္ဂိုလ်ကြီးများ၊ တိုင်းရင်းဆေးသမားတော်ကြီး စီနီယာများ၊ တိုင်းရင်းဆေးကောင်စီကပုဂ္ဂိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ပင်စင်ယူသွားသည့် တိုင်းရင်းဆေးပါမောက္ခ ဆရာကြီးများ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အနေဖြင့် တိုင်းရင်းဆေးကို သုတေသနမပါရှိဘဲ တိုင်းရင်းဆေးက နောက်နှစ် ၁၀၀၀ တိုင် ပြုလုပ်မည်ဆိုပါကလည်း မတိုးတက်နိုင်ပါကြောင်း၊ Technical Advisory Group On Traditional Medicine အဖွဲ့အစည်းကို ဖွဲ့စည်းပါကြောင်း၊ မြေ ၃.၈ ဧကကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ (၅/၂၀၁၇) အစည်းအဝေးတွင် အတည်ပြုပြီးဖြစ်ပါကြောင်း၊ ၎င်း မြေရရှိလျှင် နှစ်တို၊ နှစ်ရှည်ပင် စိုက်ပျိုးရရှိမည်ဖြစ်ပါကြောင်း၊ နှစ်ရှည်ပင်၊ နှစ်တိုပင်စိုက်ရခြင်းမှာ စိုက်ပျိုးပင်များကို ပျိုးထိန်းသည့်အပြင် ရန်ကုန်တွင် တိုင်းရင်းဆေးစက်ရုံတစ်ရုံ၊ မန္တလေးတွင် တိုင်းရင်းဆေးစက်ရုံ တစ်ရုံ ရှိပါကြောင်း၊ မန္တလေး တိုင်းရင်းဆေးစက်ရုံကို Latest Technology ဖြင့် ဆောက်လုပ်နေသည်မှာ ပြီးစီးလုနီးပါး ဖြစ်နေပါကြောင်း၊ ၎င်းတွင်ရှိသည့် ကုန်ကြမ်းများကိုလည်း ရရှိမည်ဖြစ်သည့်အတွက် ယင်းမြေဧရိယာကို ပုဂ္ဂလိကကော်မရှင်က မိမိတို့ကို ပြင်ဦးလွင်မှ ၁၂ မိုင်၊ မန္တလေးမှ မိုင် ၃၀ အကွာရှိ ၃.၈ ဧကကိုပေးပါကြောင်း၊ ၎င်းမြေဧရိယာတွင် ခရိုင်ရုံးဖွင့်လှစ်မည်ဆိုပါက ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်များရှိ မြို့နယ်တိုင်းရင်းဆေးကုသများကို ထိရောက်စွာကူညီပံ့ပိုးနိုင်မည် ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်တွင် မှီတင်းနေထိုင်သော ကျေးရွာ ၂၅ ရွာ၊ လူဦးရေ ၅၀၀၀၀ ကျော်၊ အစိုးရဌာနများနှင့် တက္ကသိုလ်များရှိခြင်းတို့ကြောင့် အဆိုပါ လူဦးရေ အတွက် တိုင်းရင်းဆေးကုသရေးလုပ်ငန်းကိုလည်း မိမိတို့ ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု ထင်ပါကြောင်း၊ ထို့ကြောင့် လာမည့် တစ်ပတ်ခန့်အတွင်း မြေရရှိသည်နှင့် ခရိုင်ရုံးဖွဲ့စည်းပုံရရှိရေးကို ယခု၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ထမ်းအိမ်ရာခြောက်ခန်းတွဲ နှစ်ထပ်ဆောက်လုပ်ရေးအတွက်ကိုလည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းတောင်းခံသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
